ဇေယျ
တပေါင်းလကစ၍ ဝင်ခဲ့သောနွေရာသီသည် တန်ခူးလကို ကျော်လွန်၍ ယခုအခါကဆုန်လအတွင်းသို့ပင် ချဉ်းနင်းဝင်ရောက်ခဲ့ပေပြီဖြစ်ကြောင်း တန်ဆောင်မုန်း၊ နတ်တော်၊ ပြာသို၊ တပို့တွဲတည်းဟူသော ဆောင်းရာသီတွင် ချမ်းအေး၍နေခဲ့ရာမှယခုနေမင်း၏ အပူရှိန်သည် တစ်နေ့ထက်တစ်နေ့ ပူလောင်ပြင်းပြ၍ လာသည်ဖြစ်သောကြောင့် လူနှင့်တကွသော သတ္တဝါအပေါင်းတို့မှာ ဆောင်းရာသီအခါကခိုမှီးခဲ့သော လေလုံရာအရပ်အထပ်ထပ်အလွှာလွှာ ဝတ်ဆင်ခြုံရုံခဲ့သော အဝတ်အထည်အစရှိသည်တို့ကို ပစ်ခွာ၍ လေအေးတိုက်ခတ်ရာအရပ် အရိပ်ဆာယာကောင်းမွန်သောအရပ်တို့ကို ရှာဖွေခိုမှီးလျက် မီးကဲ့သို့ ပူပြင်းအိုက်စပ်သည်ကို
သက်သာအောင် ပြုကြရပေသည်ဖြစ်ကြောင်း။
"တပေါင်းတန်ခူး၊ မိုးသားကျူး” ဆိုသည်နှင့်အညီ တပေါင်းလ၊ တန်ခူးလတို့တွင် တောင်လေတုံ့ပြန်တိုက်ခတ်လျက် တစ်ကြိမ် နှစ်ကြိမ် မိုးပေါက်ကြီးစွာဖြင့် ပြင်းထန်စွာ ရွာသွန်းသည် မှန်သော်လည်း နွေရာသီ၏အပူရှိန်ကို လွှမ်းမိုးနိုင်ခြင်း မရှိ၊ အရှိန်ပြင်းစွာ တောက်လောင်နေသော မီးပုံးကြီးထဲသို့ ရေတစ်ပေါက် နှစ်ပေါက်၊ တစ်စက် နှစ်စက် ချလိုက်သကဲ့သို့ မိုး၏အရိပ်အရောင် တစ်စုံတစ်ရာ မထင်၊ ပူအိုက်ခြင်းကို တစ်စုံတစ်ရာ သက်သာစေနိုင်ခြင်းမရှိ ဖြစ်စေသည်။
၄င်းနောက်မူကား “ကဆုန်နယုန် ဆွေ့ဆွေ့ခုန်” ဟု ဆိုသည်နှင့်အညီ လူနှင့်တကွသောသတ္တဝါအပေါင်းတို့မှာ မနေနိုင် မထိုင်နိုင် ဆွေ့ဆွေ့ခုန်၍ နေရလောက်အောင်ပူပြင်းလှသော ကဆုန် နယုန်လတို့သို့ ရောက်ကြမည်ဖြစ်ပေကြောင်း။
နွေရာသီသည် ဤကဲ့သို့ တစဉ်တစိုက်တည်း ပူပြင်းလျက်ရှိပါမူကား အကယ်ဖြစ်ရန်ကို မဆိုထားဘိ၊ တွေး၍ကြည့်ရုံမျှနှင့်ပင် ကြောက်လန့်ဖွယ်ဖြစ်ပေ၏။ သို့သော်တစဉ်တစိုက်တည်း ရှိနေမည် မဟုတ်။ နွေလေးလကုန်လျှင် မိုးလေးလသို့ ရောက်ရမည် အမှန်ဖြစ်၍ “ကဆုန် နယုန် ဆွေ့ဆွေ့ခုန်” ဟု ဆိုရသော အချိန်အခါသို့ရောက်လျှင် ဝါဆိုဝါခေါင် ရေဖောင်ဖောင်” ဟူသော မိုးရာသီ ဝေးတော့မည်မဟုတ်ဖြစ်ပေကြောင်း။
ထိုထိုဤဤ ကမ္ဘာမြေကြီး အရပ်လေးမျက်နှာကို ကြည့်လျှင် ပင်ကြီးပင်ငယ်အသွယ်သွယ်တို့၌ မြင်ရကာမျှနှင့် လူတို့၏ စိတ်ကို ရွှင်လန်းအေးမြစေနိုင်သော၊စိမ်းစိုနုပျိုသော၊ အရွက်အခက်တို့ လွှမ်းမိုးလျက် ကမ္ဘာတစ်ပြင်လုံးတွင် အစိမ်းနုရောင်ခြယ်လှယ်ထားဘိသကဲ့သို့ ရှိသည်ကို မြင်နိုင်ပေ၏။ အထက်ကောင်းကင်သို့ ကြည့်ပြန်လျှင်လည်း ညနေတိုင်းသို့ ရောက်လျှင် အနောက်တောင်ဘက်ဆီက တိမ်တိုက်တိမ်လိပ်တို့သည် ညို့ညို့မှိုင်းမှိုင်းတက်လျက် ရှိသည်ကိုလည်း တစ်နေ့ထက်တစ်နေ့တစ်ရက်ထက်တစ်ရက် တိုး၍ မြင်နိုင်ပေ၏။ တစ်ခါတစ်ရံလျှပ်စစ်ပြက်သလိုလိုမိုးခြိမ်းသလိုလိုလည်း ရှိပေ၏။ ဤသည်တို့ကား မိုးရာသီသို့ ရောက်တော့မည်ဟုသတိပေးသော ရှေးပြေးနိမိတ်လက္ခဏာတို့ပေတည်း။
ထိုသို့ တစ်ခုနောက်တစ်ခု အလှည့်ကျ ဆက်လက်သွားရခြင်းသည်ကားဓမ္မတာသဘောတရား ဖြစ်သည်နှင့်လျော်စွာ နွေမိုးဆောင်းစသော ရာသီတို့သာလျှင်တစ်ခုပြီးတစ်ခု ပြောင်းရွှေ့သွားရသည် မဟုတ်။ လူတို့၏ အဖြစ်အပျက် အကြောင်းအရာတွင်လည်း အကောင်းမှအဆိုး၊ အဆိုးမှအကောင်းစသည်ဖြင့် အခါကာလအဖြစ်အပျက် အားလျော်စွာ ပြောင်းလဲသွားရသည်ဖြစ်ပေကြောင်း။
“ချမ်းသာလည်းအမြဲဆင်းရဲလည်းအစဉ်မဟုတ်” ဟူသော စကားနှင့်လျောစွာ လူတို့တွင် မယုတ်မလျော့
တစ်သက်ပန်လုံး ချမ်းသာသုခနှင့်သာလျှင် ပြည့်စုံလျက် ရှိသောသူဟူ၍လည်း မရှိ၊တစ်သက်ပန်လုံး ဆင်းရဲဒုက္ခနှင့်သာလျှင် တွေ့ကြုံလျက် နေရသော သူဟူ၍လည်းမရှိ၊ ချမ်းသာသည့်အခါ ချမ်းသာလျက် ဆင်းရဲသည့်အခါ ဆင်းရဲစမြဲ ဖြစ်ကြပေသည်။ချမ်းသာသည့်အခါမူကား ရှေးအဖို့ရာ တွေးမိသည်ဖြစ်စေ၊ မတွေးမိသည်ဖြစ်စေ
လက်ရှိချမ်းသာခြင်းက သက်သာစေနိုင်သည် ဖြစ်သောကြောင့် မတောင်းတလှချေ။ဆင်းရဲသည့်အခါတွင် ရှေးအဖို့ရာ သင့်လျော်လျောက်ပတ်စွာ မတွေးမိချေက လက်ရှိဆင်းရဲခြင်းက နှိပ်စက်လျက်ရှိသည့်အပြင် ရှေးအဖို့ရာလည်း သက်သာခွင့် လမ်းမမြင်သောကြောင့် ဆိုးသည်ထက် ဆိုးဖွယ်သာလျှင် ဖြစ်ချေသည်။ ထို့ကြောင့် မည်သို့သော
နည်းဖြင့် ဆင်းရဲဒုက္ခရစေကာမူ ငါသည် ထိုဆင်းရဲခြင်းက လွတ်မြောက်တော့မည်ဟူသော သဘောမျိုးကို မပိုက်အပ်ချေ။
ထိုသဘောကို ပိုက်မိသည်နှင့်တပြိုင်နက် ထိုသူမှာ အဆုံးမရှိသော မှောင်မိုက်ကြီးထဲတွင် ခရီးသွားရသူကဲ့ ရှိပေလိမ့်မည်။ ထိုသို့ သဘောပိုက်ခြင်းကား မှားသော သဘောပိုက်ခြင်းပင် ဖြစ်ချေသည်။
ယခင်ဆိုခဲ့သည့်အတိုင်း လောကကြီး၌ အမြဲဟူ၍မရှိ ဖြစ်ပေသည်။ မှောင်အမိုက်ဆုံးသန်းခေါင်အချိန်သို့ ရောက်လျှင် မိုးလင်းမည့် အချိန်နှင့် နီး၍ လာသကဲ့သို့ လည်းကောင်း၊ ပူအိုက်သော နွေရာသီသို့ ရောက်လျှင် အေးမြသော မိုးရာသီနှင့် မဝေးတော့ပြီဖြစ်သကဲ့သို့ လည်းကောင်း ဆင်းရဲခြင်းနှင့်တွေ့ရလျှင် ချမ်းသာခြင်းနှင့် နီးပြီဟုအစဉ်အမြဲ သဘောပိုက်အပ်ကြပေသည် ဖြစ်ကြောင်း။
အတွဲ ၉၊ အမှတ် ၁၅၊
(၂၂၊ ဧပြီ၊ ၃၆)
#ဇေယျ
Keep Reading