B4; You WATCH
"တန်ခူးမြည်မှတ်
ဖက်စွတ်ရေတိုး
သင်္ကြန်မိုး......."
-ဒီနေ့တော့ မိုးဖွဲဖွဲကျနေတာအံကိုက် လင်္ကာလေးခေါင်းထဲ ပေါ်လာတာနဲ့အတူ သင်္ကြန်ရဲ့စိတ်ဝိဉာဉ်ကို လှုပ်နှိုးချင်တာကြောင့် သင်္ကြန်မိုးရုပ်ရှင်ကို ပြန်ကြည့်ဖြစ်ပါတယ်။
-သင်္ကြန်မိုးရုပ်ရှင်နဲ့ကျွန်တော်စတင်ရင်းနှီးခဲ့ပုံက ရုပ်ရှင်ကနေတစ်ဆင့်မဟုတ်ခဲ့ပဲနဲ့ ရုပ်ရှင်ထဲမှာပါခဲ့တဲ့ ဇာတ်ဝင်တေးတွေနဲ့ အရင်ရင်းနှီးခဲ့တာပါ။ "နှစ်ကိုယ်တူချစ်သမျှ" နဲ့ "မြူမှောင်ဝေကင်း" သီချင်း ၂ပုဒ်တို့ကတော့ အကြိုက်ဆုံးသီချင်းတွေဖြစ်ခဲ့ပြီးတော့ album တစ်ခုလုံးကိုအမြဲတမ်းလဲ VCD စက်ထဲဖွင့်နားထောင်ဖြစ်ခဲ့ပါတယ်။ ၉နှစ် ၁၀နှစ်သားအရွယ်မှာနားထောင်ခဲ့ရတဲ့ "နှစ်ကိုယ်တူချစ်သမျှ" သီချင်းစာသားတွေဟာ အဓိပ္ပါယ်သေချာနားလည်ဖို့ ခက်ခဲ့ပေမဲ့ သီချင်းမှာဆွဲဆောင်မှု တစ်ခုရှိနေတယ်ဆိုတာကိုတော့ အသေအချာသိခဲ့ပါတယ်။
-TV ကလွှင့်တဲ့ "သင်္ကြန်မိုး"ဇာတ်ကားကို နှစ်တိုင်းမကြည့်ဖြစ်ခဲ့ပေမဲ့ ဖုန်းစကိုင်တဲ့ ၂၀၁၆ ကစပြီးတော့ ၄လပိုင်းရောက်တိုင်း နှစ်တိုင်း အမြဲလိုလို ပြန်ကြည့်ဖြစ်ခဲ့တာ အခုချိန်ထိပါပဲ။ ကြည့်တိုင်းလဲရိုးမသွားသလို ဘယ်လောက်ပဲ dialogues တွေကအစ အလွတ်ရရ ကြည့်မြဲကြည့်နေစေချင်သေးတဲ့အထိ ဆွဲဆောင်ထားစဲပါ။
-သင်္ကြန်ရဲ့ယဉ်ကျေးမှုတွေနဲ့ အငွေ့အသက်တွေအပြည့်ရုပ်ရှင်မှာ လွှမ်းခြုံထားရုံသာမက အဲ့ဒီ့ယဉ်ကျေးမှုတွေကိုလဲ ထိန်းသိမ်းချင်တဲ့ စိတ်ကိုလဲဖြစ်စေပါတယ်။ သင်္ကြန်အလှပြယာဉ်တွေ၊ယိမ်းအကတွေ၊ သံချပ်တွေ၊ ပိတောက်ပန်းနဲ့ငွေဖလား စတဲ့အရာတွေအပြင် သပြေခတ်နဲ့ ရေပတ်တဲ့ဓလေ့ကိုပါ ပိုမိုမြတ်နိုးမိပါတယ်။ ငယ်စဉ်က မြို့မငွေငန်းသင်္ကြန်အလှပြယာဉ်ကြီးကိုကြည့်ပြီးတော့ အိမ်မှာလိုက်အတုခိုး ဆော့ကစားခဲ့ဖူးသလို သင်္ကြန်ပန်းကုံးတွေစွတ်ပြီး ဇာတ်ဝင်တေးတွေနဲ့အတူလဲလိုက်ကခဲ့ဖူးပါတယ်။ သပြေခတ်နဲ့လဲရေလိုက်ပတ်ခဲ့ဖူးပါတယ်။
-သင်္ကြန်ရဲ့ ကျင်းပတဲ့ကာလရွေ့လျားလာတာနဲ့အမျှ အရင်လို ယဉ်ကျေးပြီး အမှတ်ရစရာတွေရော လွမ်း မောစရာတွေပါ ပြည့်နေတဲ့ သင်္ကြန်ကနေ အနောက်တိုင်းအငွေ့အသက် လွှမ်းခြုံလာတဲ့ပုံစံတွေဆီ တဖြည်းဖြည်းပြောင်းလဲလာခဲ့ပါတယ်။သရုပ်ပျက်စရာများ တစ်စထက်တစ်စများပြားလာသလို အပျော်ကနေအပျက်ဘက်ဦးတည်လာပါတယ်။
-သင်္ကြန်ဟာ ကမ္ဘာ့ယဉ်ကျေးမှု ဒြပ်မဲ့အမွေအနှစ်ပစ္စည်းအဖြစ် UNESCO စာရင်းဝင်သွားခဲ့ပြီဖြစ်တာကြောင့် ပိုမိုထိန်းသိမ်းရမဲ့ ဝတ္တရားတွေကလဲရှိလို့လာပါပြီ။ အလားတူပဲ မကြာခင်ကကြုံတွေ့ခဲ့ရတဲ့ သဘာဝဘေးအန္တရာယ်ကြောင့် လူအများပူဆွေးသောကရောက်နေကြရတာဖြစ်တဲ့အတွက် ဒီနှစ်သင်္ကြန်ကို ပါဝင်ဆင်နွှဲကြမယ်ဆိုရင် အကြံပြုလိုတာက ကျွန်တော်တို့ငယ်ငယ်က ပျော်ရွှင်ခဲ့ကြရတဲ့ သင်္ကြန်အဖြစ် ပြန်လည်ပုံဖော်ဖန်တီးပြီးတော့ ကိုယ့်ရပ်ကွက်၊ ကိုယ့်အိမ်ရှေ့မှာပဲတိတ်ဆိတ်စွာနဲ့ ပါဝင်ဆင်နွဲကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။ တိမ်မြှုပ်လုနီးပါးဖြစ်နေတဲ့ ရပ်ကွက်သင်္ကြန်ပုံရိပ်ကို ပြန်လည်အသက်သွင်းရင်းနဲ့ အေးချမ်းစွာနဲ့ပဲဒီကာလကို ဖြတ်သန်းစေချင်ပါတယ်။
-အရင်ဆို သင်္ကြန်မကျခင် ၁ပတ်လောက်တည်းက ရင်ခုန်နေပြီဖြစ်ပေမဲ့ အခုတော့ရင်ခုန်သံတွေဟာအကြောင်းအမျိုးမျိုးကြောင့် အိပ်ပျော်နေခဲ့သလို "သင်္ကြန်မိုး" ရုပ်ရှင်ကြည့်ပြီးတာတောင်မှ ငြိမ်သက်နေစဲပါပဲ။ သင်္ကြန်စိတ်ဝိဉာဉ်တွေ နိုးကြားလာတဲ့နေ့၊ အရာအားလုံး ငြိမ်းအေးချမ်းသာပြီးတော့ လူအများအပြုံးပန်းတွေ ပြန်ဝေတဲ့ တစ်နေ့မှာတော့ ငွေဖလားကိုင်ပြီး သပြေတစ်ခတ်နဲ့အတူ ရိုးရာသင်္ကြန်ကို မြတ်နိုးစွာနဲ့ ပါဝင်ဆင်နွှဲပါဦးမယ်။
#Myanmar #ရုပ်ရှင် #trendingpost #movies #သင်္ကြန်မိုး
Keep Reading