တင်ညွန့်
တောလမ်းလေးကထွက်အလာ မြစ်ပြင်ကျယ်ကြီးကို မြင်နေရပြီ။
“မောင်ကြီး ရောက်တော့မလား”
“ဟိုမြစ်ကြီးကို ဖြတ်ပြီးရင် မောင်ကြီးတို့ရွာကို ရောက်ပြီကွယ့်”
သူတို့ ဇနီးမောင်နှံ လက်ထပ်ထားသည်မှာ မကြာသေး၊ ခင်ပွန်းဖြစ်သူ၏ ရွာကို ဇနီးသည်အား ခေါ်လာသည့် လမ်းတွင်ဖြစ်သည်။
“မောင်ကြီးရေ ... မိုးတွေမည်းနေတာပဲ ဖြတ်လို့ဖြစ်ပါ့မလား”
“ဖြစ်ပါတယ်ကွယ် ... မောင်ကြီးက ဒီမြစ်ကြီးထဲမှာ ကြီးပြင်းလာရတာပါ။ မပူပါနဲ့ကွယ် မောင်ကြီးတို့ မြစ်ပြင်ကို ဟိုလှေလေးနဲ့ကူးကြမယ်”
ယောက်ျားဖြစ်သူက ယုံကြည်ချက် ခိုင်မာစွာနှင့် သူ့ဇနီးကို လှေပေါ်သို့ တွဲခေါ်လိုက်သည်။ ထိုလှေက ကိုယ်တိုင် လှော်သွားရမည့် လှေဖြစ်သည်။ ယောက်ျားကလှော် မိန်းမက ထိုင်စီးပြီး မြစ်ပြင်ကျယ်ကြီးကို ဖြတ်လာခဲ့ကြသည်။
လှေလေးက သေးသေးလေးဖြစ်သည်။ သို့သော် နှစ်ယောက်တော့ ကောင်းကောင်း စီးနိုင်သည်။ မြစ်လယ်ကိုရောက်သည့်အခါ လေတွေကတိုက်၊ လှိုင်းတွေကကြွ လှေကလေးကို ထိန်းမနိုင်သိမ်းမရ ဖြစ်လာသည်။ ဇနီးသည်က ကြောက်လွန်းသဖြင့် လှေလှော်နေသော သူ့ယောက်ျားကို ကြည့်ကာ
“မောင်ကြီးရယ် ကြောက်လိုက်တာ”
“မကြောက်ပါနဲ့ကွယ်”
“မောင်ကြီး လှေထဲကိုလည်း ရေတွေဝင်လာပြီ”
“ခပ်ထုတ်လေကွယ်”
“မောင်ကြီး တစ်ဖက်ကမ်းကို ရောက်ပါ့မလား ... လှေမှောက်ရင် ခက်ကုန်တော့မယ်”
“မကြောက်ပါနဲ့ကွာ”
“မောင်ကြီးက မကြောက်နဲ့သာပြောနေတာ ... ကျွန်မကတော့ အသက်ထွက်မတတ်ပဲ။ မောင်ကြီးက အတော်လေး အသည်းမာတယ်”
ခင်ပွန်းဖြစ်သူက ရယ်လိုက်ပြီး သူ့ဘေးတွင်ချထားသည့် ဓားကို ကောက်ကိုင်လိုက်သည်။ သူက ဓားအိမ်ထဲမှ ဓားကို ထုတ်လိုက်သည်။
“မောင်ကြီး ဘာလုပ်နေတာလဲ”
ယောကျ်ားဖြစ်သူက ထုတ်ထားသော ဓား၏ ဓားဦးကို သူ့ဇနီးလည်ပင်းအား ထောက်လိုက်သည်။
“မောင်ကြီး ဘာလုပ်တာလဲ”
“ကဲ ခု ကြောက်သေးလားကွယ်”
“ဘာကိုကြောက်သလဲလို့ မေးတာလဲမောင်ကြီး”
“ရှင်မလည်ပင်းကို ဓားထောက်ထားပြီလေ ... မကြောက်ဘူးလား”
“မကြောက်ပေါင်”
“ဘာဖြစ်လို့လဲ”
“မောင်ကြီး လက်ထဲကဓားပဲ ကျွန်မက ဘာဖြစ်လို့ ကြောက်ရမှာလဲ”
“လှေမှောက်မှာနဲ့ ဓားကလည်ပင်းထဲဝင်သွားမှာ ဘယ်ဟာကို ပိုကြောက်သေးလဲ”
“ဓားကကြောက်စရာလား ... မောင်ကြီးက ကျွန်မလည်ပင်းထဲကို ထိုးမှာမှ မဟုတ်တာ”
“ကိုယ်ချစ်တဲ့သူကို ယုံကြည်လိုက်။ ချစ်တဲ့သူက ဒုက္ခမပေးဘူး”
“သဘာဝဘေးကို ပိုပြီးတော့ကြောက်တယ်မောင်ကြီး”
“အဲဒီလောက်အထိကို တွေးပူမနေနဲ့ကွယ်။ မောင်ကြီးကို ယုံကြည်လိုက်။ ကြိုးစားပြီးလှော်မယ်။ မကြာခင် ဟောဒီမြစ်ပြင်ကျယ်ကြီးကနေ လွတ်မြောက်တော့မယ်။ မလွတ်လည်း ဘုရားသခင် စီမံတဲ့အတိုင်းပဲလို့ သတ်မှတ်လိုက်ကြရအောင်။ သူထားရင်နေမယ်၊ သူခေါ်ရင်လိုက်သွားကြတာပေါ့။ တို့ချစ်တဲ့သူက တို့ကို ဒုက္ခမပေးပါဘူး
“ဒါဆိုဘုရားသခင် စီမံတဲ့အတိုင်းပဲဆိုပြီး မြစ်လယ်မှာ ဒီအတိုင်း ဖြစ်ချင်ရာဖြစ် နေလိုက်တော့မှာလား”
“ဟုတ်ပြီ ... အဲဒါ မောင်ကြီး လိုချင်တဲ့အဖြေပဲ။ အခက်အခဲကို လွတ်မြောက်ဖို့ဆိုတာ ရုန်းကန်ရမယ်၊ လှော်ခတ်ရမယ်၊ ကူးဖြတ်ရမယ်။ ဘယ်သူ့မှယုံလို့မရဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်လိုက်ရအောင်”
ယောက်ျားက အားစိုက်လှော်သည်။
မိန်းမက လှေထဲဝင်လာသော ရေတွေကို နိုင်အောင်ပက်ထုတ်သည်။
မုန်တိုင်းကကျလာသည်။ လှိုင်းကထန်လာသည်။
သို့သော်
သူတို့ ကမ်းကိုရောက်အောင် ကျော်ဖြတ်နိုင်ခဲ့ကြသည်။
တင်ညွန့်
Keep Reading