နွေလရောင်မေ
စာဖတ်သူတို့ရေ..ကျွန်မတို့ရဲ့ ခန္ဓာကိုယ်ဟာ သွေးတွေ၊ဆဲလ်တွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတယ်ဆိုတာ ပြောစရာမလိုအောင် သိကြမှာပါ။ လူတွေရဲ့ သွေးထဲမှာ သွေးနီဉ(red blood cells) ၊သွေးဖြူဉ( white blood cells) နဲ့ သွေးဉမွှား (platelets) တွေပါဝင်ဖွဲ့စည်းထားပါတယ်။
သွေးအားနည်းတယ်ဆိုတာ သွေးနီဉ ပမာဏ လျော့နည်းလို့ပါ။ သွေးနီဉတွေရဲ့တာဝန်က ခန္ဓာကိုယ်မှာရှိတဲ့ tissue တွေ၊ ဆဲလ်တွေဆီကို အောက်ဆီဂျင် လုံလောက်အောင်ပို့ဆောင်ပေးရတာပါ။
💊သွေးအားနည်းတဲ့အခါ ဘယ်လိုခံစားရမလဲ။
*အားကုန်မောပန်းပြီး ခြေလက်တွေ မသယ်ချင်တာမျိုး
*အစားစားချင်စိတ်မရှိတာ
*ခေါင်းကိုက်၊ခေါင်းမူးတာ
*အာရုံစူးစိုက်နိုင်စွမ်းမရှိတာ၊ စိတ်အလိုမကျတာ
*ခြေလက်တွေ ထုံကျင်နေတာ
*မျက်ခမ်းစပ်နဲ့နှုတ်ခမ်းတွေ ဖြူဖျော့ပြီး အသားအရေတွေ ဖြူဖျော့လာတာ
*လက်သည်းခြေသည်းတွေ ကျိုးထွက်လာတာ
*ကိုယ်ဝန်ဆောင်တွေဆို ပေါင်မပြည့်၊ လမစေ့ပဲ မွေးတာ
*နှလုံးကြီးပြီး နှလုံး အလုပ်မလုပ်တာ
* အသက်ဆုံးရှုံးတာ အထိလည်း ဖြစ်နိုင်ပါတယ်။
👩🔬 ဘာကြောင့် သွေးအားနည်းတာလဲ။
*သွေးထွက်လွန်ပြီး ဆုံးရှုံးသွားတဲ့ သွေးနီဉတွေ ပြန်ဖြည့်ဖို့ အလျင်မမီတာ
*ခန္ဓာကိုယ်က သွေးနီဉတွေ မထုတ်နိုင်တာ
*ခန္ဓာကိုယ်က သွေးနီဉတွေ ဖျက်စီးပစ်လိုက်တာတွေကြောင့် သွေးအားနည်းနိုင်ပါတယ်။
သွေးအားနည်းစေတဲ့ အကြောင်းအရင်းတွေကို သေချာရှင်းပြပေးပါမယ်။
✤Vitamin ချို့တဲ့သောသွေးအားနည်းရောဂါ
သွေးနီဉထုတ်လွှတ်ဖို့ folate acid နဲ့ Vitamin -12လိုအပ်ပါတယ်။ မိမိစားတဲ့အစားအစာတွေမှာ folate acid နဲ့ vit-12ချို့တဲ့နေတာ၊ စားပေမယ့် အူက စုပ်ယူနိုင်စွမ်းမရှိတာ( အူကင်ဆာရောဂါ) စတာတွေကြောင့် သွေးအားနည်းနိုင်ပါတယ်။
✤ရိုးတွင်းခြင်ဆီရောဂါများ
ရိုးတွင်းခြင်ဆီရောဂါတွေဟာ ရိုးတွင်းခြင်ဆီကနေ သွေးဆဲလ်အသစ်တွေမထုတ်လုပ်နိုင်တော့တဲ့အတွက် သွေးနီဉ၊ သွေးဖြူဉနဲ့ သွေးဉမွှားတွေ လျော့နည်းပြီး အသက်ဆုံးရှုံးနိုင်တာပါ။
✤သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါ
အဖြစ်အများဆုံး သွေးအားနည်းရောဂါပါ။ သွေးနီဉတွေက Hemoglobin နဲ့ Oxygen တွေအား တစ်ကိုယ်လုံးကို ပို့ဆောင်ပေးရတာပါ။ သံဓာတ်ချို့တဲ့ရင် ရိုးတွင်းခြင်ဆီကနေ သွေးနီဉ ပါဝင်ပစ္စည်း hemoglobin ကို ထုတ်မပေးနိုင်တော့ပါဘူး။ Hemoglobin နဲ့ Oxygen ကို tissue ဆဲလ်တွေ မပို့နိုင်တဲ့အခါ သွေးအားနည်းတဲ့ လက္ခဏာတွေပေါ်လာပါတယ်။
✤ Thalassemia ရောဂါ
မျိုးရိုးဗီဇကြောင့်ဖြစ်တဲ့ Thalassemia သွေးရောဂါဟာ Hemoglobin တွေမထုတ်နိုင်လို့ သွေးအားနည်းပြီးမကြာခဏ သွေးသွင်းရတဲ့ရောဂါပါ။
✤ Sickle cell သွေးအားနည်းရောဂါ
Hemoglobin ချို့ယွင်းမှုကြောင့် သွေးနီဉတွေက လခြမ်းပုံ ဆဲလ်သေတွေ ဖြစ်လာစေတဲ့ sickle cell
anaemia ကလည်း မျိုးရိုးဗီဇကြောင့်ဖြစ်တဲ့ သွေးအားနည်းရောဂါပါ။
✤ ရောဂါအခံကြောင့်သွေးအားနည်းခြင်း
ကင်ဆာ၊ HIV,AIDS ရောဂါ၊ကျောက်ကပ်ရောဂါ၊ အသည်းရောဂါ၊လေးဘက်နာရောဂါတို့လို နာတာရှည်ရောဂါတွေမှာ ခန္ဓာကိုယ် tissue တွေရောင်ရမ်းမှုကြောင့် သွေးနီဉနည်းပြီး သွေးအားနည်းတတ်ပါတယ်။
✤ တစိမ့်စိမ့်သွေးဆုံးရှုံးနေတဲ့ပြဿနာ
လစဉ် ဓမ္မတာ သွေးဆင်းများခြင်း၊လိပ်ခေါင်းရှိခြင်း၊ အစာအိမ်အနာမှသွေးယိုစိမ့်နေခြင်း၊ ရုတ်တရက်သွေးအမြောက်အမြား ဆုံးရှုံးသွားတဲ့ အခြေအနေမျိုးနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေမှာလည်း သွေးအားနည်းနိုင်ပါတယ်။
💢 သွေးအားမနည်းအောင် ဘယ်လိုကာကွယ်ကြမလဲ။
ရောဂါတွေကြောင့်ဖြစ်တဲ့ သွေးအားနည်းခြင်းကို မကုသနိုင်ပေမယ့် သံဓာတ်နည်းခြင်း၊ ဗီတာမင်ချို့တဲ့သော ရောဂါများအတွက်တော့ ကြိုတင်ကာကွယ်လို့ရပါတယ်။
သံဓာတ်ကြွယ်ဝတဲ့ အမဲသားနဲ့အနီရောင်အသားတွေ၊ ပဲအမျိုးမျိုး၊ အစိမ်းရင့်ရောင်အရွက်တွေ၊အစိမ်းရောင် ပဲအမျိုးမျိုး၊ မြေပဲနဲ့ဆန်၊ ဂျုံ၊ပြောင်း၊ပေါင်မုန့်၊ B12 ကြွယ်ဝတဲ့ အသား၊ နို့နှင့် နို့ထွက်ပစ္စည်းများ၊ ပဲပိစပ်နှင့် အစေ့အဆံများ ကို စားသုံးပေးနိုင်ပါတယ်။
Vitamin C က သံဓာတ်စုပ်ယူခြင်းကိုအားပေးပါတယ်။ Vit-Cရဖို့ ချဉ်တဲ့အသီးများ၊ ခရမ်းချဉ်သီး၊ ငရုတ်သီး၊ Broccoli၊ စတော်ဘယ်ရီ စတာတွေကို မကြာခဏ စားပေးရပါမယ်။
သွေးအားနည်းတဲ့ လက္ခဏာရှိရင်တော့ ဘာကြောင့်သွေးအားနည်းလည်းဆိုတာ ဆရာဝန်နဲ့တိုင်ပင်ပြီး ဆေးကုသမှု ခံယူရပါမယ်။
နွေလရောင်မေ(17.11.2024)/Sunday
Keep Reading