Swal Nyoe
အာရုံကြောအားနည်းတဲ့ရောဂါက အာရုံကြောတွေပျက်စီးမှုကြောင့်ဖြစ်တဲ့ ရောဂါတစ်ခုပဲဖြစ်ပါတယ်။ ရောဂါလက္ခဏာတွေကတော့ လက်တွေ ခြေထောက်တွေ လှုပ်ရှားမှု အားနည်းတာ၊ အပ်နဲ့ထိုးသလို စူး ကနဲ ပူ ကနဲ ဖြစ်တာ၊ ထုံကျင်တာ၊ အထိမခံ ဖြစ်နိုင်တာ အစရှိတဲ့လက္ခဏာတွေပဲဖြစ်ပါတယ်။ တချို့သူတွေမှာ ချွေးထွက်မမှန်တာ၊ အထိုင်အထ မိုက် ကနဲဖြစ်တာ၊ ဆီးဝမ်းနဲ့အစာခြေဆိုင်ရာပြဿနာ၊ ယောင်္ကျားများ စွမ်းဆောင်ရည် အားနည်းခြင်းတို့ဖြစ်နိုင်ပါတယ်။
နောက်ဆက်တွဲအနေနဲ့ ထုံကျင်နေတာကြောင့် အရေပြားထိခိုက်လွယ်တာ၊ အပူလောင်လွယ်တာ၊ ထိခိုက်ရှနာဖြစ်လွယ်တာ၊ ပိုးဝင်လွယ်တာ၊ ဟန်ချက်မညီပဲ ချော်လဲတာတွေဖြစ်နိုင်ပါတယ်။
ဆောင်ရန်၊ ရှောင်ရန်အချက်များ
ဆောင်ရန်ရှောင်ရန် အချက်တွေအနေနဲ့တော့ အာရုံကြောအားကောင်းစေတဲ့ ရွဲယိုရွက်၊ မြင်းခွာရွက်၊ ဒန့်သလွန်ရွက်၊ ဆင်တုံးမနွယ် အစရှိတာတွေကို မကြာခဏစားပေးသင့်ပါတယ်။ ဒါ့အပြင် ရှောက်သီးသုပ်၊ သံပုရာသီးသုပ်တို့ကိုလဲ စားပေးသင့်ပါတယ်။ မျှတပြီး ကျေညက် လွယ်တဲ့ အဟာရပါရှိတဲ့အစားအစာတွေကို စားသုံးပေးရမယ်။ သွေးအားကောင်းစေတဲ့ အစားအစာ၊အသီးအနှံတွေကိုလဲ စားသုံးပေးသင့်ပါတယ်။ အာရုံကြောအားနည်းရောဂါက အအေးခံလွန်းတာ၊ အစားအစာတွေကို လွန်စွာ စားသုံးတာ၊ ဆေးလိပ်သောက်တာ၊ အစာကိုအချိန်မှန်မစားတာ၊ ကွမ်းစားတာ၊ အတက်စာတွေ စားတာ၊ အိပ်ရေးပျက်ခံတာ၊ ပင်ပန်းတဲ့ အလုပ်တွေများစွာလုပ်တာကနေ ရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။ အာရုံကြောအားနည်းရောဂါကို သက်သာစေဖို့အတွက် သင့်လျော်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေကို ပြုလုပ်ပေးသင့်ပါတယ်။ စားသောက်ချိန်ကို အချိန်မှန်စေတာ၊ အချိန်မှန်အိပ်တာမျိုး၊ စိတ်ဖိစီးမှု လျော့နည်းစေဖို့အတွက် တရားထိုင်တာမျိုးတွေလုပ်ပေးသင့်ပါတယ်။
ဒီနေ့အတွက်ကတော့ အာရုံကြောအားနည်းခြင်းအတွက် ဆောင်ရန်ရှောင်ရန်များ ပြောပြပေးသွားတာပဲဖြစ်ပါတယ်။ စာဖတ်သူအားလုံး ရောဂါဘယ ကင်းဝေးပြီး သာယာအေးချမ်းတဲ့ နေ့ရက်လေးဖြစ်ပါစေ ခင်ဗျာ။
#စွဲညို့
Keep Reading