မောရိသျှ
၁၁။ မဖြစ်မနေ မှတ်ထားရမယ့် အချက်တွေက ဘာပဲလုပ်လုပ် မလုပ်ခင်ကတည်းက ကြိုတင်ပြီး ပြင်ဆင်ပါ။
ခေါင်းထဲ အတွေးပေါ်လာတာနဲ့ စီစဉ်သင့်တာကို ကြိုတင် စီစဉ်ပါ။ ပတ်သက်ဆက်နွယ်သမျှ အရင်းကိုစစ် ဇစ်မြစ်အထိ စိစစ်ပါ။မတူညီတဲ့ အစိတ်အပိုင်းတွေကို တစ်ခုချင်းစီ ခွဲခြမ်းစိတ်ဖြာပါ။ပြဿနာကို မဖြေရှင်းနိုင်မချင်း စောဒနာ၊ စောဒက ဆက်စပ်မပြတ် သုံးသပ်ပါ။စနစ်တကျ ဝေဖန်စီရင်ခြင်းထက် သာလွန်တဲ့ ဖြေရှင်းနည်း မရှိပါ။
မားခို့စ်(ဧကရာဇ်) ရဲ့ ကိုယ်ပိုင် Stoic အမြင်တွေကို စတင် ချပြထားတဲ့ စာပိုဒ် ဖြစ်ပါတယ်။
ပြဿနာ၊ ပဋိပက္ခ၊ အရှုပ်အရှင်းတိုင်းမှာ အမှန်တရား တစ်ဖက်၊ ဖြစ်စဉ်ဖြစ်ရပ် တစ်ဖက် ခွဲခြမ်းပြီး စိစစ်ပိုင်းဖြတ်ပါ။တန်ဖိုး နဲ့ နေရာ အလိုက် တန်ရာထိုက်ရာ ခွဲခြမ်းပါ။သဘောသဘာဝ၊ သရုပ်သကန်ခွဲခြားပြီး၊ အကောင်း၊ အဆိုး၊ အကြောင်းအကျိုး စိစစ်ပါ။
အမြင် အားဖြင့် လည်းကောင်း၊ အကြား အားဖြင့် လည်းကောင်း၊ အသိ အားဖြင့် လည်းကောင်း၊ သက်သေ အားဖြင့် လည်းကောင်း၊ သာဓက အားဖြင့် လည်းကောင်း၊ သရုပ် အားဖြင့် လည်းကောင်း၊ အဆို အားဖြင့် လည်းကောင်း၊ အခြေခံလျက် စိစစ်ပါ။
ပုဂ္ဂိုလ် အခြေခံလျှင် - သိမ်မွေ့မှု၊ ညင်သာမှု၊ ကြည်ဖြူမှု၊ ရဲရင့်မှု၊ ရဲတင်းမှု၊ မှန်ကန်မှု၊ ရိုကျိုးမှု၊ ယုံကြည်မှု၊ ရိုးသားမှု၊ ရပ်တည်မှုတွေကို အခြေခံပြီး စီစစ်ပါ။ အခြေအနေ၊ အချိန်အခါ၊ ကာလ၊ ဒေသ၊ ဝဿန္တ အလိုက် တူညီသော၊ ကွဲပြားသော၊ များပြားသော၊ နည်းပါးသော၊ ထပ်တူသော၊ ဆန့်ကျင်သော၊ နည်းစဉ်တကျ ဖြစ်သော၊ ဖီလာသော၊ သဘာဝ အလျောက် စီစစ်ပါ။
ကြင်နာမှု ကရုဏာတရား ရှေ့ထားလျက်၊ တရားမျှတစွာ စီရင်ပါ။ မတူညီကွဲပြားတဲ့ သဘာဝ နိယာမကို အခြေခံပြီး၊ ပြောင်းလဲဖြစ်ပျက်နေတဲ့ လောက သဘာဝ အပေါ်၊ သစ္စာတရားနဲ့ နိုင်းယှဉ်ပြီး စစ်စစ်၊ ဝေဖန်၊ ပိုင်းဖြတ်၊ စီရင်ပါ။
၁၂။ မှန်ကန်တဲ့၊ တိကျတဲ့၊ ရည်ရွယ်တဲ့၊ ရပ်တည်တဲ့၊ နည်းမှန်တဲ့ အကြောင်းအရင်းခံ နဲ့ အလုပ် လုပ်ပါ။ နှစ်ခါ နောက်ပြန်တွေးပြီးမှ လုပ်တဲ့အကျင့် မရှိစေနဲ့။ဆုံးဖြတ်ပြီးတဲ့အတိုင်း တသွေမတိမ်း လုပ်ကိုင်ပါ။စင်ကြယ်မှု၊တိကျမှု၊ မှန်ကန်မှု ဆိုတဲ့ တိဘာဝကိန်းသေ အတိုင်း အလုပ်ကို အစဉ်တစိုက် လုပ်ကိုင်ပါ။လက်ရှိ အခြေအနေထက် ပိုကောင်းတဲ့ အခါအခွင့် မရှိပါ။
၁၃။ သမားတော်တွေ အချိန်မရွေး ကုသနိုင်ဖို့ ဆေးဝါးနဲ့ ကိရိယာတွေကို စုံစုံလင်လင် ကြိုပြင်ထားသလိုပဲ၊ဘဝစစ်ပွဲ တိုက်နိုင်ဖို့ရာ လူသားမှန်ရင် အသိပညာ ဆည်းပူးထားရမယ်။ အသိဉာဏ်ပညာ တိုးတက်မှသာ၊ အသေးဆုံးသော ဘဝ စိန်ခေါ်မှုကစလို့၊ သေခြင်းဆိုတဲ့ မရဏဘေးကို ရင်ဆိုင်ဖို့ရာ သတ္တိဗျတ္တိ ရှိနိုင်လိမ့်မယ်။ မပြင်ဆင်ဘဲ မရင်ဆိုင်နဲ့။
၁၄။ စာအုပ်ဖတ်တိုင်း ပညာမတတ်။ ပညာတတ်တိုင်း အသိမရှိ။ အသိရှိတိုင်း ဉာဏ်မထက်။ ဉာဏ်ထက်မြတ်တိုင်း အလုပ်မဖြစ်။ အလုပ်လုပ်တိုင်း ဘဝတစ်ခု မတည်ဆောက်နိုင်ပါ။ ဘဝ ဆိုတာ အမှားတွေနဲ့ အုတ်မြစ်ခံပြီး၊ အတွေ့အကြုံတွေနဲ့ ငြမ်းဆင်ရတာပါ။ အမှန်တရားဆိုတဲ့ တိုင် ထူပြီးမှ၊ ကြိုးစား ရုန်းကန်မှုနဲ့ အကာအကွယ်လုပ်ပြီးတဲ့နောက်၊ ပြီးမြောက်အောင်မြင်မှုနဲ့ ခေါင်ကို အုပ်မိုးကြရတယ်။
အလောမကြီးနဲ့၊ တဖြေးဖြေးချင်းလှမ်းမှ ခလုတ်မငြိ၊ ဆူးမထိဘဲ လိုရာကို ရောက်အောင် သွားနိုင်မယ်။ သတိတော့ ကြီးပါစေ။ မသိနိုင်၊ မမြင်နိုင်တဲ့ ဘဝ စိန်ခေါ်မှုတွေက အချိန်မရွေး၊ အခါမရွေး စမ်းသပ်လိမ့်မယ်။ပုံမှန်လေး လျှောက်လှမ်းနေသရွေ့ အန္တရာယ် ကြီးကြီးမားမားနဲ့ တိုက်တိုက်ဆိုင်ဆိုင် တွေ့စရာ အကြောင်း မရှိပါ။
၁၅။ အတွေးမများနဲ့။ အသိ ဆိုတာ ဖြောင်ယူရတဲ့ သူခိုးပစ္စည်းပါ။ ပညာ ဆိုတာ မျက်နှာပြောင်တိုက် လုယူရတဲ့ ပစ္စည်းပါ။အတတ်ဆိုတာ ခွင့်ပြုချက်နဲ့ အတုခိုးတဲ့ အလုပ်ပါ။မြင်မြင်သမျှ၊ ကြားကြားသမျှ၊ သိသိသမျှ အရာအားလုံး အတုအယောင်တွေ ဖြစ်ပြီး၊ မမြင်ရသေး၊ မကြားရသေး၊ မသိရသေးတဲ့ အရာတွေက အစစ်အမှန်တွေ ဖြစ်တယ်။
၁၆။ ရုပ်၊ ဝိညာဏ်၊ ဉာဏ်။ရုပ် အတွက် အာရုံ။ ဝိညာဏ် အတွက် အလို။ ဉာဏ် အတွက် အသိ။ အာရုံ ကို အလိုက ချုပ်၊ အလိုကို အသိက ချုပ်၊ အသိကို အာရုံက ချုပ်တယ်။ အာရုံ ခံစားချက်တွေကြောင့် အလိုဆန္ဒ ပြင်းပျတယ်။ အလိုဆန္ဒ ရှိလာလို့ အသိစိတ်က စေ့ဆော်တယ်။ အသိစိတ်က စေ့ဆော်မှ အာရုံအလိုက် လုပ်ကြတယ်။ အာရုံ မှန်၊ အလို မှန်၊ အသိ မှန်ဖို့ - သတိ ကောင်းရမယ်။
#မောရိသျှ
Keep Reading