မောရိသျှ
ဇာတိစိတ်ကြောင့် ဖြစ်လေ့ဖြစ်ထရှိတဲ့ အားနည်းချက်တွေကို ချိုးနှီမ်ပါ။ ဖြတ်သန်း စီးဆင်းခဲ့ရတဲ့ တောတောင်ရေမြေ သဘာဝ အလျောက် စိမ့်ရေစမ်းရေတို့ဟာ ရေခြင်းတူတောင်မှ အရသာကွဲသလို၊ မွေးရပ်မြေ ဇာတိကွဲကြတဲ့ လူတွေလည်း လူချင်းတူတောင်မှ အကျင့် စရိုက်တွေ မတူကြပါဘူး။ တိုးတက်ဖွံ့ဖြိုးတဲ့ နိုင်ငံတွေပဲ ဖြစ်နေပါစေ၊ အခြားနိုင်ငံတွေနဲ့ ယှဉ်ကြည့်လိုက်တဲ့အခါမှာ အားသာ၊ အားနည်းချက် ကိုယ်ဆီ မတူကွဲပြားစွာ ရှိနေတတ်ကြပါတယ်။
ဒါကြောင့် အများအမြင်အရ ကောင်းမွန်တဲ့နိုင်ငံကပဲ ပေါက်ဖွားလာသူဖြစ်ပါစေ၊ နိမ့်ပါးတဲ့နိုင်ငံကပဲ မွေးဖွားခဲ့ရသူဖြစ်ပါစေ၊ ဇာတိစိတ်စွဲ မကဲပါစေနဲ့။ မျိုးချစ်စိတ်ဟာ အမြင်ကြည်လင်မှုကို ကာဆီးနေတတ်တဲ့ တိမ်နဲ့တူတယ်။ (ဘယ်လိုအရပ်ဒေသကပဲ မွေးဖွားခဲ့ပါစေ၊ ) ဒေသန္တရ အလေ့အကျင့်နဲ့ စရိုက်သကန်တွေက မိမိရဲ့ ဖြစ်တည်မှုအကြောင်းခံတွေပဲဖြစ်တယ်။ သို့သော် အချို့အချို့သော အလေ့အကျင့်၊ အပြုအမူ၊ ထုံးတမ်းတွေက အချို့အချို့သော လူပုဂ္ဂိုလ်၊ အသိုင်းအဝိုင်း၊ ဒေသအစဉ်အလာ စတာတွေနဲ့ ဖီလာဆန့်ကျင်နေတတ်တယ်။ ကာလံဒေသံအလိုက် နေတတ်ထိုင်တတ်ပါစေ။
အရပ်ဒေသအလိုက် တန်ဖိုးထားအပ်တဲ့အရာကို သိတတ်နားလည်စွာနဲ့ တန်ဖိုးထားပါ။ လေးစားသမှုပြုအပ်တဲ့အရာကို ရိုကျိုးစွာနဲ့ လေးစားပါ။ ဆန့်ကျင်အပ်တဲ့အရာကို ပါးနပ်စွာနဲ့ ဆန့်ကျင်လိုက်ပါ။ မလုပ်အပ်တဲ့အရာကို လိမ္မာစွာ ပြုကျင့်ပါ။
မိသားစု အမွေအနှစ်၊ ရိုးရာထုံးတမ်း၊ လူမှုရေးအစဉ်အလာ၊ လုပ်ငန်းခွင်အလေ့အထ၊ လူမှုပေါင်းသင်းဆက်ဆံရေးဆိုင်ရာယဉ်ကျေးမှု အစရှိသဖြင့် အစွဲမထားရ။ အများအလိုကိုအစဉ်သာ အကဲခတ်လျက် ပါးနပ်စွာ ပြုမူနေထိုင်တတ်ရမည်။ အများနဲ့တယောက် ကွဲထွက်နေခဲ့ရင်တော့ တောတွင်း သတ္တဝါဆိုးလိုပဲ လူမှုဘောင်အတွင်းကနေ ကျဉ်ခံရတတ်တယ်။
ကံကောင်းခြင်းနဲ့ ကျော်ကြားမှု။ ကံဆိုတာ ပြောင်းလဲနေတတ်ပြီး၊ ကျော်ကြားမှုက အရှည်အားဖြင့် တည်တံ့နိုင်စွမ်းရှိတယ်။ ကံဆိုတာ လက်၇ှိအခိုက်အတန့်အတွက် ဖြစ်ပြီး၊ ကျော်ကြားမှုဆိုတာက အနာဂတ်အတွက်ဖြစ်တယ်။ မနာလိုဝန်တိုမှုတွေရဲ့ ရန်ကနေ ကံကောင်းခြင်းက ကာကွယ်ပေးနိုင်ပြီး၊ မျက်ကွယ်ပြု မေ့ပျောက်ခံ မဖြစ်အောင် ကျော်ကြားမှုက ထိန်းသိမ်း စောင့်ရှောက်ပေးတတ်တယ်။
ကံကောင်းခြင်းကို လူတိုင်း လိုလားတောင့်တတ်ကြပြီး၊ ကံကောင်းမှုတွေ ရှိလာအောင် အခွင့်အလမ်း ဖန်တီးရယူလေ့ရှိကြတယ်။ ကျော်ကြားခြင်းဆိုတာကတော့ ကိုယ်စွမ်းကိုယ်စနဲ့ ကြိုးပမ်းအားထုတ်ထားမှသာ အရည်အချင်းရှိသူတို့ရဲ့ တန်ဖိုးရှိ အရည်အသွေးဖြစ်တယ်။
ကျော်ကြားမှုဆိုတာက ထူးကဲပြောင်မြောက်သူတို့ရဲ့ တန်ဖိုးဖြစ်တယ်။ အဲဒီလိုပဲ ကျော်ကြားမှုဟာ အထူးတလည် ဆန်းကြယ်သူတို့ရဲ့ အရည်အသွေးအလိုက် ကောင်းခြင်းလည်း ဖြစ်နိုင်သလို၊ ဆိုးခြင်းလည်း ဖြစ်နေတတ်တယ်။ ထူးချွန်ထက်မြက်သူတို့ရဲ့ အဖိုးရတနာဖြစ်နိုင်သလို၊ ယုတ်မာဆိုးသွမ်းတဲ့သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးကို ထုတ်ဖော်ပြသနေမှုလည်း ဖြစ်နေတတ်ပါတယ်။
ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ ချစ်ခံရသည်ဖြစ်စေ၊ မုန်းခံရသည်ဖြစ်စေ၊ အခွင့်အလမ်း ဖွေရှာတတ်ခြင်းနဲ့ မျက်ကွယ်ပြု မခံရလေအောင် ကြိုးပမ်းနေခြင်းတို့ဟာ လူတို့ရဲ့ ပင်မ အလုပ်ကြီးပါပဲ။
ကိုယ့်ထက် သိသောသူ၊ တတ်သောသူတွေဆီကနေ သင်ယူလေ့လာပါ။ ရည်မွန်ရည်ငံတဲ့ အပြုအမူနဲ့ ချိုသာယဉ်ကျေးစွာဆက်ဆံပါ။ အပေါင်းအသင်းမိတ်ဆွေတွေဆိုတာလည်း ကိုယ့်ရဲ့ ဆရာတွေပဲဖြစ်တယ်၊ သူတို့နဲ့ ပြောဆိုဆက်ဆံခြင်းကနေ အလေ့အကျင့်ကောင်းတွေကို သင်ယူမှတ်သားပါ။
အမြော်အမြင်ရှိသူတွေမှာ ပေါင်းသင်းဆက်ဆံရေးဆိုင်ရာ အရည်အသွေး နှစ်ခုရှိတယ်၊ လူအများ လက်ခံနိုင်အောင် ပြောဆိုတတ်မှုနဲ့ လူအများပြောဆိုမှုကနေ သင်ယူလေ့လာတတ်မှုတွေပဲဖြစ်တယ်။ ကိုယ့်အတွက် အကျိုးရှိပြီး၊ အသုံးကျတဲ့သူ ဘယ်သူ့ကိုမဆို ပေါင်းသင်းဆက်ဆံလိုကြတယ်၊ ဒါက အဆန်းတော့ မဟုတ်ပေမယ့်၊ တစ်ချို့ကျတော့ ကိုယ့်အတွက် အကျိုးမရှိဘူး၊ အသုံးမကျဘူး၊ အကျင့်စရိုက်ချင်း မတူဘူးဆိုရင် မပေါင်းသင်းချင်ကြဘူး။ အဲဒီလို ချေးမများနဲ့။ ဘယ်သူနဲ့ပေါင်းပေါင်း ကိုယ့်အတွက် အကျိုးရှိအောင် သင်ယူတတ်ရတယ်။ လူတွေရဲ့ အမူအကျင့်ကနေ ပညာများစွာ ရနိုင်တယ်။
ကိုယ့်ထက် အဆင့်အတန်းမြင့်မားသူတွေနဲ့ ပေါင်းသင်းဆက်ဆံရင် အထူးသတိထားပါ၊ လိုတာထက် ပိုပြီး လေးစားပြတာမျိုး မလုပ်နဲ့၊ အထင်မကြီးသလို ပမာမခန့်လည်း မလုပ်မိစေနဲ့၊ လူလူချင်းပဲမို့ အဆင်အခြင် မရှိ နေထိုင်တာမျိုးလည်း မလုပ်နဲ့၊ အမူအကျင့်ဆိုတာ ဂုဏ်သိက္ခာပဲဖြစ်တယ်။ အနေအထိုင်တတ်ပါစေ။
ကိုယ့်အနားဝန်းကျင်မှာ ကိုယ့်ထက် ပညာအရ ကြီးကဲသူ၊ အတွေ့အကြုံအရ ကြီးကဲသူ၊ အသက်အားဖြင့် ကြီးကဲသူ၊ အလုပ်အကိုင်အားဖြင့် ကြီးကဲသူ၊ လူနေမှုအဆင့်အတန်းအားဖြင့် ကြီးကဲသူ စသဖြင့် ကြီးကဲသူတွေ ရှိလိမ့်မယ်၊ သူတို့ရဲ့ အပြုအမူ၊ အနေအထိုင်၊ အသွားအလာ၊ အပြောအဆို၊ အမူအကျင့် စသဖြင့် အားလုံးကို အကဲခတ်လေ့လာပါ၊ အတုယူနေထိုင်ပါ၊ သူတို့အမှားတွေကနေ သင်္ခန်းစာယူပြီး၊ လေးစားလောက်တဲ့ သူတို့အမူအကျင့်တွေကနေတဆင့် ရိုကျိုးစိတ်ကို မွေးမြူပါ။
သူတို့ရဲ့ လူမှုဆက်ဆံရေး အသိုင်းအဝိုင်းအတွင်း ဝင်ဆန့်ခွင့်ရအောင်၊ ကိုယ့်အနေအထားကို သူတို့နဲ့ ခင်မင်ရင်းနှီးခွင့်ကနေ တဆင့် မြင့်တင်ပါ။ လူနေမှုအဆင့်အတန်းဆိုတာက မြင့်တက်သွားတာမဟုတ်ပါဘူး၊ အချိတ်အဆက်ကောင်းများစွာ ကြောင့် အသိုင်းအဝိုင်းကြီးကျယ်လာတာမျိုးပဲဖြစ်တယ်။
#မောရိသျှ
အလယ်ခေတ် စပိန်လူမျိုး အတွေးအခေါ်ပညာရှင် ဘယ်လ်တဆာ ဂရေသျှန်
(Baltasar Gracián, Spanish prose writer and philosopher)
Keep Reading