သိုက်စိုးထွန်း(နတ်ရွာ)
“ဆီမီးငယ်တဲ့ တထိန်ထိန်။
အိုင်မင်းရေကြည်က၊
ကြာငါးမည်ငုံအာစွင့်တယ်၊
ဖူးပွင့်ခါချိန်။
အဿဝဏီယှဉ်ကာချဉ်းပါလို့၊
လင်းလာတဲ့ငွေတာရိန်ငယ်၊
ပြာမှိန်လျက်မြူခြေဆိုင်း။
ဂါရဝေ၊
သက္ကစ္စံပဏာမေဖြင့်၊
သဒ္ဓါခြွေကန်တော့ပွဲကိုလ၊
မစဲပေါင်ကုသိုလ်နှိုးကြတယ်၊
(အိုကွယ်) မျိုးမြန်မာ့တိုင်း။”
မဟာဂီတကျမ်းပြု ကျိုက်လတ်ဆရာ ဦးပြုံးချိုရဲ့ တူရာသီ သီတင်းကျွတ်လဘွဲ့သဖြန်တစ်ပုဒ်ကို ခပ်တိုးတိုးညည်းရင်း စိတ်အစဉ်က မွေးရပ်မြေရဲ့ သီတင်းကျွတ်ဘုရားပွဲဆီကို အပြေးတစ်ပိုင်းလေး ရောက်သွားမိတယ်။
ကလေးဘဝဆိုတော့ ဘုရားပွဲကို လူကြီးတွေထက်မျှော်တာပါပဲ၊ လူကြီးတွေထက်ပျော်တာပါပဲ။ မုန့်တွေလည်းစားရတယ်၊ ထမင်းကောင်းဟင်းကောင်းတွေလည်း စားရတယ်၊ ဒီ့ထက်ပိုကောင်းတာက ဗျောက်တွေလည်းဖောက်ရတယ်လေ။ ဟိုနားကတစ်ထိုင်းထိုင်း၊ ဒီနားက တထုံးထုံးနဲ့ ဗျောက်သံတွေ မစဲတဲ့သီတင်းကျွတ်ပွဲ မပျော်ဘဲရှိပါ့မလား၊ မမျှော်ဘဲရှိပါ့မလား။
ဘုရားပွဲက လပြည့်နေ့မှဆိုပေမယ့် လဆန်းတာနဲ့ ကုလားပဲတွေလှော်ကြပြီ၊ မုန့်မှုန့်တွေထောင်းကြပြီ။ ကုလားပဲလှော်နံ့လေးကမွှေးပါဘိနဲ့ အိုးကင်းထဲကယူယူစားလိုက်တာ ထောင်းတဲ့ဆီမရောက်ခင် အတော်ပြောင်တာပါပဲ။ ရွာမှာတော့ မောင်းထောင်းတာက ခြေထောက်နဲ့နင်းပြီး ထောင်းရတာ။ ကျောက်ဆုံမှာ လူတစ်လံကျော်လောက်ရှည်တဲ့ သစ်သားမောင်းတံနဲ့ဖိထားတယ်။ မောင်းတံထိပ်မှာက ကျည်ပွေ့ပေါ့။ အလယ်မှာက မောင်းတံရဲ့ခါးကိုထိန်းဖို့ တိုင်နှစ်တိုင်စိုက်ပြီး ညှပ်ထားတယ်။ မောင်းတံကို ဝပ်စွယ်သဘောမျိုး သစ်သားတုတ်သေးသေးနဲ့ထိန်းပြီး တိုင်မှာကုပ်အား ယူထားတာ။ တစ်ယောက်က မောင်းတံရဲ့ခြေရင်းကနေ စည်းချက်မှန်မှန်နင်း၊ တစ်ယောက်က ကျောက်ဆုံ ဘေးကထိုင်ပြီး မဖိတ်မစင်အောင်တာဝန်ယူ။ ဒုံ၊ ဒုံ၊ ဒလုံ၊ ဒလုံနဲ့ မောင်းထောင်းသံလေးတွေတညံညံနဲ့ပေါ့။ လူကြီးတွေက မောင်းထောင်းရင်း၊ စကားပြောရင်း၊ ကလေးတွေက မောင်းထောင်းရာနောက်လိုက်ပြီး ဟိုပြေး၊ ဒီပြေးနဲ့ လိုက်ရှုပ်ကြတာပေါ့။
မုန့်မှုန့်ဆိုတာက ဆန်မှုန့်ကိုပြောတာပါပဲ။ ဆန်ကိုရေဆေး၊ ရေကြာကြာစိမ်၊ ဆန်ကာခုံးနဲ့ရေစစ်ပြီး ခပ်သွ့သွေ့မှာ ထောင်းကြတာ။ မုန့်ဆီကြော်ကြော်ဖို့၊ ကတိုးဝါလုံးဖို့၊ မုန့်သြဇာကြော်ဖို့၊ ပဲခြမ်းကြော် ကြော်ဖို့ ကြိုတင်ပြင်ဆင်မှုတွေ။
ဘုရားပွဲနီးလာတာနဲ့အမျှ မုန့်တွေ ဟိုအိမ်ကကြော်၊ ဒီအိမ်ကကြော်နဲ့ ညှော်နံ့တွေက လေယူရာဝေ့ဝဲ နေတော့တာ။ မြေကိုတူးပြီး အကြေည်ဖိုလုပ်တဲ့အိမ်ကလုပ်၊ အုတ်နီခဲတွေဖိုခနောင့်ဆိုင် တည်တဲ့အိမ်ကတည်၊ ကြော်သံတွေတရှဲရှဲနဲ့ပေါ့။ ကြော်တာကလည်း မုန့်မှုန့်က ဆန်လေးငါးပြည်ထောင်း လောက်၊ ပဲမှုန့်ကလည်း လေးငါးပိဿာလောက်။ မိတ်များတဲ့အိမ်တွေဆို ခုနစ်ပိဿာ၊ ရှစ်ပိဿာလောက်အထိကြော်ရတာ။ ဘုရားပွဲမှာ ဆွမ်းလောင်းဖို့၊ လာတဲ့ဧည့်သည်ချကျွေးဖို့အပြင် ဧည့်သည်တွေအပြန်မှာ မုန့်လေးငါးဆယ်ခုဆီ ထည့်ပေးလိုက်ဖို့လည်း ပါတာပေါ့လေ။ ဧည့်သည်ကို အိမ်မှာ ဧည့်ခံရရုံနဲ့ဧည့်ဝတ်ကျေပြီလို့မထင်ကြဘူး၊ အပြန်မုန့်လက်ဆောင်ပါးလိုက်ရမှ ကျေနပ်ကြတာ။ ဧည့်သည်ကလည်း ဟိုအိမ်ကရေနွေးသောက်လိုက်ခဲ့ပါဦး၊ ဒီအိမ်က ထမင်းစားလိုက်ခဲ့ပါဦးနဲ့ဆိုတော့ ဝင်ထိုင်တဲ့အိမ်တိုင်း ဘယ်မုန့်စားနိုင်ပါတော့မလဲ။ အိမ်ရှင်ကျေနပ်ရုံ တစ်ခုနှစ်ခုလောက်သာနှိုက်ရတာ။
အိမ်လာတဲ့ဧည့်သည်ကိုမုန့်ထည့်ပေးလိုက်ရုံတင်မကသေးဘူး၊ ဘုရားပွဲမလာနိုင်တဲ့ ရွာနီးချုပ်စပ်က မိတ်ရင်းဆွေရင်းတွေဆီသွားပြီး အိမ်တိုင်ရာရောက် မုန့်ပို့သွားကြသေးတာ။ စက်ဘီးလေးတွေ ဂျောက်ဂျက် ဂျောက်ဂျက်နင်းပြီး။ ရွာကျောင်းကိုလာသင်တဲ့ ဆရာ၊ ဆရာမတွေဆီလည်း တပည့်တွေစုပြီး မုန့်ထုပ်လေးတွေသွားကန်တော့ကြသေးတာ။ ကန်တော့တဲ့မုန့်ကနည်းနည်း၊ ပြန်ဧည့်ခံလွှတ်လိုက်ရတာက ခပ်များများပေါ့လေ။ “ရော့ရော့၊ ဗျောက်ဝယ်ဖောက်ကြ”ဆိုပြီး ပိုက်ဆံနည်းနည်းစီပေးလိုက်သေးတာက ပိုသေး။
ဘုရားပွဲရောက်ပြီ။ တောလည်းမထွက်၊ လယ်ထဲလည်းမသွား၊ ဒီကနေ့တော့ နားရက်ပေါ့။ နံနက်စောစောကတည်းက ဘုရားဝန်းဆီ ချီတက်ကြပြီ။ ခြေလျင်သွားတဲ့သူတွေ၊ စက်ဘီးနဲ့သွားတဲ့သူတွေ ရှိသလို အိမ်ကနွားလေးတွေလှည်းကပြီး သွားကြသူလည်းရှိလေရဲ့။ လှည်းအိမ်ပေါ် ကောက်ရိုးထူထူခင်း၊ ကောက်ရိုးပြန့်ပေါ် နှီးဖျာခင်းပြီးတက်စီးလိုက်တော့ သဘာဝဆိုဖာပေါ့။ လှည်းကိုပုံမှန်မမောင်းဘဲ “ဝေး”၊ “ဟေး”နဲ့အော်ပြီး အပြိုင်ကြဲကြတာများပါတယ်။ လူတွေကမြူးတော့ နွားတွေလည်းမြူးနေပုံရပါရဲ့။ “တစ်ခေါက်ပြေးမှဖြင့် မိုးထိုးမယောင်၊ ခလောက်ကလေးရယ်တဲ့ ဒိုးဒိုးဒေါင်”ဆိုတာမျိုးက ဒီအချိန်မှ အစစ်။ အဝေးကကြွကြတဲ့ ဘုန်းကြီးလှည်းတွေများဆို ဖော်မြူလာဝမ်း ကားပြိုင်ပွဲကြည့်နေရသလား အောက်မေ့ရတယ်။
ဘုရားကရွာမှာမဟုတ်ဘူး။ ခပ်လှမ်းလှမ်းမှာရှိတဲ့ ကွမ်းအုံမှာ။ ကွမ်းအုံ၊ ဆိတ်သာကန်၊ နတ်ရွာ၊ မြင်သာ၊ ရွာသာ ငါးရွာအုပ်စု အကုန်ဆိုင်တဲ့ဘုရား။ ရွာစီကုံးလည်း ပါသေးသတဲ့။ ဆွမ်းလောင်းပွဲကျတော့ ငါးရွာခြောက်ရွာမကပါဘူး၊ ဘီသျှူး၊ အုတ်ဖို၊ ကြို့ကုန်း၊ ပဲပြစ်တော၊ အနီးနားဝန်းကျင်ရွာတွေကပါ လာလောင်းကြတာ။
ရွာလယ်ဘုရားကြီးလို့လည်းခေါ်ကြတယ်၊ ဘုရားကြီးလို့လည်း ပြောကြတယ်။ ဘွဲ့တော်က သိမ်ဦးအံတော်မြတ်စွာဘုရား။ အခုရွှေသင်္ကန်းကပ်ထားပေမယ့် ဟိုတုန်းကတော့ ကုန်းဂမူမှာ ထုံးဖြူဖြူ လေးနဲ့ပေါ့။ “တန်၊ တန်၊ တန်၊ ချလန်၊ ချလန်”ဆိုတဲ့ ဆဲလဲသံလေးတွေကို အသံချဲ့စက်ရပ်နေချိန်ဆို ကြားနေရတာ။ ရွာလယ်ဘုရားကြီးဆိုပေမယ့် အခုတော့ရွာ့အပြင်မှာပါ။ ဟိုတုန်းကတော့ ရွာလယ်မှာ ရှိတာတဲ့။ နောက်တော့ ဘုရားဘေးကမြေတွေက ဆပ်ပြာတွေပေါက်၊ နဂါးကျစ်တွေပေါ်လာလို့ ရွာမကြီးကနေခွဲထွက်ကြရင်းနဲ့ ဘုရားကရွာဘေးရောက်သွားတာတဲ့၊ လူပြောသူပြောဇာတ်ကြောင်း တွေအရပေါ့။
နဂါးကျစ်ဆိုတာရဲ့ အဓိပ္ပာယ်ဇစ်မြစ်ကိုတော့သေချာမပြောတတ်ဘူး။ နဂါးတွေရွှံ့လူးကြလို့များ ဒီလိုခေါ်လေသလားထင်ရရဲ့။ သူ့နေရာကတော့ ဗွက်တွေအိုင်တွေဆိုတာ တမျှော်တခေါ်ကြီး။ နွံတွေကလည်းထူပါဘိ။ နွံတွေထဲကျွဲအုပ်များဆင်းသွားရင် ချိုဖျားအထိမြုပ်ကရော။ ကျွဲအကြောင်း မသိတော့ ကိုယ်ကလန့်နေ၊ “သေရောလားဟ၊ နစ်ရောလားဟ”နဲ့တွေးပူနေတုန်း အတော်ကြာတော့ သူ့ဘာသာပြန်ပေါ်လာတာပါပဲ။ နွံတွေပေါ်ကဘတချို့နေရာတွေမှာ ရေငံမြက်တွေပိတ်နေအောင် ပေါက်နေတာ။ ဘယ်လောက်တောင် ထူသလဲဆိုတော့ မြက်ပေါ်မှာလူတက်ခုန်လို့ရတဲ့အထိ။ မြက်တွေပေါ်တက်ခုန်ရတာလည်း အတော်ပျော်စရာကောင်းတယ်။ အိခနဲ၊ အိခနဲ။ ရေကလည်း ပေါသလားမမေးနဲ့၊ ဘုရားအုတ်တံတိုင်း အောက်ကတောင် တစ်ပေါက်ပေါက်နဲ့ထွက်ကျနေတာ။ ရေကတော့ရေငံပေါ့။ ဘုရားဘေးကလေးထောင့်အုတ်တွင်းလေးက တစ်ခါတစ်လေ ရေပုံးကြိုးမလိုဘူး၊ ဒီအတိုင်းလှမ်းခပ်လိုက်ရုံပဲ။
Unlock to read this premium article with 10 points.