Swoon by Me
ကျနော် ငယ်ငယ်တုန်းက အဖွားကို ကြည့်ပြီး စဥ်းစားဖူးတယ်။
အဖွားက ဘာလို့ အမြဲလိုလိုပဲ လုပ်စရာတွေကို လိုက်ရှာနေသလဲပေါ့။ သူက ကြာကြာငြိမ်ပြီး သိပ်မနေဘူး။ လုပ်စရာ၊ သိမ်းစရာတစ်ခုခု အမြဲရှာတယ်။ မြက်နုတ်တာကအစ ပစ္စည်းတွေ သိမ်းတာအထိ သူ နိုင်တာလေးတွေကို လုပ်တယ်။
ကျနော် နားမလည်ခဲ့ဘူး။ ကလေး လူငယ်ဆိုတော့ ဆော့ကစားချင်တယ်လေ။ ဒါမှမဟုတ် နားနားနေနေ နေချင်တယ်လေ။ ဒါပေမယ့် အဖွားက အလုပ်လုပ်တာ မြင်ရတော့ မကူရင်လည်း မကောင်းဆိုတော့ သွားကူရတယ်။ ကျနော် စိတ်တိုချင်ခဲ့တဲ့ အချိန်တွေလည်း ရှိခဲ့မယ်ထင်တယ်။ ဘာမှ ထွေထွေထူးထူး လုပ်စရာမရှိရင်လည်း ဘာမှမလုပ်ဘဲ အေးဆေး အနားယူလိုက်ပေါ့။ အဲလိုမျိုး စဥ်းစားခဲ့ဖူးတယ်။
တကယ်တော့ ကျနော့်အဖွားက ဟိုးအရင်ကတည်းက အလုပ်ကြိုးစားတဲ့ သူ။ ယောကျာ်းတွေနဲ့ ရင်ဘောင်တန်းပြီး အလုပ်လုပ်နိုင်တယ်။ ကျနော့်ရဲ့ အဖိုးက စောစော ဆုံးပါးသွားကတည်းက ကျနော့်အဖေတို့ ညီအစ်ကိုသုံးယောက်ကို သူပဲ ပြုစုပျိုးထောင်ခဲ့တာ။ အဲဒါ ကျနော့်အဖွားပေါ့။
နောက်တစ်ယောက်က ကျနော့်ပါမောက္ခတစ်ဦးပါ။ သူက အခုချိန်မှာ အငြိမ်းစားယူပြီးပြီ။ ဒါပေမဲ့ သူ ကျနော်ကို ပြောဖူးတယ်။ သူ အငြိမ်းစားယူပြီးရင်လည်း စာ ဆက်သင်မယ်တဲ့။ တက္ကသိုလ်က သူ့ကို ခန့်အပ်သေးသရွေ့ အလုပ်ဆက်လုပ်ချင်တယ်လို့ သူက ပြောတယ်။
တကယ်ဆို သူ့ရဲ့ သားသမီးတွေ၊ မြေးတွေက သူ့ကို ကောင်းကောင်းမွန်မွန် ထောက်ပံ့နိုင်တယ်။ သူသာ ဆန္ဒရှိရင် ဘာမှ မလုပ်ဘဲနေရင်တောင် စားစရာ၊ သုံးစရာ ဘာမှ စိတ်ပူစရာ မလိုဘူး။ ဒါပေမယ့် သူ ဘာကြောင့် အလုပ် ဆက်လုပ်ချင်နေသလဲ မေးတော့ ...
သူ အလုပ်မလုပ်ဘူးဆိုရင် အိုစာသွားမှာပေါ့တဲ့။ သူ အလုပ်လုပ်တဲ့အခါ တက်ကြွတယ်။ လန်းဆန်းတယ်လို့ ခံစားတယ်။ ပြီးတော့ သူ့ကိုယ်သူ အသုံးဝင်တယ်လို့ ခံစားရတယ်တဲ့။ လူငယ်တွေကြားမှာ နေတော့ ကိုယ်လည်း နုပျိုးနေတုန်းဖြစ်သလို အင်နာဂျီမျိုးကို ရတယ်တဲ့။ အဲ့တော့မှ ဟိုးအရင်တုန်းက ကျနော့်အဖွားက ဘာလုပ် အလုပ်လုပ်ဖို့ တခုခု အမြဲ လိုက်ရှာနေသလဲဆိုတာ သဘောပေါက်လာခဲ့တယ်။
ကမ္ဘာပေါ်မှာ blue zone လို့ ခေါ်တဲ့ လူ့သက်တမ်းအရှည်ဆုံးနှင့် အကျန်းမာဆုံးဒေသမှာ နေထိုင်တဲ့ လူကြီးတွေကို သုတေသီတချို့က မေးကြတဲ့အခါ သူတို့ပြောတဲ့ အသက်ရှည်ခြင်း၊ ပျော်ရွှင်ခြင်း လျှို့ဝှက်ချက်တွေထဲက တစ်ခုကတော့ Stay active ပါတဲ့။ Stay active. Do not retire ဆိုပြီး အကြံပေးကြတယ်။
ဟုတ်ပါတယ်။ လူဆိုတာ active တက်ကြွနေမှ အသက်ရှင်တယ်လို့ ပိုပြီး ခံစားကြရတယ်။ အဲတော့ အသက်ရှည်ပြီး ကျန်းမာ ပျော်ရွှင်ချင်တယ်ဆိုရင် အိပ်ရာပေါ်မှာပဲ အိပ်ပြီး မနေပါနဲ့။ ဆိုဖာပေါ်မှာပဲ ထိုင်၊ ဖုန်းပွတ်ပြီးပဲ အချိန်မဖြုန်းပါနဲ့။ ကိုယ်လက်အသုံးပြုပြီး လုပ်လို့ ရတဲ့ အလုပ်တခုခုကို ရှာပါ။ အိမ်တွင်းသန့်ရှင်းရေးလုပ်တာ၊ အဝတ်အစားတွေ ခေါက်သိမ်းတာ၊ မိမိ ကြိုက်နှစ်သက်တဲ့ ဟင်းလျာကို ချက်ပြုတ်တာတွေဟာ therapeutic ဖြစ်နိုင်တယ်။ လူရော စိတ်ရော လန်းဆန်းလာစေနိုင်တယ်။ ဒါက ဘာကြောင့်လဲဆိုတော့ အလုပ်လုပ်တဲ့အခါ ခန္ဓာကိုယ်က တက်ကြွားလှုပ်ရှားလာတယ်။ ခန္ဓာကိုယ်က တက်ကြွလှုပ်ရှားတဲ့အခါ စိတ်ကလည်း တက်ကြွလာတယ်။ Active body, active mind ဖြစ်တယ်ပေါ့။
လူတွေဟာ ခန္ဓာကိုယ်ကလည်း တက်ကြွတယ်၊ စိတ်ကလည်း တက်ကြွတယ်ဆိုရင် ကိုယ်နှင့်စိတ် balanced ဖြစ်သွားပြီး ကျန်းမာ ပျော်ရွှင်မှု အကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်။
✍️
Swoon By Me
Image credits: Shutterstock/cropped
Keep Reading