မြ (စံကားဝါမြေ)
မြ ဒီနေ့မှာတော့ "Confidenceဆိုတာ ဘာကို ဆိုလိုတာလဲ? Confidenceက ဘယ်လောက်ထိ အရေးပါသလဲ? မိမိကိုယ်ကို ယုံကြည်မှုရှိရင် ဘယ်လို အကျိုးကျေးဇူးတွေ ရရှိနိုင်မလဲ?" မိမိကိုယ်ကို ယုံကြည်မှုရှိခြင်းကြောင့် အောင်မြင်သွားကြပုံတွေကို သီကုံးရေးဖွဲ့သွားမှာပါရှင်။
Confidenceဆိုတာ အခုဆောက်ပြီး အခုချက်ချင်းရနိုင်တဲ့ အရာတစ်ခု မဟုတ်ပါဘူး။ သေးသေးမွှားမွှားလေးတွေကို စတင်ပြီး လုပ်ရဲကိုင်ရဲ၊ ကြည့်ရဲရှုရဲရာကနေ ကြီးမားတဲ့အရာတွေကို လုပ်လာနိုင်တာပါ။ သေးငယ်တဲ့အရာတွေကိုတောင် မလုပ်နိုင်ရင် ကြီးမားတဲ့အရာတွေကို လုပ်နိုင်ဖို့ဆိုတာ အတော်လေးကို ခက်ခဲပါလိမ့်မယ်ရှင်။ ဒါ့ကြောင့် သေးငယ်တဲ့အရာတွေကို လုပ်ရင်းကနေ Confidence ရှိအောင် မြနဲ့တူတူ စတင်ပြီး ကြိုးစားလိုက်ကြရအောင်။
လူတစ်ယောက်မှာ စိတ်ခံစားချက်ရှိသလို ယုံကြည်မှုဆိုတာကလည်း အလွန်ကို အရေးပါ အရာရောက်ပါတယ်။ မိမိကိုယ်ကို ယုံကြည်မှု ပျောက်ဆုံးနေသူတစ်ဦးက ဘာပဲလုပ်လုပ် အဆင်မပြေနိုင်ပါဘူး။ အဓိက,ကတော့ ယုံကြည်မှုမရှိတာက ကိုယ်လုပ်လိုက်တဲ့ အလုပ်တစ်ခုက မှားယွင်းသွားမှာကို ကြောက်ကြတဲ့ ကြောက်ရွံ့စိတ်တစ်မျိုးပါပဲ။
လူတိုင်းမှာ "ဟီရိ၊ ဩတ္တပ္ပ"ဆိုတဲ့ အရှက်၊ အကြောက်တရားက ကိုယ်စီရှိကြတာ မှန်ပါတယ်။ သို့သော် အကြောက်တရား လွန်ကဲနေရင်တော့ အောင်မြင်မှုတွေက ဝေးကွာသွားမှာပါ။ တကယ်တော့ စာဖတ်သူလေး အလိုရှိတဲ့ အရာအားလုံးက အကြောက်တရားရဲ့ အခြားတစ်ဖက်မှာ တည်ရှိနေပါတယ်။
နောက်ထပ် စကားလေးတစ်ခွန်းနဲ့ ဥပမာ ပေးရမယ်ဆိုရင် "မမှားရဲသရွေ့ မှန်ဖို့က နီးစပ်မှာ မဟုတ်ပါဘူး" ဆိုတဲ့ စကားလေးပါ။ မြတို့က အမှားတစ်ခုခုကို ကျူးလွန်မိသွားရင် အဲဒီအမှားကို သင်ခန်းစာယူပြီး နောက်တူညီတဲ့ အမှားမျိုး ထပ်မဖြစ်ရလေအောင် ဒီလမ်းမှာကို ရှောင်ကြဉ် ကွေ့ပတ်ပြီး လျှောက်လှမ်းကြမှ လမ်းမှန်က ရောင်စဉ်အလင်းတန်းကို မြင်တွေ့နိုင်မှာပါရှင်။
မြ "Confidence(မိမိကိုယ်ကို ယုံကြည်မှုရှိခြင်း)"နဲ့ ပတ်သက်ပြီး English Speakingလေ့လာတဲ့အပိုင်းလေးကို စံနမူအနေနဲ့ ရေးသားသွားပါမယ်ရှင်။
မြတို့က မြန်မာနိုင်ငံမှာ နေတဲ့ ဗမာလူမျိုးတွေဖြစ်ကြတယ်၊ မြတို့ရဲ့ မိခင်ဘာသာစကားက ဗမာဘာသာစကားဖြစ်ပါတယ်။ ဒါက လူတိုင်းသိပြီးသားပါ။ ဒါပေမဲ့ မြ ဘာကြောင့် ထည့်ပြောနေသလဲဆိုရင် မြတို့ရဲ့ မိခင်ဘာသာစကား မဟုတ်တဲ့ နိုင်ငံခြားဘာသာစကားတစ်ခုခုကို လေ့လာသင်ယူကြမယ်ဆိုရင် "ငါ မှားသွားသွားရင် ဘယ်လိုလုပ်မလဲ? ဘယ်သူတွေက ငါ့ကို လှောင်ရယ်ကြမလဲ? ငါ အသံထွက် အမှားကြီး လျှောက်ဆိုနေမိပြီလား?" အစရှိတဲ့ အတွေးတွေက မိမိကိုယ်ကို ယုံကြည်မှု လျော့ကျစေပြီး စာဖတ်သူလေးရဲ့ လေ့လာသင်ယူမှုမှာ မတိုးတက်ဖို့ တားမြစ်နေကြတာပါ။
စာဖတ်သူလေးက Speakingပိုင်းမှာ အားနည်းတယ်၊ မပြောရဲဘူး၊ မှားမှာကြောက်တယ် စတဲ့စတဲ့ ဆင်ခြေတွေက်ု ပြန်တွေးကြည့်ပါ။ ဘာမှမပြောရဲစရာ အကြောင်းမရှိပါဘူး။ ကိုယ့်ရဲ့ မိခင်ဘာသာစကားမှ မဟုတ်တာ နိုင်ငံခြားဘာသာစကားတစ်ခုခုကို စစပြောချင်းမှာ မှန်အောင်ပြောနိုင်ဖို့ဆိုတာ ဖြစ်မှမဖြစ်နိုင်တာ၊ အတော်လေးကို ခက်ခဲတာပေါ့ရှင်။ ဒီလိုပဲ အင်္ဂလိပ်လူမျိုး၊ တရုတ်လူမျိုး၊ ဂျပန်လူမျိုးတွေက မြန်မာစကားကို လေ့လာသင်ယူရင်ရော သူတို့ ပထမဆုံးစပြောချိန်မှာ မှန်မှန်ကန်ကန် ပြောနိုင်မယ်လို့ ထင်ပါသလား။ ဘယ်သူမဆို မပြောနိုင်ကြပါဘူးရှင်။
တချို့က စပြောရမှာကို ယုံကြည်မှု မရှိကြဘူး။ မှန်မှစပြောမယ်ဆိုပြီး ဆင်ခြေတွေသာ အကြိမ်ကြိမ်ပေးနေကြပါတယ်။ ဆိုပါတော့ Mathematics, Chemistry, Physics ဘာသာရပ်တွေမှာ Theory, Formula, Equation တွေပဲ သင်ပြီး လက်တွေချမတွက်ကြည့်ဘူးဆိုရင် (လုံးဝ) တွက်တတ်မှာ မဟုတ်ပါဘူးရှင်။
ဘဝမှာ စာဖတ်သူလေးတို့ မလုပ်နိုင်ဘူးလို့ ထင်နေတဲ့အရာတွေက တကယ်တမ်း စိတ်ပါလက်ပါသာ လုပ်လိုက်ရင် ဘာမှ ခက်ခဲတဲ့အရာတွေ မဟုတ်ပါဘူးရှင်။ အဲဒီလို လုပ်ဖို့အတွက် စာဖတ်သူလေးမှာ Confidenceလို့ခေါ်တဲ့ မိမိကိုယ်ကို ယုံကြည်မှုရှိဖို့ပဲ လိုတာပါ။ တစ်ကြမ်တစ်ခါ စလုပ်မိသွားရင် နောက်ပိုင်းမှာ မခက်ခဲတော့ပါဘူးရှင်။
မြ Confidence(မိမိကိုယ်ကို ယုံကြည်မှုရှိခြင်း) နဲ့ ပတ်သက်ပြီးတော့ ကြားဖူးနားဝ စာချိုးလေးတစ်ခုကို သတိရလာတဲ့အတွက် စာဖတ်သူလေးတွေ သိရှိလေ့လာနိုင်ဖို့ရာ ထည့်သွင်းမျှဝေပေးလိုက်ရပါတယ်ရှင်။ အဲဒီစာချိုးလေးကတော့....
"Confidence is key. If you don't believe in yourself, then nobody will.
(ကိုယ့်ကိုကိုယ် ယုံကြည်ခြင်းက အရေးကြီးဆုံးအရာဖြစ်ပါတယ်။ မိမိကိုယ်ကိုမှ မယုံကြည်ရင် ဘယ်သူကမှ သင့်ကို ယုံကြည်မှာ မဟုတ်ပါဘူး။)" ဆိုတဲ့ စာသားလေးပါ။
ဒီစာထဲမှာ ပြောထားသလိုပဲ မြရဲ့ စာဖတ်သူလေးတွေလည်း မိမိကိုယ်ကို ယုံကြည်မှု တည်ဆောက်နိုင်ကြပြီး "Confidence Level is So High" နေတဲ့ စာဖတ်သူလေးများ ဖြစ်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်ရှင်။
စာဖတ်သူများအားလုံးကို ချစ်ခင်လေးစား ကျေးဇူးတင်လျက်.....
✍️ မြ (စံကားဝါမြေ)
#SarPhat
#Mya_Kyaukpadaung
18.9.2024(Wednesday)
Keep Reading