ရဲဘုန်းသွင်
တလမေဒေါ၏ သောက
" အရီးတော်ဘုရား.... အရီးတော်ဘုရား...... ဒဂုံကလာတဲ့ အရပ်သားတစ်ယောက် တွေ့ခွင့်တောင်းနေပါတယ်ဘုရား။ အရေးကြီး သတင်းပါတယ်လည်း ပြောပါ့ဘုရား "
ညနေခင်းပိုင်းတွင် နံသာလိမ်းနေသော မဟာဒေဝီနှင့် မွေ့ကေသာရှိရာသို့ ကျွန်မတယောက် အပြေးရောက်လာသည်။ ဒဂုံဟု အသံကြားသဖြင့် မဟာဒေဝီရော၊ မွေ့ကေသာပါ ထိတ်ပြာသွားသည်။ နှစ်ဦးသား မင်းသားဗညာနွဲ့ အတွက်ပူပင်သွားကြသည်။ မဟာဒေဝီမှာ မွေ့ကေသာကဲ့သို့ မင်းသား ဗညားနွဲ့အတွက် စိုးရိမ်ခြင်းမဟုတ်ဘဲ ပဲခူးကို လာရောက်တိုက်ခိုက်မည်ကိုသာ ပူပန်ခြင်းဖြစ်သည်။ ထို့နောက် နံ့သာလိမ်းခြင်းကို မြန်မြန်အပြီးသတ်၍ မွေ့ကေသာဆက်သော ခြုံနေကျ အစိမ်းရင့်ရောင် တဘက်တထည်ကို ယူ၍အပြင်သို့ ထွက်ရန်ပြင်သည်။
" မင်းတို့သခင် မရူးဘယ်မလဲ။ သွားခေါ်ချေစမ်း။ မရူးငယ်နှယ် အရေးအကြောင်းဆို မလာတော့ဘူး "
ကျွန်မငယ်မှာ မဟာဒေဝီအမိန့်ပေးသည်နှင့် ခပ်သွက်သွက် ထွက်သွားချေတော့သည်။ မဟာဒေဝီလည်း မွေ့ကေသာကိုခေါ်ကာ အိမ်တော်ရှေ့သို့ ထွက်လာခဲ့သည်။
အိမ်တော်ရှေ့တွင် ခပ်ညစ်ညစ် ခပ်နွမ်းနွမ်း ဖျင်အကျီကို ဝတ်ထားပြီး အသားညိုညို ခပ်ပိန်ပိန် လူတစ်ယောက်၊ ခပ်ပွပွထုံးထားသော ယောင်ထုံးကြောင့် ဖရိုဖရဲကျနေသော ဆံစတချို့နှင့် ယောကျားတယောက်ကို မြင်ရသည်မှာ စုတ်တီးစုတ်ချာနိုင်လှသည်။ မဟာဒေဝီမှာ ထိုယောကျားကို မျက်မှောင်ကျုံ့၍ စေ့စပ်စွာ အကဲခတ်ကြည့်သည်။
" မောင်မင်း ဘယ်သူလဲ။ ဘဇာကြောင့် ဒဂုံကနေ ပဲခူးအထိ လာသလဲ "
" မှန်ပါဘုရား။ ကျွန်တော်မျိုး မချွပ်စွပ်ပါဘုရား။ ကျွန်တော်မျိုးမယား မွေ့မနိတ်ကို မင်းသားဗညားနွဲ့ သိမ်းသွားပါပြီ ဘုရား။ သို့ကြောင့် ကျွန်တော်မျိုးကြောက်လို့ ပြေးလာတာပါ ဘုရား။ "
" ဘုရား...ဘုရား..."
ကြားလိုက်ရသော စကားကြောင့် မဟာဒေဝီရော မွေ့ကေသာပါ မျက်နှာပျက်သွားပြီး မဟာဒေဝီမှာ ဘုရားတလိုက်ရသည်။ မွေ့ကေသာမှာတော့ မင်းသားဗညားနွဲ့ အဘယ်အကြောင်းကြောင့် မိမိသခင်မကိုထား၍ အရပ်သူကို ယူရသနည်း။ နားမလည်နိုင်အောင်ဖြစ်နေသည်။
" ဟဲ့ မင်းသတင်း သေချာလို့လား။ မဟုတ်ရင် မင်းအပြစ်သင့်တော့မယ် "
" သေချာပါတယ်ဘုရား။ ကျွန်တော်မျိူးမယားကို ကျွန်တော်မျိုးရှေ့တွင်ပဲ ဆင်ပေါ်တင်ပြီး ခေါ်သွားပါတယ်။ သို့ကြောင့် ကျွန်တော်မျိုးအသက်ကို ရန်ရှာမည်စိုးလို့ ဟံသာဝတီမှာ လာရောက်ခိုလှုံတာပါဘုရား။ ကျွန်တော်မျိုး မလိမ်ဝံ့ပါဘုရား။ ကယ်ပါဦးဘုရား "
" အေး...အေး.... မင်းအသက် မသေစေရပါဘူး "
ထိုအချိန် သမိန်မရူးမှာ ဓားတချောင်းကိုင်လျက် ကျွန်တယောက်နှင့် ကပြာကယာ ပြေးဝင်လာသည်။ မဟာဒေဝီရှေ့တွင် ဒူးထောက်နေသော အရပ်သားယောကျားနှင့် မဟာဒေဝီတို့ကို အကဲခတ်ကြည့်သည်။
" ဘဇာဖြစ်သလဲ မဘုရား "
" သည်ဒဂုံသား မယားကို အပသုန်ခိုးသွားသတဲ့ "
မဟာဒေဝီစကားကြောင့် သမိန်မရူး အံ့အားသင့်သွားသည်။
" ဒဂုံမှာ အပသုန် ဘာလုပ်နေလဲ "
" ဒဂုံမှာ မင်းသားဗညားနွဲ့က အရီးတော်ကျွန် ၁၈ ယောက်နဲ့ အရပ်သား ၂ ယောက်ကို သတ်ပစ်ပြီး ပစ္စည်းတွေကို သူ့သူရဲတွေကို ဝေပေးလိုက်ပါတယ်။ အိမ်တဆောင်လည်း ဆောက်နေပါတယ် "
မဟာဒေဝီနှင့် သမိန်မရူးတို့ တယောက်မျက်နှာ တယောက်ကြည့်ကြလျက်။
" ကိုင်း ဒီအကြောင်းကို မောင်တော် မင်းတရားထံ မနက်မှ ငါကိုယ်တိုင်ဝင်ပြီး လျှောက်မယ်။ ဒီညတော့ ဒီဒဂုံသားကို ခေါ်သွားပြီး သင့်ရာထားလိုက်ဦး "
သမိန်မရူးလည်း မချွပ်စွပ်ကို ခေါ်ပြီး ပြန်ထွက်သွားလေသည်။ မဟာဒေဝီမှာလည်း သက်ပျင်းချလျက် အဆောင်တွင်းသို့ ဝင်သွားလိုက်တော့သည်။
" အပသုန် အပသုန်။ မင်း ရုပ်လုံးပေါ်လာပြီပေါ့။ ငါမွေးတဲ့ မျောက်က ငါ့ပြန်ခြောက်တော့မယ်။ အေး.. တရက် တွေ့ရသေးတာပေါ့ "
မွေ့ကေသာမှာတော့ မဟာဒေဝီ၏ ရေရွတ်သံများကို မကြားတချက် ကြားတချက်နှင့် မင်းသားဗညားနွဲ့အကြောင်းကိုသာ တွေးတောနေမိသည်။ မင်းသား မွေ့မနိတ်ကို ယူတဲ့အကြောင်း သခင်မသိပါလေစ။ သိ၍ ဒေါသထွက်နေမည်လော။ သို့မဟုတ် ဝမ်းနည်းငိုကြွေးနေမည်လော အတွေးများနေသည်။
နံနက်မိုးလင်းသည်နှင့် မဟာဒေဝီနှင့် သမိန်မရူးတို့ မင်းတရားနန်းဆောင်သို့ ဝင်ကြသည်။ ဆင်ဖြူရှင်မင်းတရားမှာ ရောဂါကြောင့် အရိုးပေါ်အရည်တင် ဖြစ်နေသည်။ ပိန်ချုံ့၍ အနာပေါက်သော ပါးတဖက်မှာ ပြည်တည်နာဖြစ်ကာ ရောင်ရမ်းနေလေသည်။
ဆနန်းဆောင်အတွင်း အမွေးနံသာများ ပက်ဖျန်းထားသော်ငြား ဆေးနံ့နှင့် အနာတို့ကြောင့် အနံအသက် မကောင်းလှ။ သလွန်တော်ပေါ်တွင် လဲလျက်သာရှိပြီး မဟာဒေဝီတို့လာရောက်သည်ကို ခေါင်းငဲ့၍သာကြည့်နိုင်သည်။ မဟာဒေဝီမျက်နှာမှာ ရှုံ့မယ့်လျက် ငိုတော့မည့် အသွင်ဖြစ်နေသည်။
" မောင်တော်ဘုရား။ အပသုန်ငယ် ဒဂုန်မှာ ပုန်စားနေပါပြီဘုရား။ အမတော် ကျွန်ရင်း နှစ်ကျိပ်ကို သတ်ပြီး ရွှေငွေတို့ကို ယူသည်ရှိသည်။ ဘောသံကေးကလည်း ရွှေဆက်ပြီး ဝန်မြို့နှင့် မုတ္တမကိုစားဖို့ ခွင့်ပန်ထားသည်တဲ့ဘုရား...။ မချွပ်စွပ်မယား ဆီသည်မ မွေ့မနိတ်ကို မယားပြုသည်တဲ့ ဘုရား။ တလမေဒေါနဲ့ ဘောလောကျန်းဒေါလေးမျက်နှာကိုမှ မထောက် လုပ်ရက်လေးခြင်းဘုရား.....အဟင့်...အဟင့်.... "
မဟာဒေဝီမှာ စကားအဆုံးတွင် ရှိုက်ငင်၍ မျက်ရည်များကျကာ ဒူးထောက်၍ ငိုတော့သည်။ သုရှင်မှာလည်း လျောင်းလျက်သားပင် အတန်ကြာ စကားမဆိုနိုင်။ အနီးအပါးတွင် သမိန်မရူးနှင့် ယပ်ဆက်နေသော နန်းတွင်းသူများသာ ရှိသည်။
" ငါနာ ချေသောကြောင့် မထီမဲ့မြင် ပြုလေတယ်။ ငါ့မှာလည်း အိပ်ယာထဲကပင် မထနိုင်တော့လို့ မှူးမတ်များနှင့် မဆွေးနွေးနိုင်ရှိသည်။ သမီးတော် တလမေဒေါကို ခေါ်ချေပါဦး "
မင်းတရားမှာ စကားကိုပင် အားယူ၍ ပြောနေပြီး၊ စကားပြောရသည်ကိုပင် မောဟန်နေဟန်ပေါက်နေသည်။ မဟာဒေဝီလည်း သုရှင်အမိန့်တော်အရ တလမေဒေါကို လူလွတ်၍ ခေါ်လေသည်။ မကြာမှီ တလမေဒေါလည်း ကျွန်မတစ်ယောက်နှင့် ရောက်လာတော့သည်။ သုရှင်နန်းဆောင်တွင် အရီးတော်ရော၊ သမိန်မရူးပါ တွေ့၍ တခုခုအကြောင်းထူးပြီဟု အတပ်သိလိုက်သည်။ ရောက်မဆိုက်ပင် ခမည်းတော်၏ ခြေရင်းတွင် ပုဆစ်တုပ်ထိုင်ကာ ရှိခိုးဦးချသည်။
" သမီးတော် ရောက်ပါပြီဘုရား "
မင်းတရားကို ကိုယ်လှုပ်တော်များမှ ထူပေးရန် ဟန်ပြင်ရာ သုရှင်က လက်ကာပြ၍ ကိုယ်လှုပ်တော်များ ထူမပေးတော့ဘဲ နန်းဆောင်ထောင်တွင် ဒူးထောက်ကာ ပြန်ထိုင်သွားကြတော့သည်။ ခြေရင်းရှိ သမီးတော်ကို လည်း ခေါင်းငဲ့၍ ကြည့်သည်။ ဆင်ဖြူရှင်မင်းတရားမှာ ဇရာကို မလွန်ဆန်နိုင် အသားအရေများရှုံ့တွန့်လျက် မျက်တွင်းများကျနေသည်။ သမီးတော်ကို ကြည့်သော မျက်ဝန်းအစုံမှာလည်း ရီဝေလျက်ရှိသည်။
" အပသုန်က ဒဂုံသူ ဆီသည်မကို မယားပြုထားသည်ကို ညည်းသိသလော "
ခမည်းတော်ပြောလိုက်သော စကားမှာ တလမေဒေါ၏ နားထဲသို့ သံရည်ပူလောင်းထည့်သည့်အလား နာကျင်စူးနစ်သွားသည်။ မျက်စိများပြာသွားပြီး အရှေ့ရှိ မည်သည့်အရာကိုမျှ မမြင်နိုင်တော့။ နှလုံးအိမ်မှာ တဒုတ်ဒုတ်မြည်လျက် မြန်မြန်ခုန်နေသည်မှ တဆတ်ဆတ်တုန်နေသည့်နှယ် နာကျင်သွားသည်။ မိမိနားမှကြားသော စကားတို့ကို မိမိပင် မယုံကြည်နိုင်ချေ။ ပါးပြင်တွင် မျက်ရည်ပေါက်များ တွေတွေစီးကျလာသော်ငြား အသံထွက်ကာငိုနေခြင်းလည်းမဟုတ်။ မည်သည့်စကားမျှလည်း မဆိုနိုင်တော့။
" ညည်းလင် ဆီသည်မကို မယားပြုတဲ့အကြောင်း ဆီသည်မလင် ဒဂုံကနေ ပြေးလာပြီး ပြောလို့ အရီးတော်တို့ သီရတယ်။ သူဘုရင်ဖြစ်ရင် ဆီသည်မကို မိဖုရားမြှောက်လိမ့်မယ်။ ညည်းစိတ် ဘယ်သို့ရှိသလဲ "
မဟာဒေဝီစကားသံသည် မိုးကြိုးပစ်သည့်နှယ် စူးရှ နာကျင်လှသည်ဟု ထင်ရသည်။ မိမိနားကို မိမိမယုံနိုင်ဖြစ်နေသော ဦးနောက်ကို မဟာဒေဝီ၏ စကားတို့က အတည်ပြုပေးလိုက်သည်။ နှလုံးသားသည်ကား ကွဲကျမတတ် နာကျင်လျက် အရာ အားလုံး ကြေမွပျက်စီသွားခဲ့ပြီ။ စိတ်အာရုံအတွင်းတွင်လည်း
" ဆီသည်မကို မယားပြုသတဲ့ "
" ဆီသည်မကို မိဖုရားမြောက်လိမ့်မယ် "
" ညည်းစိတ်ဘယ်သိုရှိသလဲ "
စသော စသော စကားလုံးများ ပဲ့တင်ထပ်နေသည်။ ခမည်းတော်၏ နန်းဆောင်အတွင်းသာ မဟုတ်လျှင်၊ အစောင့်အကြပ်မည်သူမျှ ရှိမနေလျှင် မိမိနားကို လက်နှစ်ဖက်အုပ်ကာ အဝေးသို့ ထွက်ပြေးသွားမိပေလိမ့်မည်။
မဟာဒေဝီမေးသော်လည်း တလမေဒေါထံမှ မည်သည့်စကားမျှထွက်မလာ။ ငူ၍ ငိုင်၍ အသက်မဲ့နေသည့် ကျောက်ရုပ်တရုပ်ပမာ မလှုပ်တော့ဘဲ မျက်ရည်များသာကျနေသည်။ သုရှင်မှာ သမီးတော်ကို ကြည့်ကာ မျက်ရည်များ ကျနေလေသည်။
" ဟဲ့ ညည်းစိတ် ဘယ်သို့ရှိသလဲ "
မဟာဒေဝီက နောက်တစ်ခွန်းပြောပြီး ခန္ဓာကိုယ်ကို ကိုင်လှုပ်လိုက်သော အခါမှ တလမေဒေါမှာ သတိပြန်ဝင်လာတော့သည်။ စီးကျနေသော မျက်ရည်စများကို လက်ဖြင့် ကပြာကယာ သုတ်လိုက်သည်။
" သင်းကိုသင်း ယောကျားဟုဆိုကာ ပြုချင်တိုင်းပြုနေတော့တယ်။ သူ့စရိုက်ကို သမီးတော်မကြိုက်လို့ မလိုက်ခဲ့၊ နေခဲ့တာပါဘုရား "
" ကိုင်း.... သည်လိုဆိုမှတော့ အမတော်သာ မှူးမတ်တို့နဲ့တိုင်ပင်ပြီး သင့်တော်သလို စီရင်ပါတော့ "
သုရှင်၏ အမိန့်သံကို ကြားသောအခါ မဟာဒေဝီ၏ မျက်နှာမှာ အနည်းငယ် ရွှင်ပျသွားလေသည်။ သုရှင်မှာတော့ ပက်လက်အနေအထားဖြင့် ကနုတ်ပန်းများရှိရာ မျက်နှာကျက်ကိုသာ ငေးမောလျက်ရှိနေသည်။
" ကဲ မရူးငယ်၊ မောင်တော်မင်းတရား အမိန့်တော်အတိုင်း ညီလာခံခေါ်ဖို့ သမိန်ဇိပ်ဗြဲ နဲ့ မှုးမတ်တွေကို အမြန်ဆုံးဆင့်ခေါ်ချေ။ "
" မှန်ပါဘုရား "
မဟာဒေဝီအမိန့်ပေးသည်နှင့် သမိန်မရူးမှာ နန်းဆောင်အတွင်းမှ ချက်ချင်းထွက်သွားတော့သည်။
တလမေဒေါမှာလည်း ခမည်းတော်ဘုရား ရှေ့တွင် နောက်ထပ်မျက်ရည်မကျလို၊ ခမည်းတော်ကို မိမိမျက်ရည်ကျနေသည်ကို မတွေ့စေလို၍ မျက်ရည်စတို့ကို မကျအောင် တင်းခံထားရရှာသည်။ သို့သော် ပင်ပန်းလွန်းလှပြီဖြစ်၍ ခဏအကြာတွင် သုရှင်ကို ရှိခိုးပြီး မိမိအိမ်တော်ကိုသာ ခပ်သုတ်သုတ်ပြန်ခဲ့တော့သည်။ နန်းတော်ရှေ့သို့ရောက်သောအခါ နန်းတော်အတွင်း ထိန်းထားခဲ့သမျှ မျက်ရည်စတို့မှာ သွန်ကာကျလေတော့သည်။
နန်းတော်မှ ပြန်လာသော မင်းသမီးတလမေဒေါကို အဒေါ့ကုန်း သေချာအကဲခတ်ကြည့်သည်။ မိမိတို့သခင်မသည် ယခင်အခါများ နန်းတော်မှပြန်လာသည်နှင့် မတူ သိသိသာသာမျက်နှာညှိး၍ မျက်ရည်စတို့ ကျသည်ကို အဒေါ့ကုန်းရိပ်မိသည်။ မင်းသမီး မျက်နှာမကောင်းသည်မှာ မင်းသားဗညားနွဲ့ အရေးမလှသည့် အတွက်လား၊ သို့မဟုတ် ခမည်းတော်မှအမျက်တော်ရှိလေသလား၊ သို့မဟုတ် မင်းသားဗညားနွဲ့ အသက်ဘေးကြုံနေပြီးလား ဟု အဒေါ့ကုန်းစိတ်တွင် အမျိုးမျိုးတွေးထင်နေသည်။ ဤသို့အတွေးများနေခြင်းကပင် မင်းသားဗညားနွဲ့အတွက် ပို၍ စိုးရိမ်ပူပန်လာတော့သည်။
ထို့ကြောင့် သခင်မ တလမေဒေါအိမ်တော်ပေါ်တက်သည်နှင့် အနောက်မှလိုက်လာခဲ့သည်။ အိမ်တော်ပေါ်ရောက်သောအခါ တလမေဒေါမှာ ထိုင်နေကျသလွန်ကို ထိုင်၍ အိမ်တော်အပြင်ဘက်ကို ငေးလျက် မျက်ရည်တို့ စီးကျနေသည်။ ရှိုက်၍ငိုသေည်ကား မဟုတ်။
အဒေါ့ကုန်းမှာ ကြမ်းပေါ်တွင် ပုဆစ်တုပ်ထိုင်နေရင်းမှ မင်းသမီးအား မေးသင့်မမေးသင့်ကို အကြိမ်ကြိမ်စဥ်းစားတွေတွေဝေကာ ချီတုံချတုံဖြစ်နေသည်။ သိလိုဇောကကြီးနေသည့်အတွက် မေးမည်ဟု ဆုံးဖြတ်လိုက်တော့သည်။
" သခင်မ ဘဇာအရေးနဲ့ ဝမ်းနည်းနေရပါသလဲ ဘုရား "
အဒေါ့ကုန်းသည် မေးပြီးနောက် တလမေဒေါကို မရဲတရဲနှင့် မော့ကြည့်သည်။ တလမေဒေါမှာလည်း အဒေါ့ကုန်းမေးသည့်အသံကြားမှ မျက်ရည်များ တောက်တောက်ကျလျက် ရှိုက်ကာငိုတော့သည်။
" သခင်မ စိတ်ထိန်းပါဘုရား၊ စိတ်ထိန်းပါဘုရား "
အနီးရှိ ကျွန်မငယ်လေးများ ပြာယာခတ်သွားပြီး မင်းသမီးထံအပြေးလာကာ လဲမသွားအောင်ထိန်းသူကထိန်း။ ယပ်ခပ်သူကခပ်နှင့် အလုပ်ရှုပ်သွားကြသည်။ အဒေါ့ကုန်းလည်း မေးမိသည်မှာ မှားချေပြီ နောင်တရရုံမှလွဲ၍ ဘာမှ မတတ်နိုင်။
"အဒေါ့ကုန်း... အဒေါ့ကုန်း.....အဒေါ့ကုန်းတို့
မင်းသားလေ၊ အဒေါ့ကုန်းသခင်မင်းသားလေ... ဟင့်
နှမကို ချစ်လှပါချည်ရဲ့ဆိုပြီးတော့လေ....
ကျိုက်ကလွန်ပွန်းဘုရားမှာ သစ္စာတွေ တိုင်တည်ခဲ့ကြ။
ဒါကို မယ်... မယ်တော်သိတော့ ခွဲထားကြတာလေ.... အဒေါ့ကုန်းရဲ့... အဟင့်...
တလမေဒေါဒေါမှာ အဒေါ့ကုန်းကို ပြောပြရင်းရှိုက်ကာငိုနေသည်မှာ အဒေါ့ကုန်းကို တိုင်တည်၍ ပြောသကဲ့သို့ ဖြစ်နေသည်။
" ဒါတောင်မှ အဒေါ့ကုန်းတို့ မင်းသားက နန်းဆောင်အထိ လာတွေခဲ့သေးတာ....ရီး.. ရီး....။
မောင့်တော်မျက်နှာ တခုထဲနဲ့ ဆင်တစ်ကောင် လူနှစ်ယောက်နဲ့ ဒဂုံကိုပြေးခဲ့ကြတာလေ.. အဒေါ့ကုန်းရဲ့။ အဒေါ့ကုန်းသိတယ် မလား ဟင်... အဟင့်...အဟင့်....."
" သိ သိပါတယ် သခင်မ။ အဲ့ဒီနေ့က မိုးတွေရွာနေပြီး လိုက်ဖမ်းတဲ့ စစ်သည်တွေကြားကနေ မင်းသားက သခင်မကို ကာကွယ်ပေးခဲ့တယ် မဟုတ်လား "
တလမေဒေါမှာ မျိုးသိပ်ထားခဲ့ရသမျှ အားလုံးကို အဒေါ့ကုန်းကိုသာ တိုင်တည်၍ ပြောနေလေ၏။ ငိုတချက် ရှိုက်တချက်ဖြင့် ပြောနေသဖြင့် ဇွဲချွေးများပျံလျက် အလွန်ပင် ပင်ပန်းဆင်းရဲနေသည်။ အဒေါ့ကုန်းလည်း သက်သာအောင်မည်သို့ ပြောရမည်ကို မသိတော့ပေ။
" ဟုတ်ပါတယ် အဒေါ့ကုန်းရယ်။ မောင်တော်ရှိနေသမျှ နှမဒုက္ခ မရောက်စေရပါဘူးဆိုတဲ့ မောင်တော်ရဲ့ စကားတွေလေ.....အဟင့်... ဟင့်...။
ခုတော့လေ...ခုတော့လေ အထိန်းတော်ကြီးရယ်...။ ဆီသည်မကို မယားပြုသတဲ့....ရီး...ဟီး.....ဟီး...။
အဒေါ့ကုန်းတို့ရဲ့ မင်းသားက ဆီသည်မကို မယားပြုသွားပြီတဲ့.......ရီး.....ရီးး... "
တလမေဒေါမှာ ရင်ဘတ်ကိုလက်နှင့် ထုကာထုကာဖြင့် မျိုးသိပ်ထားသမျှ ပွင့်အန်ကျကာ အရူးတစ်ယောက်နှယ် အော်ဟစ်ငိုယိုနေတော့သည်။ ငိုနေသည်မှာ တက်တော့မတတ်ဖြစ်နေ၍ ကိုယ်လှုပ်တော် ကျွန်မငယ်များ ပြာယာခတ်နေကာ ရေဆက်သူက ဆက်၊ ယပ်တော် ဆက်သူကဆက်၊ ဝိုင်းဝန်းထူမ သူများနှင့် အလှုပ်ရှုပ်နေကြသည်။
အဒေါ့ကုန်းလည်း မိမိ၏သမီးအရွယ်လည်းဖြစ်၊ မိမိ၏ အရှင်သခင်လည်းဖြစ်သည့် တလမေဒေါကို သနားဂရုနာသက်မိ၍ မင်းသားဗညားနွဲ့ကိုလည်း ဒေါသထွက်မိသည်။ အဘယ်ကြောင့် ဤသို့ပြောင်းလဲရပါသနည်း။ မင်းသမီးအား မင်းသားက မည်မျှ မေတ္တာရှိသည်ကို အဒေါ့ကုန်း အသိဆုံးပင်ဖြစ်သည်။ ယခုတော့ မိမိထိန်းကျောင်းခဲ့သော မင်းသားဗညားနွဲ့ကို မိမိကိုယ်တိုင်ပင် နားမလည်နိုင်တော့ချေ။
သခင်မ တလမေဒေါမှာလည်း ရူးမတတ် ငိုကြွေးနေသည်ကိုလည်း ကြာကြာမကြည့်နိုင်တော့၍ မင်းသမီးကို ရှိခိုးပြီး အိမ်တော်အောက်သို့ ဆင်းလာခဲ့သည်။ သို့သော် အတွေးထဲတွင်ကား မေးခွန်းများစွာ လွမ်းမိုးလျက်၊ မင်းသားသည် အဘယ်ကြောင့် ယခုသို့ ပြုနိုင်ရသနည်း။
မိန်းမများစွာ ယူ၍ ရသည်ဆိုသော်ငြားလည်း ယခုကဲ့သို့ သားငယ်ကလေးနှင့် မယားကိုပစ်၍ အဝေးရောက်နေချိန်၌ ပို၍ မယားမယူသင့်ဟု ထင်သည်။ တဖန် ဆီသည်မသည် မိမိတို့သခင်မ ဘုရင့်သမီးထက် ဘာများသာလွန်နေသနည်း။ သို့တည်းမဟုတ် ပို၍ ချောမော၍လော။ သို့မဟုတ် မင်းသားသဘောကျအောင် မိန်းမတို့ မာယာစက်နှင့်များ သွေးဆောင်ဖျားယောင်း ထားလေသလော။ အဒေါ့ကုန်းလည်း အတွေးများလျက်၊ တလမေဒေါမှာလည်း သောကပယ်လယ်ဝေလျက်။
အပိုင်း ၃၉ ဆက်ရန်
#ရဲဘုန်းသွင်
Telegram မှာလည်း စာဖတ်လို့ ရပါပြီဗျ။
https://t.me/yebhonethwin
#ဗညားနွဲ့ #မွေ့နိမိတ်
#တလမေဒေါ
#အပိုင်း၃၈
#ဟံသာဝတီနေထွက်ချိန်
#TheSunriseofHANTHARWADY
Keep Reading