Kaung Set Lwin
သုတစုစည်းမှု(၂)မှာတော့ ကျွန်တော်အရှေ့မှာ ရေးသားဖော်ပြခဲ့ပြီးသားဖြစ်တဲ့ "၁၆ရာစု ခရမ်းချဥ်သီးပြဿနာ"၊ "ကားတွေအစ ဘယ်ဆီက"၊ "ရေဘဝဲမင် ဘယ်ကထွက်"၊ "ကွန်ပျူတာထဲက ပိုးကောင်" စတဲ့ သုတဆောင်းပါးလေးပုဒ်စလုံးကို ပြန်လည်စုစည်းဖော်ပြသွားမှာ ဖြစ်ပါတယ်။
ခရမ်းချဥ်သီးဆိုတာ ကျွန်တော်တို့စားနေသားကျနေတဲ့ ရင်းနှီးပြီးသားအသီးဆိုတာ ပြောဖို့မလို့တော့ဘူးထင်ပါတယ်။ ဟင်းချက်စားစား၊ Burgerတို့ Sandwichတို့ထဲ ထည့်စားစား ကောင်းနေတာပဲ။ ဒါပေမယ့် ခရမ်းချဥ်သီးနဲ့ပတ်သက်ပြီး အထင်အမြင်လွဲမှားမှုကြီးတစ်ခုဖြစ်ပေါ်ခဲ့တယ်ဆိုရင်....
၁၆ရာစုနှောင်းပိုင်းက စာအုပ်တစ်အုပ်
၁၆ရာစုနှောင်းပိုင်းက အင်္ဂလန်နိုင်ငံမှာ John Gerardဆိုတဲ့ ပရဆေးဆရာတစ်ယောက်ရှိခဲ့ပါတယ်။ အဲဒီတုန်းက နာမည်ကြီးဆေးဆရာတစ်ယောက်ပေါ့။
၁၅၉၇ ခုနှစ်မှာတော့ သူက "The Herball" ဆိုတဲ့နာမည်နဲ့ စာအုပ်တစ်အုပ်ကို ထုတ်ဝေခဲ့ပါတယ်။ စာအုပ်ကြီးဟာ အနောက်တိုင်းက လူတွေအတွက် ယုံကြည်အားကိုးစရာစာအုပ်တစ်အုပ်ဖြစ်ခဲ့ပါတယ်။
အဲဒီမှာ မှားယွင်းမှုတစ်ခုဖြစ်သွားခဲ့ပါတယ်။ ဘယ်လိုမှားယွင်းမှုလဲဆိုတော့ အဲဒီစာအုပ်ထဲမှာ John Gerardဟာ ခရမ်းချဥ်သီးဟာ အဆိပ်ရှိတဲ့ အသီးတစ်မျိုးဖြစ်ကြောင်း ရေးသားခဲ့ပါသတဲ့။
အမှားတစ်ခုရဲ့ အကျိုးဆက်
ဒီစာအုပ်ကြီးထွက်ရှိပြီးတဲ့နောက်မှာတော့ ခရမ်းချဥ်သီးအဆိပ်ရှိပါတယ်လို့ ယုံကြည်သွားတဲ့ အမေရိကန်နှင့်အင်္ဂလိပ်လူမျိုးအများစုဟာ ခရမ်းချဥ်သီးမစားကြတော့ပါဘူး။ ဒါပေမယ့် စပိန်၊ အီတလီစတဲ့ အနောက်တိုင်းက နိုင်ငံတွေမှာတော့ ခရမ်းချဥ်သီးစားသုံးမှုကို ၁၆ရာစုနှောင်းပိုင်းကာလကတည်းက တွေ့ရှိရပါတယ်။ စာအုပ်ကြီးကို ယုံကြည်ခဲ့တဲ့သူတွေအားလုံး ခရမ်းချဥ်သီးကို ပြန်လည်ယုံကြည်လာဖို့က နှစ်၂၀၀ကျော် အချိန်ယူခဲ့ရပါတယ်။
အမှားမြင်နေသည်ကို အမှန်ပြင်ပေးခဲ့သူ
နှစ်ပေါင်းများစွာ မှားလာတာကြီးကို အမှန်မြင်စေခဲ့သူ ကတော့ New Jersayက အမေရိကန်ရှေ့နေ Robert Gibbon Johnsonပဲဖြစ်ပါတယ်။ သူက ရှေ့နေတစ်ယောက်ဖြစ်သလို အပင်တွေကို လေ့လာနေတဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ၁၉၈၀အရောက်မှာတော့ ခရမ်းချဥ်သီးတွေဟာ New Jersayမှာ အရေးပါတဲ့အသီးတစ်မျိုးဖြစ်လာပြီးတော့ Johnsonဟာ ခရမ်းချဥ်သီးတွေကို အခြားပြည်နယ်တွေကို တင်ပို့ဖို့လုပ်ပါတော့တယ်။ ဒါပေမယ့် ခရမ်းချဥ်သီးကို သံသယရှိနေတဲ့သူတွေကလည်း ရှိပြန်ပါသေးတယ်။ ဒါကြောင့် နေ့တစ်နေ့ရဲ့ မွန်းတည့်ချိန်မှာ "မနက်ဖြန်သူကိုယ်တိုင် ပြည်နယ်တရားရုံးရှေ့မှာ ခရမ်းချဥ်သီးစားပြမယ်ဆိုပြီး စားပြမယ်"ဆိုပြီးကြေညာလိုက်ပါတော့တယ်။ နောက်တစ်နေ့နံနက်ခင်းမှာတော့ လူနှစ်ထောင်လောက် တရားရုံးရှေ့က ရင်ပြင်ကို ရောက်လာကြပါတယ်။ ခဏကြာတော့ Johnsonတစ်ယောက် ခရမ်းချဥ်သီးခြင်းတောင်းလေးယူလာပြီး အားလုံးမြင်အောင်ပြ၊ တစ်လုံးပြီး တစ်လုံးစားပြပါတော့တယ်။ လူအုပ်ထဲမှာ စိုးရိမ်တကြီးနဲ့အော်တဲ့သူကအော်၊ စိတ်ဝင်တစားကြည့်တဲ့သူတွေကလည်း ကြည့်နေခဲ့ကြပါတယ်။ ဒါပေမယ့် သူဘာမှမဖြစ်တာကို မြင်ပြီးတဲ့နောက်မှာတော့ ကြည့်ရှုသူပရိတ်သတ်က ဝမ်းသာအားရ အားပေးလိုက်ကြပါတော့တယ်။ အဲဒီလိုသက်သေပြပြီးတဲ့နောက်မှာတော့ ခရမ်းချဥ်သီးဟာ အဆိပ်ရှိပါတယ်လို့ ဘယ်သူကမှ မပြောကြတော့ပါဘူး။
ခရမ်းချဥ်သီးဟာ အဆိပ်မရှိ၊ ဒါပေမယ့်...
ခရမ်းချဥ်သီးတွေဟာ အဆိပ်မရှိကြပါဘူး။ ဒါပေ
မယ့် ခရမ်းချဥ်သီးအရွက်နှင့် အကိုင်းတွေမှာတော့ အဆိပ်ရှိတာကို တွေ့ရပါတယ်။ နည်းနည်းလေးစားရင်တော့ ဘာမှမဖြစ်ပေမယ့် အများကြီးစားရင်တော့ အဆိပ်သင့်တဲ့ လက္ခဏာတွေဖြစ်တဲ့ ခေါင်းမူးတာ၊ အော့အန်တာတွေ ဖြစ်နိုင်ပါတယ်။
ဒါကတော့၁၆ရာစုက စတင်ပေါ်ပေါက်ခဲ့တဲ့
ခရမ်းချဥ်သီးပြဿနာနှင့် ဖြေရှင်းခဲ့ပုံဖြစ်ပါတယ်။ နောက်ထပ်ဆောင်းပါးတစ်ပုဒ်အနေနဲ့ ကားတွေကို ဘယ်သူတွေက ဘယ်လိုတီထွင်ခဲ့တယ်ဆိုတဲ့အကြောင်း ဆက်ဖတ်ကြည့်ရအောင်။
တစ်ချိန်တုန်းကတော့ အဝေးတစ်နေရာကို ခရီးသွားမယ်၊ နိုင်ငံခြားကူးသန်းရောင်းဝယ်မှုတွေ ပြုလုပ်မယ်ဖို့အတွက်ဆိုရင် သယ်ယူပို့ဆောင်ရေးယာဥ်အဖြစ် မြင်းလှည်းတွေ၊ နွားလှည်းတွေကို သုံးခဲ့ကြပါတယ်။ ဒါပေမယ့် ဒီယာဥ်တွေဟာ တိရစ္ဆာန်တွေအပေါ်မှာ မှီခိုနေရတာဖြစ်သလို အရေးကြီးတဲ့အခြေအနေတွေမှာ လိုချင်တဲ့အမြန်နှုန်းကို မပေးစွမ်းနိုင်ပါဘူး။ ဒီလို လိုအပ်ချက်တွေက ကားတွေကို တီထွင်ဖို့လှုံဆော်ခဲ့ပါတယ်။
ကားဆိုတာဘာလဲ
Car ဆိုတဲ့ စကားလုံးဟာ လက်တင်ဘာသာစကား
Carrus (ဒါမှမဟုတ်) Carrum ဆိုတဲ့ စကားလုံးက လာတာဖြစ်ပြီး "ဘီးတပ်ယာဥ်"လို့ အဓိပ္ပါယ်ရပါတယ်။ပြင်သစ်တွေကလည်း ရထားလုံးတွေကို Carre လို့ခေါ်ကြပါသေးတယ်။ အဲဒီနောက်မှာတော့ အင်္ဂလိပ်စာမှာ Car ဆိုတဲ့ စကားလုံးရောက်ရှိလာပါတယ်။
ကားပုံကြမ်းကို ရေးဆွဲသူ
ကားလို့ခေါ်ရမဲ့အရာရဲ့ပုံကြမ်းကို ပထမဆုံးရေးဆွဲခဲ့သူကတော့ ကျွန်တော်တို့နဲ့ရင်းနှီးပြီးသားဖြစ်တဲ့ ပန်းချီဆရာကြီးလီယိုနာဒို ဒါဗင်ချီဖြစ်ပါတယ်။ အင်္ဂလိပ်လို Self-propelled cart လို့ခေါ်ပါတယ်။
သူ့ရဲ့ပုံကြမ်းကို လက်တွေ့တည်ဆောက်ကြည့်မယ်ဆိုရင် ပုံထဲကအတိုင်းမြင်တွေ့ရမှာဖြစ်ပါတယ်။
စတင်တီထွင် ရေနွေးငွေ့အင်ဂျင်
၁၇၆၉ခုနှစ်မှာ ပြင်သစ်လူမျိုး Nicolas-Joseph Cugnotက သူ့ရဲ့ရေနွေးအင်ဂျင်သုံးယာဥ်ကြီးကို တီထွင်မောင်းနှင်ခဲ့ပါတယ်။ ပစ္စည်းတွေသယ်ဖို့ဆိုရင်တော့ကောင်းပေမယ့် အမြန်နှုန်းကတော့ တစ်နာရီ ၂.၂၅မိုင်လောက်ပဲသွားနိုင်ပါတယ်။
အရမ်းမမြန်ပေမယ့် အကြမ်းခံမယ်ဆိုရင်....
၁၈၈၅ခုနှစ်မှာတော့ ဂျာမနီနိုင်ငံသား Karl Benzက သူ့ရဲ့ Motorwagenကို တီထွင်ပြသခဲ့ပါတယ်။ အဲဒီအချိန်တုန်းက Motorwagenတစ်စီးကို အမေရိကန်ဒေါ်လာ၁၅၀ရှိပြီး ၂၀၂၄ရဲ့ ဒေါ်လာ ၅၂၀၀နဲ့ညီမျှပါတယ်။ သူ့ရဲ့ယာဥ်က တစ်နာရီ ၁၆မိုင်လောက်ပဲသွားနိုင်တယ်ဆိုပေမယ့် ယာဥ်ရဲ့အကြမ်းခံနိုင်စွမ်းကို ပြသဖို့အတွက် Benzကိုယ် တိုင် ခရီးရှည်ကြီးတွေကို မောင်းပြခဲ့ပါတယ်။
ပထမဆုံးခေတ်မီကား
အမေရိကန်နိုင်ငံသား Henry Fordက ၁၉၀၃ခုနှစ်မှာ Fordကားကုမ္ပဏီကို တည်ထောင်ခဲ့ပါတယ်။ ပြီးတော့သူ့ရဲ့ကားကုမ္ပဏီကနေ Model A,B,C,D,E,F,K,N,R,S စတဲ့ကားမော်ဒယ်တွေကို စတင်ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ ၁၉၀၈အရောက်မှာတော့ Model Tကို ထုတ်လုပ်ခဲ့ပြီး ဈေးသက်သာတဲ့ ခေတ်မီကားတစ်စီးဖြစ်တဲ့အလျောက် ၁၉၀၈ကနေ ၁၉၂၇ကြားကာလမှာ တော်တော်နာမည်ကြီးတဲ့ကားတစ်စီးဖြစ်ခဲ့ပါတယ်။ ဒါအပြင်သူ့ရဲ့ အင်ဂျင်ပုံစံဟာလည်း ယနေ့ခေတ်ကားတွေနဲ့ဆင်တူတာကို တွေ့ရပါတယ်။
ဒါကတော့ ကားတွေကိုဘယ်သူတွေက ဘယ်လိုကောင်းမွန်အောင် အဆင့်မြှင့်တီထွင်ခဲ့ကြတဲ့အကြောင်းပဲဖြစ်ပါတယ်။ ကုန်းပေါ်က ကားတွေအကြောင်းပြောပြီးပြီဆိုတော့ ရေထဲက ရေဘဝဲတွေအကြောင်းလေ့လာကြည့်ရအောင်။
ပင်လယ်သမုဒ္ဒရာဆိုတာ ထူးခြားဆန်းကြယ်မှုတွေပြည့်နေတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ သဘာဝတရားကြီးရဲ့
ထူးခြားမှုတွေနဲ့အတူ ဆန်းကြယ်လှတဲ့ ရေနေသတ္တဝါ တွေကိုလည်း တွေ့ရပါတယ်။ အဲဒီသတ္တဝါတွေထဲမှာ ရေဘဝဲဆိုတဲ့ သတ္တဝါလည်း ပါဝင်တာပေါ့။ မင်တွေ ထုတ်တတ်တဲ့ သူတို့တွေနဲ့ စာဖတ်သူတို့ရင်းနှီးပြီးသားဖြစ်မှာပါ။ ဒါပေမယ့် မင်တွေဘယ်ကထွက်လာတာလဲ ဆိုတာကတော့ စိတ်ဝင်စားစရာကောင်းလှပါတယ်။
မင်တွေ ဘာလို့ထုတ်တာလဲ
မင်တွေ ထုတ်ရတဲ့ အဓိကအကြောင်းအရင်းကတော့ သူတို့ကိုယ် သူတို့ကာကွယ်ဖို့ပဲဖြစ်ပါတယ်။ ရေဘဝဲတွေဟာ တိုက်ခိုက်ခံတဲ့အခြေအနေမှာ မင်တွေထုတ်ပြီး မြင်ကွင်းကို ကွယ်လိုက်လေ့ရှိပါတယ်။ ဒါ့အပြင် မင်တွေကြောင့် သူတို့ဘယ်မှာလဲဆိုတာကို အနံ့ခံဖို့ ခက်ခဲသွားစေပါတယ်။
မင်တွေ ဘယ်ကထွက်လာတာလဲ
မင်တွေ ဘယ်ကထွက်လာတာလဲ
ပထမဆုံး သူတို့ရဲ့မင်အိတ်(ink sac)ထဲမှာ Melaninလို့ခေါ်တဲ့ ဆိုးဆေးတစ်မျိုးကို ထုတ်ပေးပါတယ်။ အဲဒီဆိုးဆေးဟာ သဘာဝအတိုင်းဖြစ်ပေါ်လာတာဖြစ်ပြီး လူတွေရဲ့ဆံပင်တွေမှာတွေ့ရတဲ့ ဆိုးဆေးတစ်မျိုးဖြစ်ပါတယ်။ လူတွေရဲ့ ဆံပင်တွေမဲနေရတာလည်း အဲဒီMelaninကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် Mucusဆိုတဲ့ စေးပျစ်ပျစ်အရည်တစ်မျိုးကို ထုတ်ပေးပြီး Melaninနှင့်ရောလိုက်ပါတယ်။ Mucusနှင့်ရောလိုက်တဲ့အခါ မင်တွေဟာ စေးပျစ်သွားပါတယ်။ သူမပါရင် မင်တွေဟာ ကျဲကျဲကြီးဖြစ်ပြီး ရေထဲမှာ ခဏလေးနဲ့ပျံ့ရောပျောက်ကွယ်သွားမှာဖြစ်ပါတယ်။ အဲဒီလိုနှစ်ခုရောပြီးတဲ့နောက် မင်တွေဟာ လွှတ်ထုတ်ဖို့အဆင်သင့် ဖြစ်ပါပြီ။ လိုအပ်တဲ့အခါ မင်တွေကို ပြွန်တစ်မျိုးကနေတစ်ဆင့် လွှတ်ထုတ်လိုက်ပါတယ်။ (ပုံထဲမှာတော့ tunnelလို့ရေးထားပြီး ဆောင်းပါးရဲ့ အဓိကပုံထဲမှာတော့ မျက်လုံးအောက်နားမှာ မြင်တွေ့နိုင်ပါတယ်)
သူတို့တွေဟာ အဲဒီပြွန်ကို မင်ထုတ်ဖို့အတွက်သာမက ရေအမြန်ကူးနိုင်ဖို့နှင့် အသက်ရှုဖို့အတွက်လည်း အသုံးပြုကြပါတယ်။
ဒါဆိုရင်....
သူတို့မင်တွေက အဆိပ်ရှိလား
သူတို့ရဲ့မင်တွေက အဆိပ်မရှိပါဘူး။ ဒါပေမယ့် ရေဘဝဲတွေဟာ ကိုက်တတ်ပါတယ်။ ပုံမှန်ကိုက်လေ့မရှိပေ
မယ့် အကိုက်မခံရအောင် သတိထားသင့်ပါတယ်။ မျိုးစိတ်အများစုတွေက အဆိပ်မရှိပေမယ့် Blue-Ringed Otopusလိုမျိုးအပြာရောင်အကွင်းတွေနဲ့
ရေဘဝဲတွေရဲ့ အဆိပ်ကတော့ 1 milligramလေးကတောင် သေစေနိုင်ပါတယ်။
ဒါကတော့ ရေဘဝဲတစ်ကောင်ရဲ့ မင်ထုတ်ပုံ
အဆင့်ဆင့်၊ အသုံးပြုတဲ့အစိတ်အပိုင်းတွေအကြောင်း
နှင့် သတိပြုစရာအချက်တွေ ဖြစ်ပါတယ်။ နောက်ဆုံးဆောင်းပါးတစ်ပုဒ်အနေနဲ့ ကွန်ပျူတာအခေါ်အဝေါ်လေးတစ်ခုအကြောင်း လေ့လာကြည့်ရအောင်။
အမှားအယွင်းတွေကို အင်္ဂလိပ်လို "mistake (ဒါမှမဟုတ်) error" လို့ခေါ်ကြတယ်။ ဒါပေမယ့် ကွန်ပျူတာ programmingပိုင်းမှာ Codeရေးတာ၊ softwareတည်ဆောက်တာမှာ ဖြစ်ပေါ်တတ်တဲ့ အမှားအယွင်းတွေကိုတော့ "bug"(ပိုးကောင်)လို့ခေါ်ကြပါတယ်။ ဘာကြောင့် ဒီလိုခေါ်ကြတာလဲဆိုတာကတော့ စိတ်ဝင်စားစရာကောင်းလှပါတယ်။
ကွန်ပျူတာခေတ်မတိုင်မီက bug
"bug"ဆိုတဲ့ စကားလုံးကို ကွန်ပျူတာတွေ မပေါ်ခင်ကတည်းက စက်ပစ္စည်းဆိုင်ရာ အမှားအယွင်းတွေကို ပြောဖို့သုံးခဲ့ကြပါတယ်။ ဒီစကားလုံးရှိနေခဲ့တယ်ဆိုတဲ့ သက်သေအထောက်အထားတွေကိုလည်း တွေ့ရှိရပါတယ်။ ဥပမာပြောရမယ်ဆိုရင် သိပ္ပံပညာရှင်ကြီး Thomas Edisonရဲ့ ၁၈၇၈ခုနှစ်က စာတစ်စောင်မှာ သူ့ရဲ့မှားယွင်းမှုတွေနဲ့ ပတ်သက်ပြီး
It has been just so in all of my inventions. The first step is an intuition, and comes with a burst, then difficulties arise—this thing gives out and then that "Bugs"—as such little faults and difficulties are called—show themselves and months of intense watching, study and labor are requisite before commercial success or failure is certainly reached.
ဆိုပြီး ရေးသားထားတာကိုလည်းတွေ့ရပါတယ်။ ဒါ့အပြင် ၁၉၃၁က pinballဂိမ်းစက်တစ်ခုရဲ့ ကြော်ညာမှာလည်း ဂိမ်းစက်မှာစက်ပစ္စည်းဆိုင်ရာ အမှားအယွင်းတွေ မရှိကြောင်း "NO BUGS IN THIS GAME!"လို့ရေးထားတာကို တွေ့နိုင်ပါတယ်။ ဒါကတော့ ကွန်ပျူတာတွေ မပေါ်ခင်က "bug"ဆိုတဲ့ အသုံးအနှုန်းရှိနေတယ်ဆိုတဲ့ ထင်ရှားတဲ့ ဥပမာတွေပဲဖြစ်ပါတယ်။
ကွန်ပျူတာထဲက ပိုးကောင်
၁၉၄၇ခုနှစ်က ပိုးကောင်ဖြစ်ရပ်ကတော့ "bug"ဆိုတဲ့ အသုံးအနှုန်းကို ကွန်ပျူတာပညာရှင်တွေကြားမှာ ပိုပြီးတွင်ကျယ်လာအောင် ပြုလုပ်ပေးခဲ့ပါတယ်။ ကွန်ပျူတာသိပ္ပံပညာရှင် Grace Hopperက Harvardတက္ကသိုလ်ရဲ့ ကွန်ပျူတာသိပ္ပံခန်းထဲမှာ Mark II ကွန်ပျူတာတစ်လုံးနဲ့ အလုပ် လုပ်နေခဲ့တယ်။ သူတို့အဖွဲ့အလုပ် လုပ်နေတဲ့အချိန်မှာပဲ ကွန်ပျူတာမှာ errorတစ်ခုဖြစ်နေခဲ့တယ်။ ကွန်ပျူတာအကောင်းကြီးက errorဖြစ်နေတာဆိုတော့ စဥ်းစားစရာပဲ။ နောက်ဆုံးတော့ကွန်ပျူတာကို တစ်စဆီဖြုတ်ပြီး စစ်ဆေးကြည့်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ အဲဒီအခါမှာတော့ ကွန်ပျူတာrelay တစ်ခုကြားမှာ ပိုးဖလံတစ်ကောင် ညပ်နေတာကို တွေ့လိုက်ရပါတော့တယ်။
ဒီဖြစ်ရပ်ကို ပိုးကောင်နဲ့တကွ သူတို့ရဲ့မှတ်တမ်းစာအုပ်မှာ "First actual case of bug being found"ဆိုပြီး မှတ်တမ်းတင်ခဲ့ကြပါတယ်။ အဲဒီအဖြစ်အပျက်နောက်ပိုင်းမှာတော့ ကွန်ပျူတာမှာ အမှားအယွင်းတစ်ခုခုရှိနေတယ်ဆိုရင် "bug"တွေရှိနေတယ်လို့ ပြောဆိုကြပါတော့တယ်။ "bug"နဲ့အတူ "debug" (ကွန်ပျူတာအမှားအယွင်းတွေကို ပြင်သည်) ဆိုတဲ့ စကားလုံးလည်း ပေါ်လာပါတယ်။ အခုဆိုရင်တော့ ဒီစကားလုံးတွေဟာ programmerတွေကြားမှာ ရင်းနှင်းပြီးသား စကားလုံးတွေအဖြစ် တည်ရှိနေပြီဖြစ်ပါတယ်။
ဒီလောက်ဆိုရင် စာဖတ်သူတို့လည်း ပိုးဖလံတစ်ကောင်ကနေ "bug"ဆိုတဲ့ အသုံးအနှုန်းတွင်ကျယ်လာတယ်ဆိုတဲ့အကြောင်း သိရှိပြီး ဗဟုသုတတွေရရှိသွားပြီလို့ထင်ပါတယ်။
အခုစာဖတ်သူတို့ဖတ်ရှုခဲ့ရတာကတော့ သုတစုစည်းမှု(၂)ပဲဖြစ်ပါတယ်။ နောက်ထပ်သုတဆောင်းပါးတွေ ရေးသားသွားမှာဖြစ်လို့ တင်ရင်ချက်ချင်းသိရအောင်
Followလုပ်ထားကြပါဦးနော်။
Keep Reading