Thet Naing Aung
🔘 မန်ဒီနေဇာသည် ဆူဒန်နိုင်ငံတောင်ပိုင်း ကော်ဒိုဖန်ပြည်နယ်တွင်ရှိသော နူဘာတောင်တန်းများ ဝိုင်းရံထားသည့် ရွာလေးတစ်ရွာတွင် နေထိုင်ကြသော နူဘာလူမျိုးစုမှ မွေးဖွားလာသူဖြစ်သည်။တောင်တွေဝန်းရံထားတဲ့ရွာလေးဖြစ်ပြီး ရွာထဲရှိအိမ်အများစုဟာ ရွှံ့စေးဖြင့်ဆောက်ထားကြကာသက်ကယ်မိုးအိမ်လေးတွေဖြစ်ကြသည်။ သူမတို့နူဘာလူမျိုးစုတွေမှာ ချစ်စရာကောင်းတဲ့ဓလေ့လေးတခုလည်းရှိပါတယ်။ မိသားစုဝင်ပဲဖြစ်ဖြစ်၊ အိမ်နီးနားချင်းပဲဖြစ်ဖြစ် လာလည်ကြလို့ စားသောက်နေတဲ့အချိန်နဲ့ ကြုံကြိုက်တဲ့အခါ မျှဝေစားကြတဲ့ ဓလေ့လေးပါ။ အဲ့ရွာလေးမှာ နွားရှိတဲ့ နွားမွေးတဲ့ရွာသားတွေဟာ လူချမ်းသာစာရင်းဝင်ပါတယ်။ ရွာသားတယောက် ဘယ်လောက်ချမ်းသာလဲဆိုတာ နွားဘယ်နှကောင်ပိုင်ဆိုင်သလဲဆိုတာကြည့်ပြီး သိနိုင်ပါတယ်။ မန်ဒီတို့မိသားစုမှာလည်း နွားအကောင်ငါးဆယ်ကျော်မွေးထားလို့ စီးပွါးရေးပြေလည်သူတွေလို့ သတ်မှတ်လို့ရပါတယ်။ တစ်စုံတစ်ယောက်ဟာ ခန္ဓာကိုယ်ပေါ်မှာ အမာရွတ်တက်တူး (သို့) ပုတီးကုံးကို ခါးတွေ လည်ပင်းတွေမှာ ဝတ်ဆင်ထားတယ်ဆိုရင် သူဟာ နူဘာမျိုးနွယ်စုထဲကလာတယ်ဆိုတာ သိနိုင်ပါတယ်။
🔘 မန်ဒီဟာ အင်္ဂလိပ်စာကိုသဘောကျနှစ်သက်ပြီး သူဟာ ဆရာဝန်တဦးဖြစ်ချင်သူပါ။ သူတို့ရွာလေးမှာ ဆရာဝန်မရှိတာကြောင့် ရောဂါဖြစ်ကြတဲ့အခါအင်မတန်ဝေးတဲ့ ဒီးလင်းမြို့ထိ ခက်ခက်ခဲခဲသွားရောက်ကုသရတာပါ။ ဒါကြောင့် တခါတရံမှာ အချိန်လွန်ကုန်တာကြောင့် သေဆုံးကြရတာမို့ မန်ဒီဟာ ဆရာဝန်တဦးဖြစ်ချင်ခဲ့တာပါ။
🔘ဒါပေမယ့်လည်း သူမတို့ရွာလေးရဲ့ ကံကြမ္မာဟာ တစ်ညမှာပြောင်းလဲခဲ့ရတယ်။ အဲဲဒီချိန်မှာ မန်ဒီဟာ ဆယ့်နှစ်နှစ်အရွယ်ပဲရှိပါသေးတယ် ။ သူမတို့ရွာကို မူဂျာဟစ်ဒင်များက ဝင်စီးပြီး အိမ်တွေမီးရှို့ ၊ ခုခံသူတွေကို သတ်ဖြတ် ၊ မိန်းမပျိုတွေက်ို အဓမ္မကျင့်ပြီး သူမတို့ကလေးတသိုက်ကိုတော့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ သူမကို ဖမ်းစီးလာတဲ့သူက မြင်းပေါ်မှာတင် ထိကပါးရိကပါးပြုလုပ်ပြီး အဓမ္မကျင့်ဖို့ ကြံစည်ခဲ့ပါသေးတယ်။ ဒီလိုနဲ့ ရွက်ဖျင်တဲနှစ်ဆယ်ကျော်လောက်ဆောက်ထားတဲ့ စခန်းကြီးတစ်ခုစီ ရောက်ခဲ့ပါတယ်။ တစ်ရက်မှာတော့ စစ်အရာရှိတစ်ဦးနဲ့ အာရပ်လူမျိုးနှစ်ဦးရောက်လာပြီး သူမအပါအဝင် ဆယ်ဦးကို စခန်းကနေခေါ်ဆောင်ခဲ့ပါတယ်။
🔘 မန်ဒီတို့ဟာ အဒူအဇင် နဲ့ ဂျိုအဟား ဆိုတဲ့ လင်မယားနှစ်ယောက်စီရောက်ခဲ့ကြပါတယ်။ သူမတို့ကို မူဂျာဟစ်ဒင် တို့စီကနေ ကျွန်ပြုဖို့ဝယ်လာတာပါ ။ အဲဒီကမှတဆင့် ရာဟတ်ဆိုတဲ့အာရပ်အမျိုးသမီးက မန်ဒီကို ဝယ်ယူခဲ့ပြီး ကျွန်အဖြစ်ခိုင်းစေခံခဲ့ရတာပါ။ လုပ်ခလစာမရတဲ့ အပြင် အိမ်ရှင်တွေရဲ့ စားကြွင်းစားကျန်တွေသာ စားရပါတယ်။ မနက်ကနေ ညဆယ့်နှစ်ထိ နားရက်မရှိကျွန်ပြုခံထားရတာပါ။ မှောင်မည်းကျဉ်းမြောင်းတဲ့ အခန်းတခုမှာ အိပ်ရပြီး သူမကို ညအိပ်တဲ့အခါ ထွက်မပြေးအောင် အပြင်မှသော့ခတ်ထားတာပါ။
🔘 တိရိစ္ဆာန်တကောင်လို အမြဲရိုက်ပုတ်ခံရ ၊ တနေကုန်အလုပ်နဲ့လက်မပြတ်ခိုင်းစေခံရ ၊ လူ့အခွင့်အရေးဆိုတာ ဘာမှန်းမသိရတဲ့ဘဝကနေ မန်ဒီဟာ ဘယ်လိုရုန်းကန်ထွက်ခဲ့ရလဲဆိုတာ ရင်မောစွာဖတ်ရှုခဲ့ရတာပါ။
📔 အိမ်ကျွန်
✍️ ချမ်းငြိမ်း(ဟံသာဝတီ)
🏠 ရွက်စိမ်းစာပေ
🖨️ စတုတ္ထအကြိမ် ၊ ဇန်နဝါရီလ 2021
📄 စာမျက်နှာ - 335
Keep Reading