Cherry May
ကျွန်တော်တို့အားလုံးဟာ ပျော်ရွှင်မှုဆိုတာကို ခံစားချင်ကြတဲ့ သူတွေချည်းပါပဲ။ ဒါကြောင့်လဲ ပျော်ရွှင်မှုကို ရအောင်လို့ဆိုပြီး အပျော်တွေနောက်ကို လိုက်ကြရင်းနဲ့ အပျက်ကြုံရတာမျိုးတွေကိုလဲ ကျွန်တော်ကြုံခဲ့ရဖူးပါတယ်။
ကျွန်တော့်ပတ်ဝန်းကျင်မှာရှိပါတယ်။ အိမ်ကတာဝန်တွေနဲ့ စိတ်ညစ်လို့၊ အလုပ်က ပင်ပန်းလို့၊ မိန်းမက နားငြီးလို့ ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ night club သွား၊ bar သွား ပီး အပျော်ရှာကြတဲ့ လူတွေ ရှိပါတယ်။သူတို့အတွက် အဲ့လိုလုပ်တာက ပျော်ရွှင်မှုဆိုတာကို ရရင်လဲ ရမှာပါ။ဒါပေမဲ့ သူတို့ရတဲ့အဲ့ဒီပျော်ရွှင်မှုဆိုတာ အစစ်အမှန်မဟုတ်ပါဘူး။ ပျော်ရွှင်မှုအရေခြုံထားတဲ့ ပျက်ဆီးခြင်းတွေပါပဲ။ နောက်တော့လဲသူတို့ရဲ့ စီးပွားတွေပျက် ရောဂါတွေရပီး ခံစားလိုက်ရတဲ့ အပျော်နဲ့ မတန်တဲ့ ပျက်စီးဆုံးရှုံးမှုတွေကိုသာ ခံလိုက်ရပါတယ်။
ဟဲဟဲ သူများအကြောင်းပြောနေတာတွေ ရပ်ပြီး ဒီနေ့ဆောင်းပါးလေးရဲ့ အဓိကအကြောင်းအရာကိုသွားကြရအောင်။
ဆိုတော့ ပထမဆုံးအနေနဲ့ ပျော်ရွှင်မှုဆိုတာကို ခင်ဗျား ဘယ်လိုနားလည်ပါသလဲ။ခင်ဗျားအတွက် ခင်ဗျားသတ်မှတ်ထားတဲ့ ပျော်ရွှင်မှုဆိုတာက ဘယ်လိုမျိုးလဲ။ အခု 1 မိနစ်လောက် မျက်လုံးလေးမှိတ်ပြီး စဉ်းစားကြည့်ပါအုံး။ ကဲ...ပြီးပြီဆိုရင်တော့ ဆောင်းပါးလေးကို ဆက်ဖတ်ရအောင်။ ခင်ဗျားတို့ ဘဝအခြေအနေ၊ ခင်ဗျားတို့တွေ့ကြုံခံစားခဲ့ရတဲ့ ပတ်ဝန်းကျင်အပေါ်မူတည်ပြီးတော့ ပျော်ရွှင်မှုအပေါ်ဖွင့်ဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေက တူမှာမဟုတ်ပါဘူး။
ကျွန်တော်ခံယူထားတဲ့ ပျော်ရွှင်မှုဆိုတာကတော့ ရိုးရှင်းပါတယ်။ ဗိုက်ဆာနေတဲ့အချိန်စားစရာရှိနေတာ၊ ချမ်းတဲ့အချိန် အနွေးဓါတ်ရစေမဲ့ ပစ္စည်းရှိနေတာ၊ ဝမ်းနည်းအားငယ်နေချိန်၊ လောကကြီးကိုကြောက်ရွံ့နေချိန် ဘယ်တော့မှ ပစ်မသွားပဲ ကိုယ့်အနားရှိနေပေးပြီး ခွန်အားတွေပေးမဲ့သူရှိနေတာ၊ ကိုယ်ရဲ့ရည်မှန်းချက်ပန်းတိုင်ကို တရားသောနည်းလမ်းနဲ့လျှောက်လှမ်းနေရတာ၊ ဘယ်သူ့ကိုမှ မထိခိုက်စေဘဲနဲ့ ကိုယ်လုပ်ချင်တာတွေ၊ဝါသနာပါတာတွေလုပ်နေရတာ၊ ပြီးတော့ လူတွေနဲ့ ချစ်ရတဲ့ တိရိစ္ဆာန်လေးတွေကို ကိုယ်တတ်နိုင်သလောက် ကူညီပေးရတာ ဒါတွေဟာ ကျွန်တော့်အတွက်ပျော်ရွှင်မှုတွေပါပဲ။
ကဲဒါဆို ကျွန်တော်တို့ အမြဲပျော်ရွှင်နေဖို့အတွက်ဆိုရင် ဘယ်လိုမျိုးလုပ်ရမလဲ။
ကျွန်တော် လုပ်နေကြ ပုံစံမျိုးလေးကိုပြောပြသွားမှာဖြစ်တဲ့အတွက် ကျွန်တော့်နည်းလမ်းနဲ့အဆင်ပြေတဲ့သူတွေလဲရှိမယ်။မပြေတဲ့သူတွေလဲရှိနိုင်တယ်။ အဆင်မပြေတဲ့သူတွေက ကိုယ်နဲ့ကိုက်ညီမှာမျိုးလေးကို ပြင်လုပ်ကြည့်လို့ရပါတယ်။
အရင်ဆုံး ကိုယ့်စိတ်ကို relax လုပ်ရပါမယ်။နေ့စဉ်လုပ်ရတဲ့အလုပ်ကိစ္စတွေကို စီမံခန့်ခွဲရတာ၊ ကြုံလာရတဲ့ အခက်အခဲတွေကို ဖြေရှင်းရတာ စတာတွေကြောင့် ကျွန်တော်တို့ စိတ်တွေက မကြည်လင်တာတွေ ညစ်ညမ်းတာတွေ ဖြစ်နေတတ်ပါတယ်။ ဒီအရာတွေကို မဖယ်ရှားသရွေ့ ပျော်ရွှင်မှု၊စိတ်အေးချမ်းမှုဆိုတာက ရောက်လာမှာမဟုတ်ပါဘူး။
~ ကျွန်တော်အခုပြောမဲ့အချက်တွေထဲကတစ်ချို့ကို အိပ်ရာထတဲ့အချိန်မှာလုပ်လဲရပါတယ်။
◍1. လုပ်နေသမျှအရာတွေကို ခနရပ်လိုက်ပြီး ကိုယ့်ကိုယ်ကိုယ်သက်တောင့်သက်သာဖြစ်စေမဲ့အနေအထားမျိုးမှာနေပါ။
◍2. အသက်ရှူလေ့ကျင့်ခန်းကို ဖြေးဖြေးနဲ့မှန်မှန်ပြုလုပ်ပေးပါ။
အသက်ရှူလေ့ကျင့်ခန်းလုပ်ပေးတာက စိတ်အေးချမ်းစေပါတယ်။ ကိုယ့်စိတ်လေးက အေးချမ်းပြီး ကြည်လင်နေတော့ အလိုလိုနေရင်းကို ပျော်နေတာမျိုးပါ။
◍3. ကိုယ့်ရဲ့ပတ်ဝန်းကျင်ကို ချစ်တဲ့စိတ်လေးနဲ့ မြင်အောင်ကြည့်ပါ။
အကောင်းမြင်စိတ်နဲ့ ကြည့်တာမျိုးပေါ့။ ကိုယ်က ချစ်တဲ့စိတ်နဲ့ကြည့်ရင် အရာအားလုံးက လှပပြီး ကျေနပ်စရာကောင်းနေတာကို တွေ့ရပါလိမ့်မယ်။
◍4. ❝ငါ့ဘဝကြီးက ဘယ်လောက်တောင်ကောင်းလိုက်သလဲ။ငါ့မှာ ခြေတွေလက်တွေအပြည့်အစုံပါတယ်၊ဒါကြောင့် ငါလုပ်ချင်တာကို ကိုယ့်အားကိုယ်ကိုးပီးလုပ်နိုင်စွမ်းရှိတယ်။ ငါ့မှာ မိစုံဖစုံရှိတယ်။ စကားလဲပြောနိုင်တယ်။ အံဩစရာကောင်းတဲ့လောကကြီးကို ကြည့်မြင်နိုင်တဲ့ မျက်လုံးတစ်စုံလဲရှိတယ်။ သာယာနာပျော်ဖွယ်ကောင်းတဲ့ အသံလေးတွေကိုလဲကြားနိုင်တယ်။ နားခိုစရာအိမ်လဲရှိတယ်။ တစ်ချို့တွေဆို အမြင်အာရုံမရ၊ အကြားအာရုံ မရ၊စကားလဲမပြောနိုင်၊ သတိရတဲ့အခါ ပြန်ဖို့ အိမ်လေးတောင်မရှိရှာကြဘူး။ သူတို့ထက် စာရင် ငါရထားတဲ့ဘဝကတကယ်ကိုကောင်းတာပဲ။ ❞ လို့အသံထွက်ပြီးပြောကြည့်ပါ။
◍5. ငှက်သံလေးတွေကို နားထောင်ပါ။ အိမ်မွေးတိရစ္ဆာန်လေးတွေရှိရင် သူတို့နဲ့စကားပြောပါ။သူတို့ရဲ့ နူးညံ့တဲ့ကိုယ်လေးကို ဖွဖွလေးကိုင်ပြီး အတွေးတွေကို လွင့်မျောပစ်လိုက်ပါ။အပင်စိုက်တတ်တဲ့သူက အပင်လေးတွေကို စိတ်ပါလက်ပါပြုစုပါ။
◍6. ကိုယ်တစ်နေ့တာလုပ်ရမှာတွေကို စာရင်းပြုစုပါ။
ဒီလိုမှတ်ထားခြင်းအားဖြင့် လုပ်ရမဲ့အရာတွေအတွက်ကြိုစဉ်းစားချိန်လဲရတယ်၊ အေးအေးဆေးဆေးလဲလုပ်နိုင်တယ်။ အဲ့လိုဆိုတော့ အချိန်မမှီလို့ စိတ်ညစ်ညူးတာတွေ၊ အချိန်လုလုပ်ရလို့ အိုးနင်းခွက်နင်းဖြစ်တာတွေ မရှိတော့ဘူးပေါ့။
ကျွန်တော်ဆို အမြဲပြာကလပ်စိန်ပါ။ အိုးနင်းခွက်နင်းနဲ့ စိတ်ညစ်ရပါတယ်။
◍7. အားလပ်ချိန်မှာ ကိုယ်ဝါသနာပါတာလေးတွေကို လုပ်ပါ။
စာဖတ်တာ၊ သိုးမွှေးထိုးတာ၊ ပန်းချီဆွဲတာ၊ ဘာသာစကားလေ့လာတာ စတာမျိုးတွေပေါ့။ အဲ့လိုလုပ်ခြင်းအားဖြင့် စိတ်ညစ်စရာတွေ ဝမ်းနည်းစရာတွေကို မတွေးမိတော့ဘဲ ကိုယ်လုပ်နေတဲ့အရာပေါ်မှာ စိတ်ပါလက်ပါနဲ့ လုပ်ဆောင်မိနေတဲ့အတွက်ကြောင့် စိတ်ပျော်လာတာက ကျွန်တော့်ကိုယ်တွေ့ပါပဲ။
◍8. သူငယ်ချင်းတွေကို အချိန်ပေးပါ။
လိုင်းပေါ်မှာပဲဖြစ်ဖြစ်၊ အပြင်မှာ တွေ့ပြီးတော့ပဲဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့အတူတူအချိန်ကုန်ဆုံးတာက စိတ်ညစ်စရာတွေ မေ့သွားလောက်တဲ့အထိပျော်စရာကောင်းပါတယ်။
သူငယ်ချင်းနဲ့ ပေါ့ပေါ့ပါးပါးအကြောင်းအရာလေးတွေပြောမယ်။ movie အကြောင်း၊ အစားအသောက်အကြောင်း၊ idol တွေအကြောင်း၊ ကိုယ်ဖတ်ခဲ့တဲ့ ဝတ္ထုအကြောင်း၊ ဟိုဘက်ရပ်ကွက်က အဆင်တွေအကြောင်း(ဟီးဟီး စတာ) အဲ့လိုလေးတွေ လေပေါနေရင် စိတ်ညစ်စရာဆိုတာ ဘယ်ဂျောင်ပြေးပုန်းနေမှန်းတောင်သိမှာမဟုတ်ပါဘူး။
◍9. မျှဝေခံစားပါ။
ကိုယ့်ရဲ့ပျော်ရွှင်မှုတွေကို တခြားသူတွေနဲ့ မျှဝေခံစားရတာက ကိုယ်ရတဲ့ပျော်ရွှင်မှုကို နှစ်ဆတိုးစေပါတယ်။ ကိုယ့်မှာရှိတဲ့အရာလေးကို ချစ်ရတဲ့သူနဲ့ မျှဝေခံစားရတာက တကယ်ကို ကောင်းမွန်တဲ့ခံစားချက်လေးပါ။
◍10. သည်းခံစိတ်ရှိရမယ်။ လျစ်လျူရှုတတ်ရပါမယ်။
ကိုယ့်ကို မကောင်းပြောနေတာတွေကို အာရုံစိုက်နေ၊ ဒေါသထွက်နေရင်တော့ ခင်ဗျားစိတ်က ဘယ်လိုမှ ပျော်လာမှာမဟုတ်ပါဘူး။
သူငါ့ကို ဘလိုတောင်ပြောလိုက်တာလဲ...။ အော် ငါ့နောက်ကွယ်မှာ ငါ့အတင်းတုတ်နေလိုက်တာ ငါနဲ့တွေ့ရင်တော့ သူမဟုတ်သလိုဖားနေတာများ.....။ သူတို့ငါ့ကို ဘာလို့ ဒီလိုပြောတာလဲ။ ငါဘာတွေများမှားနေလို့လဲ...။
စသဖြင့် လိုက်ခံစားနေတတ်တဲ့သူဆိုရင်တော့ ပျော်ရွှင်မှုဆိုတာ ခင်ဗျားနဲ့အဝေးကြီးမှာပါ။
တစ်ချို့သူတွေက ကိုယ်ဘယ်လောက်ကောင်းနေနေ အလုပ်မရှိ အကိုင်မရှိ သူများအားနည်းချက်ပဲ လိုက်ရှာနေကြတာမျိုးပါ။ အဲ့လိုအဖြစ်မရှိတဲ့သူမျိုးတွေပြောတဲ့စကားကို ယောင်လို့တောင်ခေါင်းထဲမထည့်ပါနဲ့။ သူတို့ဘာပြောပြော လျစ်လျူရှုလိုက်ပါ။ ကိုယ်ကဒေါသထွက်ပြီး ပြန်ပြောမိရင် သူတို့နဲ့ အဆင့်တူသွားပါလိမ့်မယ်။ သူတို့လိုချင်တဲ့ပုံစံမျိုးကို ရောက်အောင်လုပ်ပေးလိုက်သလိုမျိူးဖြစ်သွားပါလိမ့်မယ်။ အဲ့ခါကျ ကိုယ်ပဲနာပါတယ်။ ဒေါသထွက်ရတော့ အကုသိုလ်များတယ်။ စိတ်လဲညစ်ရတယ်။ အဲ့အကြောင်းပဲ တွေးတွေးမိနေပြီး စိတ်က လုံးဝမပျော်တော့ဘူး။ ဒါကြောင့် သည်းခံလိုက်ပါ။ လျစ်လျူရှုလိုက်ပါ။
◍11. လုပ်စရာရှိတဲ့အလုပ်တွေကို စိတ်ပါလက်ပါနဲ့ စိတ်နှစ်ပြီးလုပ်ပါ။
အလုပ်လုပ်ရတာ ပျော်စရာကောင်းပါတယ်။ အိမ်မှုကိစ္စတွေလုပ်တဲ့အခါ သီချင်းလေးဆိုပီး လုပ်တာပဲဖြစ်ဖြစ်၊ နားကြပ်နဲ့ သီချင်းနားထောင်ပြီးပဲဖြစ်ဖြစ်လုပ်ကြည့်ပါ။တကယ်ပျော်ဖို့ကောင်းပါတယ်။
ကျွန်တော်ဆိုအရင်က တအားအပျင်းကြီးတာ။ ခုနောက်ပိုင်း သီချင်းလေးတအေးအေးနဲ့ တံမြက်စည်းလှဲလိုက်၊ ပန်းကန်ဆေးလိုက်၊ အဝတ်လျှော်လိုက်နဲ့ လုပ်နေပါပီ?
စာလုပ်မယ်ဆိုလဲ BGM music လေးတွေ နားထောင်ပြီးလုပ်ကြည့်ပါ။
တကယ် စာပိုလုပ်ဖြစ်ပါတယ်။ကျွန်တော်စမ်းကြည့်ပြီးပါပြီ။
အဲ့ဒီလို ကိုယ်လုပ်စရာရှိတာကို မှန်မှန်လုပ်နေတဲ့အတွက် စိတ်ညစ်စရာတွေကိုလဲ မစဉ်းစားမိတော့ဘူး။လုပ်ရမဲ့အလုပ်တွေလဲပြီးတယ်။ လုပ်စရာတွေ ပြီးတော့ ပျော်ရတယ်။ တစ်ချက်ခုတ် နှစ်ချက်ပြတ်မဟုတ်ဘူး။ သုံးချက်တောင်ပြတ်တယ်နော်။
ဒီဆောင်းပါးမှာ ကျွန်တော်ပြောခဲ့တာတွေက ပေါ့ပေါ့ပါးပါးနဲ့ နေ့တိုင်းရနိုင်တဲ့ပျော်ရွှင်မှုလေးတွေပါ။ ပျော်ရွှင်မှု အကြီးကြီးကိုခံစားချင်တယ်ဆိုရင်တော့ ကိုယ့်ရဲ့ ရည်မှန်းချက်ပန်းတိုင်ဆီကို သေချာပေါက်ရောက်အောင်လုပ်ပြီး ကိုယ်ဖြစ်တာတွေကို တစ်ခုချင်းဖြစ်အောင်လုပ်ရပါမယ်နော်။ဖိုက်တင်း!!
ဆောင်းပါးလေးကို ဆက်ကြရအောင် !
~~~~~~~~~~~~~~~~~~~~~~~~~~~
သာယာတဲ့ ညချမ်းလေးမှာ ပျော်ရွှင်တဲ့အိပ်စက်မှုလေးရဖို့~
တစ်နေ့လုံးပျော်နေဖို့ဆိုရင် ညဘက်မှာ ကောင်းကောင်းအိပ်စက်ဖို့လိုပါတယ်။
တစ်ချို့သူတွေက တစ်နေ့လုံးအကောင်း ညရောက်တော့မှ ထဖောက်တတ်ကြပါတယ်။အတွေးလွန်ကြတာပါ။ ညဘက်လူခြေတိတ်တဲ့အချိန်က တကယ်တွေးလို့ကောင်းတဲ့အချိန်ပါ။ အဲ့အချိန်မှာ တောင်တွေးမြောက်တွေးနဲ့ ဟိုးအရင့်အရင်ဘဝအဆက်ဆက်က ကိစ္စဟောင်းတွေကို ပြန်တွေးပြီး ဆွေးနေကြတဲ့သူတွေက သက်သက်ကိုရှိပါတယ်။
ကျွန်တော်အပါအဝင်ပေါ့?
အဲ့ဒီလို ကိုယ့်စိတ်ကိုယ် ပင်ပန်းစေမဲ့အရာတွေကို မတွေးမိအောင်~
◍1. ကိုယ့်ရဲ့ တစ်နေ့တာ အဖြစ်အပျက်တွေကို စာအုပ်ထဲချရေးတာမျိုးလုပ်ကြည့်ပါ။
ဒီလိုရေးတာက စာရေးကျင့်လဲရပါတယ်။ အတွေးမများအောင်လဲ ထိန်းချုပ်ပေးပါတယ်။
◍2. ညအိပ်ရာဝင်တော့မယ်ဆိုရင် မျက်လုံးကြောင်စေမဲ့အရာမှန်သမျှ ဘာမှ မလုပ်ပါနဲ့။
မျက်လုံးကြောင်ပြီး မအိပ်ချင်ဘဲ ဖြစ်နေရင် မကောင်းတဲ့အတွေးတွေ စတွေးမိပါလိမ့်မယ်။
◍3. Meditation လုပ်ပါ။
10 မိနစ်လောက် စိတ်ကိုငြိမ်ငြိမ်လေးထားလိုက်ပါ။ ဘာမှမတွေးပါနဲ့။ တစ်နေ့လုံး ပင်ပန်းနေတဲ့စိတ်ကို ခနလောက်အနားပေးလိုက်ပါ။
◍4. ပေါ့ပေါ့ပါးပါး exercise တွေ လုပ်ပေးပါ။
yoga ဖြစ်ဖြစ် stretching ဖြစ်ဖြစ် ပေါ့ပေါ့ပါးပါးလေးတွေလုပ်ပေးတာက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့အတွက် အထောက်အကူပြုပါတယ်။
အားလုံးပြီးသွားပြီဆိုရင်တော့ နူးညံ့ပြီးလှပတဲ့ ခေါင်းအုံးလေးပေါ် အားရပါးရလှဲချပီး နှစ်နှစ်ခြိုက်ခြိုက်အိပ်လိုက်ပါတော့ဗျာ။
အပေါ်မှာ ကျွန်တော်ပြောပြတဲ့နည်းတွေ လုပ်ပြီးထဲက အိပ်မပျော်တာမျိုးတွေလဲ မရှိတော့သလို အတွေးလွန်တာကလဲ တစ်နှစ်လုံးနေမှ တစ်ခါလောက်ပဲ ဖြစ်ပါတော့တယ်။ ညမှာကောင်းကောင်းအိပ်ပျော်တော့ မနက်ကို ကြည်ကြည်လင်လင်နိုးတယ် အိပ်ရာထထဲက စိတ်က ကြည်လင်နေတော့ တစ်နေကုန်ပျော်နေရော။ တကယ်ပါအခုနောက်ပိုင်း d ဝင်တာမျိုး တွေလဲတော်တော်နည်းလာတာ။
ဒါကြောင့် စာဖတ်သူလေးတို့လဲ စမ်းကြည့်ကြပါလို့ပြောချင်ပါတယ်ဗျ။
စာဖတ်သူလေးတို့အားလုံး သာယာပျော်ရွှင်တဲ့နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းရင်း...
Cherry May
(12:00_1:11)AM
July 4,2025
#Cherry_May
#personal_growth
Keep Reading