အိမ်ပြေး ဒိုင်ယာရီ
ဒီနေ့ ငါးနာရီမှာ အိပ်ရာ မထဖြစ်။ ၈ နာရီထိုးမှ လူးလဲထပြီး မျက်နှာသစ်၊ သွားတိုက်ဖို့ ရေချိုးခန်းဝင်တယ်။ ပြီးတော့ အကျီ ကပျာကယာ လဲပြီး ဘတ်စ်ကားဂိတ်ကို ခပ်သုတ်သုတ် လျှောက်လာမိတယ်။
သံလမ်းမှတ်တိုင်ကို ဘတ်စ်ကားဆိုက်တော့ ၉ နာရီအတိ ထိုးနေပြီ။ " ကောင်းတယ် ငါထင်ထားသလောက် နောက်မကျသေးဘူးပဲ " ။
ရုံးခန်းရှေ့ ရောက်တော့ ညီမမြတ်က ကိုယ့်ထက်အရင် ရောက်နှင့်နေပြီ။ ဒီလိုနဲ့ ကျွန်တော် ရုံးခန်းတံခါးကို ဂျောက်ခနဲ သော့ဖွင့်၊ ပြီးတော့ ၂ ယောက်သား ရုံးခန်းထဲဝင်ကြ။ ၉ နာရီခွဲတော့ ညီပြည့် ရုံးရောက်လာတယ်။ ခုဆို ကျွန်တော်တို့ ရုံး လူစုံသွားပြီ။ တစ်ရုံးလုံးပေါင်းမှ ဒီဝန်ထမ်း သုံးယောက်ပဲရှိတယ်။
ဒီနေ့က တနင်္လာနေ့။ ဆိုတော့ ရှေ့ရက် တနင်္ဂနွေရုံးပိတ်ရက်က မေးထားတဲ့ inquiry တွေကိုပါ ဒီနေ့ ပေါင်းဖြေရမှာပေါ့။ အလုပ်စားပွဲမှာ ထိုင်ပြီး ဒီ၂ ရက် အတွင်း inquiry တွေ ဘယ်နှစ်စောင် တက်ထားလဲ ကျွန်တော် တစ်ချက် check ကြည့်လိုက်တယ်။ ၉ ယောက်ကျော်၊ ၁၀ ယောက်၊ အများဆုံးရှိလှ ၁၅ ယောက်။
အဲ့လူတွေ မေးထားသမျှကို တစ်ယောက်ချင်း စာပြန်လိုက်တာ ၁၀ မိနစ်တောင်မပြည့်ဘဲ အကုန်စာပြန်လို့ ပြီးသွားတယ်။ ဒါဟာ ဒီနေ့တစ်ရက်လုံး ကျွန်တော်အလုပ်မှာ လုပ်ရတဲ့ အလုပ်အကုန်ပဲ။ ဒါလုပ်ပြီး နောက်ပိုင်း လုပ်စရာ ဘာအလုပ်မှကို မရှိတော့ဘူး။
နောက် ၁၀ မိနစ်၊ ၁၅ မိနစ်လောက်ကြာတော့ ဘေးက ၂ ယောက်ကပါ သူတို့ လုပ်စရာ ရှိတာတွေ လုပ်ပြီးသွားကြပြီ။ ဒီတော့ ကိုယ့်စိတ်ကြိုက် လုပ်ချင်တာတွေ လုပ်ကြတော့တယ်။ FB သုံးသူသုံး၊ Youtube နားထောင်တဲ့သူက နားထောင်၊ စာအုပ်ဖတ်သူဖတ်။
ကျွန်တော်တို့ကို စောင့်ကြည့်မယ့်သူမရှိ။ အလုပ် မလုပ်ဘူးလား လာမေးမဲ့ Boss ကလဲ မရှိ။ မရှိဆို သူက အလုပ်ကိစ္စနဲ့ နိုင်ငံခြားထွက်သွားတာ ခုဆို ၂ လ ပြည့်တော့မယ်လေ။ ဒီ ၂ လအတွင်း ကျွန်တော်တို့လဲ လွတ်လပ်ရေးကို အပီအပြင် အသုံးချနေကြတာ။
ဒီလို လွတ်လပ်ချိန်တွေ ရလာရင်တော့ အချိန်အများစုကို ကျွန်တော် စာဖတ်ရင်း ကုန်ဆုံးလေ့ရှိတယ်။ ပြီးတော့ ယူကျု နားထောင်တယ်။ ဒီနေ့လဲ ကျွန်တော် စာဖတ်ဖြစ်တယ်။ Blinkist က စာအုပ် အနှစ်ချုပ် ၂ ပုဒ်ကို ဖတ်ရှုပြီးစီးသွားတယ်။ The Power of Now နဲ့ The Stillness is Key ဆိုတဲ့ စာပုဒ် ၂ ပုဒ်။
သို့ပေမဲ့ တစ်နေ့လုံးနေမှ ဒီစာ၂ ပုဒ်ပဲ ပြီးတာကိုတော့ ကျွန်တော်တယ်ပြီး မကျေနပ်လှဘူး။ အားမရလှဘူး။ ဒီထက် များများ ပိုဖတ်သင့်တယ်လို့ ကျွန်တော် မြင်တယ်။ ဒီလိုနဲ့ ၅ နာရီ ထိုးတော့ ကျွန်တော်တို့ တက်တက်ကြွကြွနဲ့ပဲ ရုံးဆင်းခဲ့ကြတယ်။
ရုံးကနေ အိမ်ပြန်ရောက်တော့ ထင်ပေါ်စာပေမှာ စာအုပ်သွားအပ်တယ်။ မာလာမောက်ချိုက်မှာစားတယ်။ ပြီးတော့ ဒီစာကို စရေးတယ်။
ခုလက်ရှိ နာရီကို လှမ်းကြည့်လိုက်တော့ အချိန်က ၉ နာရီ ၁၅ ရှိနေပြီ။ ၁၀ နာရီဆို ကျွန်တော် အိပ်ရတော့မယ်။
ဒါပါပဲ။ " ခင်ဗျား တစ်နေ့တာလုံးမှာ ဘာတွေ လုပ်ခဲ့သလဲ " မေးရင် ကျွန်တော့်မှာ ပြစရာ ဒါတွေပဲ ရှိတယ်။
ဘာ အလုပ်မှ မပြီးခဲ့။ ဘာ တိုးတက်မှုမှ မရှိခဲ့။ ဘာ ဆောက် အဓိပ္ပါယ်မှလဲ မရှိခဲ့။ ပျော်ရွှင်စရာလဲ ဘာတစ်ခုမှ မရှိခဲ့။
23.9.24
Keep Reading