တင်ညွန့်
မေမေက အိမ်ထဲဝင်၊ ပြန်ထွက် မျက်စိနောက်လောက်အောင် ဖြစ်နေသည်။
ဖေဖေက မေးသည်
“မကျည်းတန် ဘာတွေဖြစ်နေတာလဲကွယ် … မျက်စိကိုနောက်ရော”
“ကိုချစ်ခင် … ကျွန်မ ပိုက်ဆံဘယ်မှာထားမိသလဲ မသိဘူး”
“ဘာပိုက်ဆံလဲ”
“ကျွန်မစုထားတဲ့ ပိုက်ဆံလေ”
“ဘယ်လောက်များလဲကွယ်”
“ငါးသောင်းရှင့် … ငါးသောင်း … သားများယူသေးလား”
စာဖတ်နေသော ကျွန်တော့်အနားလာပြီး မေမေကမေးလိုက်သည်။
“မေမေရယ် … မေမေ့ပိုက်ဆံ ဘယ်မှာထားသလဲ … သားမသိဘူးလေ … သားက ဘာဖြစ်လို့ ယူမှာလဲ။ ယူရင်လည်း မေမေ့ကို ပြောမှာပေါ့”
မေမေက မီးဖိုချောင်ထဲဝင်သွားပြန်သည်။ ပြန်ထွက်အလာတွင် ဖေဖေက
“မကျည်းတန် … ကဲ … ကဲ … ဘာဖြစ်လို့ ပိုက်ဆံငါးသောင်းက အရေးကြီးနေရသလဲ”
“အရေးကြီးတာပေါ့ … အပြင်မှာ ပစ္စည်းလာပို့တဲ့ကောင်လေးရောက်နေတယ်”
“မင်းက ဘာများမှာထားလို့လဲ”
“ကျွန်မ ရှင့်အတွက် နေကာမျက်မှန်လေးတစ်လက်မှာထားတယ် … အဲဒါလာပို့နေလို့”
“ဘာဖြစ်လို့များ မှာရတာလဲကွာ”
“ရှင်ပဲ မျက်စိခွဲထားတာ … အပြင်ထွက်ရင် မျက်စိစူးတယ်ဆို”
“ရပါတယ်ကွာ … ပျောက်သွားမှာပါ”
“ရှင်မေ့နေပြီလား”
“ဘာကိုလဲ”
“မနက်ဖြန် ရှင့်မွေးနေ့လေ … အဲဒါလက်ဆောင်ပေးချင်လို့ အွန်လိုင်းပေါ်ကနေ မှာလိုက်တာ”
“ကဲပါကွယ် … ရှာမနေပါနဲ့တော့ … ရော့ … ဒီမှာ ငါ့ဆီကပဲယူလိုက် … အပြင်မှာ စောင့်နေရတဲ့သူကို အားနားစရာ”
ဖေဖေက သူ့ပိုက်ဆံအိတ်ထဲက ပိုက်ဆံ ငါးသောင်းကို ထုတ်ပေးလိုက်သည်။
မေမေက ပိုက်ဆံကိုကိုင်ပြီး အပြင်ထွက်သွားသည်။ ခဏအကြာတွင် အထုပ်လေးတစ်ထုပ်နှင့် ပြန်ဝင်လာ သည်။ အိမ်ထဲရောက်သည့်အခါတွင်
“ကိုချစ်ခင်”
“ဘာလဲကွယ်”
“လာစမ်းပါ … ဒီမှာ တပ်ကြည့်စမ်းပါ”
မေမေက အထုပ်ကိုဖြေပြီး ဖေဖေ့ကို ဘူးလေးထဲက နေကာမျက်မှန်အားထုတ်ကာ ပေးလိုက်သည်။
ဖေဖေက မျက်မှန်ကိုတပ်ကြည့်သည်။
“မဆိုးဘူး လိုက်သားပဲ”
“ငါက ဘယ်လိုလုပ်ပြီးသိမှာလဲ”
“ခဏလေး ကျွန်မ မှန်သွားယူလိုက်ဦးမယ်”
မေမေက အိမ်ခန်းထဲဝင်သွားသည်။ ခဏအကြာတွင် မှန်နှင့်အတူ ပိုက်ဆံတစ်သောင်းတန်များကိုကိုင်ကာ ပြန်ထွက်လာသည်။
“ကိုချစ်ခင်”
“ဘာလဲကွယ်”
“ကျွန်မပိုက်ဆံတွေကို ဟောဒီမှန်အောက်မှာ ပြန်တွေ့တယ်ရှင့်”
“ဟုတ်လား … မင်းအထားမှားတာနေမှာပါ”
“ဟောဒီမှာ ကြည့်လေ … ရှင်နဲ့ အဲဒီနေကာမျက်မှန် ဘယ်လောက်လိုက်သလဲ”
ဖေဖေက မှန်ကိုကြည့်သည်။
“အေး … မဆိုးပါဘူး … ကျော်ဆွေလိုလိုဘာလိုလိုနဲ့”
“ဟွန်း သူ့ကိုယ်သူများ ကျော်ဆွေတဲ့”
မေမေက မီးဖိုခန်းထဲပြန်ဝင်သွားသည်။ ဖေဖေက မျက်မှန်ကို ဘူးလေးထဲထည့်ကာ သိမ်းနေစဉ် ကျွန်တော်က
“ဖေဖေ”
“ဘာလဲကွ”
“ဖေဖေ အခန်းထဲကို ပိုက်ဆံတွေနဲ့ဝင်သွားတာ မေမေ့ပိုက်ဆံဆိုပြီး သွားထားပေးတာ မဟုတ်လား”
“အေးလေ”
“ဘာဖြစ်လို့အဲဒီလို လုပ်ရတာလဲဖေဖေ”
“သူစိတ်ချမ်းသာအောင်ပေါ့ကွာ … သူ့ကို ပိုက်ဆံပျောက်တယ်ဆိုပြီး စိတ်ထဲမှာ တနုံ့နုံ့နဲ့ မဖြစ်စေချင်လို့”
“မေမေစုထားတဲ့ပိုက်ဆံက ဘယ်မှာထားတယ်ဆိုတာ ဖေဖေသိလို့လား”
“မသိဘူးလေကွယ် … မျက်မှန်ဆိုကတည်းက တပ်ခိုင်းပြီးရင် မှန်ကြည့်ခိုင်းတော့မှာဆိုတာသိလို့ မှန်အောက် သွားထားလိုက်တာ”
“ဪ … ဖေဖေရယ်”
ထိုစဉ် မေမေက နောက်ဖေးမီးဖိုချောင်ထဲမှ ပိုက်ဆံ ငါးထောင်တန်တွေကိုင်ကာ ထွက်လာသည်။
“ကိုချစ်ခင်”
“ဟေ”
“ကျွန်မ မီးဖိုချောင် ကြောင်အိမ်ထဲမှာ သိမ်းထားတဲ့ ပိုက်ဆံတွေ ပြန်တွေ့ပြီ … ကျွန်မအထားမှားတာ။ နေဦး ကျွန်မ စုထားတာ ငါးထောင်တန်တွေပါ၊ ဘာဖြစ်လို့ အိမ်ခန်းထဲက မှန်တင်ခုံပေါ်မှာ တစ်သောင်းတန် ငါးရွက်က ရောက်နေရတာလဲ။ အဲဒါတွေ ဘယ်သူ့ပိုက်ဆံလဲ”
“မင်းစုထားတာတွေပဲ ဖြစ်မှာပေါ့ကွယ် … ခုတစ်လော မင်းက သိပ်မေ့တတ်တာပဲ”
“အင်းနော် … ကျွန်မမှန်တင်ခုံပေါ်က ပိုက်ဆံတွေက ဘယ်သူ့ပိုက်ဆံပါလိမ့်”
ဖေဖေကပြုံးနေသည်။
ကျွန်တော်ကလည်း သူတို့နှစ်ဦးကိုကြည့်ကာ ကြည်နူးနေမိသည်။
တင်ညွန့်
Keep Reading