Reviews by Benevolent
စာပေဝေဖန်ရေး ဆောင်းပါးများကြောင့်စာပေလူကြမ်းကြီးလို့ လူသိများတဲ့ ဆရာအောင်သင်းရဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်း၊ စွန့်စားခန်း၊ ထောင်ဖောက်ခဲ့တဲ့ ဇာတ်လမ်းလေးဆိုတော့ပိုစိတ်ဝင်စားဖို့ ကောင်းပြီး ဇာတ်လမ်းထဲအတူမျောကာ ကိုယ်တိုင် ထောင်ဖောက်စွန့်စားခန်းကြီး ကြုံနေရသလိုပါပဲ။သရက်ထောင်ဖောက်ခဲ့စဉ်ကကို သေချာဖတ်မိ စဉ်းစားကြည့်ပါက စာရေးသူတို့ ကြုံခဲ့ရသည့်ခေတ်ကို မှန်းဆသုံးသပ်နိုင်တယ်။ ပညာခေတ်ပျက်ရင်အပျက်တွေ နောက်ကတန်းစီးပြီး ပါလာတတ်ကြောင်းကိုလည်း သတိသံဝေဂရမိတယ်။ တစ်ပြည်လုံးပျက်စီးကာ နိုင်ငံရေးခေတ်ပျက်ကြီးတွင်စွန့်စားခဲ့ရသော မအူမလည် ကောင်လေးသုံးယောက်ရဲ့ စွန့်စားခန်းများ ၊ ပညာရေးခေတ်ပျက်ကြီးအကြောင်းကိုပါ တွေးမြင်မိစေတယ်။ဝတ္ထုပုံဖော်သူဆရာအောင်သင်းဟာ ၁၉၄၉ ခုနှစ် ရောင်စုံသူပုန်များ ပေါ်ပေါက်လာချိန်တွင် ရဲဘော်ဖြူများ၏ ဖမ်းဆီးခြင်းခံရကာ မကွေးထောင်၊ တောင်တွင်းကြီးထောင်၊ ပြည်ထောင်၊ သရက်ထောင်များတွင် နေထိုင်ခဲ့ရပြီး ၁၉၄၉ ခုနှစ် နိုဝင်ဘာလတွင် သရက်ထောင်ကို ဖောက်ပြီး ထွက်ပြေးလွတ်မြောက်ခဲ့သူထဲက တစ်ဦးပါ။ သရက်ထောင်မှ ထွက်ပြေးလွတ်မြောက်ရန် ရှေ့ဆုံးက ဆရာအောင်သင်း၊ နောက်က ကိုအောင်ကြည် ၊ ထို့နောက် ကိုတိုင်းမောင်၊ ကိုတိုင်းမောင်က မာ့စ်ဝါဒယုံကြည်သူ၊ ကွန်မြူနစ်သဘောတရား နဲ့ ရုပ်ဝါဒသဘောတရားကို အလွန်ပြောတတ်သူတစ်ယောက်လို့ ဆိုရမယ်။ ကိုတိုင်းမောင်၊ ကိုအောင်ကြည်တို့နှင့်အတူ ကြိုးပမ်းခဲ့တဲ့အကြောင်းအရာများ၊ ထောင်မှထွက်ပြေးလွတ်မြောက်ပေမယ့် ရဲဘော်ဖြူနယ်မြေမှ ထပ်မံလွတ်မြောက်အောင် အကြံထုတ်ရင်း သင်္ကန်းဆီးခဲ့ရပုံ၊ ကိုယ်တွေ့ဖြစ်ရပ်များကို သည်းထိတ်ရင်ဖို ရသမြောက်အောင် မှတ်တမ်းတင်ထားခဲ့တဲ့ ဝတ္ထုတစ်ပုဒ်အဖြစ် သတ်မှတ်လို့ရတယ်။
တောင်တွင်းဇာတိဖြစ်သူ စာရေးသူ ဆရာအောင်သင်းက ၁၉၄၇ ပြည်သူ့ရဲဘော်တပ်ဖွဲ့သို့ ဝင်ရောက်လှုပ်ရှားခဲ့ရာ ထို့မှတစ်ဆင့် ဆိုရှယ်လစ်ပါတီသို့ ရောက်ရှိခဲ့ကာ ခရိုင်စည်းရုံးရေးမှူးတိုင်အောင် တာဝန်ထမ်းဆောင်ခဲ့တယ်။၁၉၄၉ မှာ ရဲဘော်ဖြူတို့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရတယ်။ ရဲဘော်ဖြူအကြောင်းကို လေ့လာမိသလောက် ပြောပြချင်ပါတယ်။၁၉၄၅ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ကမကထပြုပြီး ဂန္ဒီ စာချုပ်အရ ဗမာ့တပ်မတော်ကို ပြန်လည်ဖွဲ့စည်းကြတဲ့အခါ အကြောင်းအမျိုးမျိုး ကြောင့် ဗမာ့ တပ်မတော် မှာပါဝင်ခွင့်မရတော့တဲ့ ရဲဘော် ၂၅၀၀၀ ကျော်ကို ဆက်လက် စုစည်းထားနိုင်ရေး နဲ့ ဗမာပြည် လွတ်လပ်ရေး တိုက်ပွဲမှာ ဆက်လက်ပါဝင်နိုင်ရန် ပြည်သူ့ရဲဘော်တပ်ဖွဲ့ကို ဖွဲ့စည်းခဲ့တယ်။ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးပြီးနောက်၊ ဗမာပြည် လွတ်လပ်ရေးကြေညာနိုင်ပြီးနောက် ဖဆပလ အတွင်းမှာ ဆိုရှယ်လစ် ပြည်သူ့ရဲဘော်အားပြိုင်မှု အထွတ်အထိပ်ရောက်လာခဲ့ပါတယ်။ ပြည်တွင်းစစ်ကြီး စတင်ခဲ့ရပြီးနောက် ၁၉၄၈၊ မေလမှာ လက်ဝဲညီညွတ်ရေးမူ ရုပ်လုံး ဖော်ကြတဲ့အခါ "နုမူ'နဲ့ ရဲဘော်မူ" ဆိုပြီး မူ (၂) မူ ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီမူ (၂) မူအပေါ် ရပ်တည်ဆုပ်ကိုင်မှုမတူကြရာက ပြည်သူ့ရဲဘော်တပ်ဖွဲ့ အတွင်း ရဲဘော်ဖြူ-ရဲဘော်ဝါ နှစ်ခြမ်းစကွဲသွားတယ်။ ရဲဘော်ဖြူဆိုတာက လက်မောင်းမှာ ဦးထုပ်မှာ အဖြူပတ် ထားတဲ့အတွက် ရဲဘော်ဖြူလို့ ခေါ်တာဖြစ်ပြီး၊ ရဲဘော်ဝါကတော့ လက်မောင်းမှာ ဦးထုပ်မှာ အဝါပတ်ထားပါတယ်။ ရဲဘော်ဖြူကို ဗိုလ်ဖိုးကွန်း၊ ဗိုလ်ထိန်ဝင်း၊ ဗိုလ်ထွန်းလင်း တို့ခေါင်းဆောင်ပြီး၊ ရဲဘော်ဝါကို ဗိုလ်မှူးအောင်၊ ဗိုလ်စိန်မှန် တို့ ခေါင်းဆောင်ခဲ့ပါတယ်။တပြည်လုံး ပြည်သူ့ရဲဘော် (၆) သောင်းကျော်မှာ (၆၅ရာခိုင်နှုန်း) ဟာ ရဲဘော်ဖြူတွေ ဖြစ်လာခဲ့ပါတယ်။၁၉၄၈ ဇူလိုင်လထဲမှာပဲ ရဲဘော်ဖြူတွေ အစုလိုက် အပြုံလိုက် တောခိုသွားကြတယ်။မြန်မာပြည်အလယ်ပိုင်း ပြည်၊ အောင်လံ ၊ တောင်တွင်း ၊ မကွေး ၊ နတ်မောက် ၊ မြို့သစ် စသည့်တို့က ရဲဘော်ဖြူတို့၏ ထိန်းချုပ် လွှမ်းမိုးထားတဲ့ လွတ်မြောက်နယ်မြေ ဒေသများဖြစ်ခဲ့တယ်။
ထားပါတော့ စာအုပ်အကြောင်းဆက်ရရင် ဆရာအောင်သင်းက စာအုပ်ထဲထောင်တွင်း ယဉ်ကျေးမှုလေးတွေကိုလည်း ဟာသနှောပြီး ရေးသားထားသေးတယ်။အရေးအသားကောင်းသလို ဖတ်ရတာ သွက်တယ်၊ လွယ်ကူတယ် အရသာရှိတယ်။ထောင်ထဲမှာ နယ်ပယ်အသီးသီးက လောကဓာတ်အစုံ ပညာရှင်ဆရာကြီးတွေစုမိကာ ပညာလည်းအစုံ ဝေမျှ သင်ကြားပေးကြတယ်။ ဆရာအောင်သင်းကိုယ်တိုင် အင်္ဂလိပ်စာကို ထောင်ထဲမှာ သေချာလေ့လာခွင့်ရခဲ့တယ်လို့ ပြောထားပါတယ်။ဒီစာအုပ်ကကာယကံရှင် ကိုယ်တိုင် ရေးထားတာမို့ ဖတ်ရတာ အရမ်းရိုးရှင်းတယ်၊ စာမျက်နှာ ၁၂၉ နဲ့ အေးအေးလူလူ ပေါ့ပါးစွာ ဖတ်လို့ရပါတယ်။အသက်အရွယ် မတိမ်းမယိမ်း လူငယ် ၃ ယောက် ထွက်ပြေးတဲ့ ခရီးလမ်း အခြေအနေ ၊ကုန်းတစ်တန်၊ လှေ တစ်တန်၊ ရေကြောင်း၊ ကုန်းကြောင်း၊ခြေလျင်တစ်ခါ လှည်းတစ်မျိုးအဆင့်ဆင့် သွားခဲ့ရပုံတွေကို စာအုပ်ထဲမှာတွေ့ရလိမ့်မယ်။
" ကျွန်တော်တို့ ကြုံတွေ့ရသည့် ခေတ်ကိုမှန်းဆသုံးသပ်ပြီး နိုင်ငံရေးသံဝေဂရလိမ့်မည် "
မှန်ကန်သော လုပ်ရပ်တချို့နဲ့ အတားအဆီး အခက်အခဲ တွေကို ဘယ်လို ကျော်ဖြတ်နိုင်ခဲ့သလဲ ၊ နေရာတိုင်းမှာ လုံခြုံမှု မရှိ၊ခေတ်ပျက်ကြီးကို ရင်ဆိုင်ခဲ့ကြပုံတွေကို နှိုင်းယှဉ်ခံစားချင်သူများ ဖတ်ကြည့်ဖို့ တိုက်တွန်းပါတယ်။
❌ ခွင့်ပြုချက်မတောင်းဘဲပြန်လည်ကူးယူဖော်ပြခြင်း
ခွင့်မပြုပါ။❌
Please YouTube 🔻
https://youtube.com/@ReviewsbyBenevolent?si=WusMbsWGmcyPAiFu
Please Telegram 🔻
https://t.me/reviewsbybenevolent
စာဖတ်ခြင်းကို အချိန်ပေး ပျော်မွေ့နိုင်ကြပါစေ။📖
Benevolent Guy
Oct-24
#reviewsbybenevolent
#foryou
Keep Reading