ဇွန်မိုး
အောင်လေးတစ်ယောက် ဝရန်တာတွင်ထိုင်တာ ဆေးလိပ်ဖွာနေသည်။ ရှေ့ဆက် ဘာလုပ်ရမယ်ဆိုတာ စဥ်းစား၍မရသေး။ ကျော်မြင့်ပေးထားသော 5000တန်တစ်ရွက်မှာလဲ 200သာ ကျန်တော့သည်။ လက်ကျန်၂၀၀တန်ကို ကြည့်လိုက် သက်ပြင်းချလိုက်နှင့် ဝရန်တာတွင် ထိုင်နေတာ နာရီဝက်နီးပါး ရှိသွားပြီ။
"သားကြီး ရှိတာနဲ့ပဲ စားထားဦးနော် ငါပြန်ကာမှ
ခေါက်ဆွဲကြော် ဆွဲခဲ့မယ်"
ကျော်မြင့်က အဝတ်အစားလဲနေရင်း အောင်လေးကို လှမ်းပြောသည်။ ကျော်မြင့်က နာမည်ကြီး unplugged band တစ်ခု၌ သီချင်းဆိုသည်။ ညနေ 6:30 တွင် အလုပ်သွား၍ ည 11:30လောက်မှ ပြန်လာတတ်သည်။
ကျော်မြင့်ကို "အေး အေး" ဟူ၍သာ အကြောင်း ပြန်ပြီး ဆေးလိပ်ကို ဆက်ဖွာနေသည်။ အနီးနားရှိ ဆေးပေါ့လိပ် ၂လိပ်မှာ ဝရန်တာ၌ ပြန့်ကျဲလျက်။
'မနက်ကျရင်တော့ အဒေါ့်ဆီ မုန့်ဖိုး သွားတောင်းဦးမှပဲ' ဟု စိတ်ထဲက ရေရွတ်မိသည်။ အောင်လေး ရန်ကုန်ရောက်နေသည်မှာ 16ရက်တိုင်ခဲ့လေပြီ။ မဲဆောက်မှ ပါလာသော ပိုက်ဆံမှာလည်း စရောက်ကာစ နှစ်ရက်တွင် ဟိုတယ်မှာတည်းပြီး သုံးဖြုန်းခဲ့တာနှင့်ပင် ကုန်သွားခဲ့သည်။ လက်ထဲ ကျန်သော 1သိန်းနီးပါးနှင့် ကျော်မြင့်ဆီသို့ ရောက်လာခဲ့သည်။ ကျော်မြင့်၏ တိုက်ခန်းသို့ ရောက်နေသည်မှာလဲ ရက်သတ္တ နှစ်ပတ် တိုင်ခဲ့လေပြီ။
ကျော်မြင့် အလုပ်သွားသောအခါမှ အောင်လေး ထမင်းထစားသည်။ သီတင်းကျွတ်လပြည့်ည ဖြစ်သည့်အတွက် မျက်နှာချင်းဆိုင်တိုက်ခန်းများ၌ ဆီမီးခွက်များ ထွန်းညှိ ပူဇော်ထားကြသည်။ လမ်းမတွင် ကလေးများ မီးပုံးများနှင့် ဆော့ကစားနေကြသံ ကြားရသည်။ ဆူးလေဘုရားသို့ သွားကြသည့် သူများ၏ အသံများလဲ ကြားရသည်။ အောင်လေးတို့တိုက်ခန်း၏ နှစ်တိုက်ကျော်တွင် လူငယ်တစ်စု မီးပုံးပျံလွှတ်တင်နေကြသည်။ အောင်လေး ထမင်းစားပြီးနောက် ဝရန်တာတွင် ပြန်ထိုင်တာ ဆေးလိပ်ဖွာသည်။ အဝေးဆီမှ သီချင်းသံတစ်ခုလဲ ပျံ့လွင့် လာလေသည်။
သီတင်းကျွတ်ပြီလေxxx သီတင်းကျွတ်ပြီလေxxx သီတင်းကျွတ်ပြီ သဟာဆွေ........
အောင်လေးမှာ ငယ်စဥ်က တအားအဆော့သန်သည်။ သီတင်းကျွတ်လပြည့်နေ့၌ လူကြီးမိဘများအား ကန်တော့ပြီးသည်မှစ၍ အောင်လေးတို့ သူငယ်ချင်းတသိုက် ငရဲမီး ဆော့ကစားနေကြသည်။ ငရဲမီး ဆော့ကစား၍ ဘယ်သူ့မီးတောက် ပိုကြီးလဲဆိုတာပါ ပြိုင်လိုက်ကြသေးသည်။ အနားမှ
နို့ဆီခွက်၊ ဆီစိမ်စက္ကူ၊ ဝါးခြမ်းပြားများနှင့် လုပ်ထားသည့် သင်္ဘောကြီးတစ်စီး ဖြတ်သွားမှသာ အောင်လေးတို့ နားလိုက်ကြသည်။
"လှလိုက်တာကွာ ငါတော့ လိုချင်လိုက်တာ"
အောင်လေး သင်္ဘောကြီးကို ကြည့်၍ ရေရွတ်မိသည်။ ရွာဦးကျောင်းရှိ ဦးဇင်းတစ်ပါးမှာ လက်မှုပညာတွင် နှံ့စပ်သည်။ သီတင်းကျွတ်ကာလရောက်လျှင် သင်္ဘောများ၊ မီးပုံးများ လုပ်၍ ရောင်းတတ်သလို တချို့ကလေးများအား လက်ဆောင်ပေးတတ်သည်။ အောင်လေးသည်လဲ ဦးဇင်းလက်ဆောင်ပေးထားသည့် သင်္ဘောတစ်စင်း လက်ဆောင် ရထားသေးသည်။
"အောင်လေးရေ ဗာဒံရွက် သွားခူးကြမယ်ဟေ့"
ကိုလှဖေတို့ အော်ကာမှ အောင်လေး သင်္ဘောအနားမှ ခွာကာ ကိုလှဖေတို့နောက် လိုက်သွားသည်။ ဗာဒံရွက်ခူးရင်း ခါချဥ်အကိုက်ခံရသောကိုလှဖေကိုကြည့်၍ အောင်လေးတို့ကလေးတသိုက် ပွဲကျနေလိုက်သေးသည်။ရပ်ကွက်ထဲ၌ ဗာဒံရွက်တွေခူး တုတ်အပိုင်းအစများနှင့် သီကာ ဆီမီးထွန်းကြလေ့ရှိသည်။ ဗာဒံရွက်များမှာလဲ အဝါ၊အစိမ်း၊အနီ အရောင်သုံးမျိုးရှိ၍ ဆီမီးရောင်စုံထွန်းထားသလို လှပနေတော့သည်။
မီးပုံးလွှတ်ကြသောအခါ အောင်လေးတို့မှာ အနီးကသာ ငေးကြည့်နေရသည်။ "ကလေးတွေ မကိုင်တတ်ရင် မီးပုံး မှိုင်းမဝလို့ မတက်ပဲနေမယ်" ဟု ပြောထားသဖြင့် တစ်ယောက်မှ ဝင်မကိုင်ရဲပေ။
မီးပုံပျံတက်သွားမှသာ ကလေးများ လက်ခုပ်တီး၍ ထခုန်ကြသည်။ ပြီးလျှင် ခွက်ပေါက်တမ်း၊ ထုတ်စည်းထိုးတမ်းများ ကစားကြသေးသည်။
ထိုနေရာတွင်တော့ အောင်လေးမှာ အရွယ်နဲ့မလိုက်အောင် ထူးချွန်သည်။ လူကောင်ခပ်သေးသေး ဖြစ်သည့်အတွက် အရှောင်အတိမ်းလဲမြန်သည်။ လသာသောညဖြစ်သည့်အတွက် လရောင်အောက်တွင် ဆော့ကစားရခြင်းမှာ ကလေးများအတွက် ပျော်လို့ပင် မဆုံးနိုင်ကြချေ။
ငယ်စဥ်အခါက အဖြစ်အပျက်များကို ပြန်တွေးရင်း အောင်လေး ပြုံးမိသည်။ သည်နှစ် လူကြီးမိဘများအား မကန်တော့ရသည့်အတွက်တော့ အောင်လေး စိတ်မကောင်းပေ။ ဝရန်တာမှ ထ၍ စာအုပ်ယူကာ စာထိုင်ဖတ်လေသည်။ အောင်လေးတွင် စာဖတ်သည့်အလုပ်မှလွဲ၍ ဘာအလုပ်မှ မရှိပေ။ 200တန်တစ်ရွက်နှင့် စာအုပ်တစ်အုပ်အား အိတ်ထဲတွင် ထည့်၍ ထားလိုက်သည်။ မနက်ကျလျှင် အဒေါ်ဆီသွား၍ အပူကပ်ရဦးမည် မဟုတ်လော။ Busကားခ ၂၀၀ရနေသေးတာကိုပဲ အောင်လေး ကျေးဇူးတင်မိသည်။
ည 10နာရီထိုးပြီ ဖြစ်သော်လည်း အောင်လေး အိပ်လို့ မဖြစ်သေး။ ကျော်မြင့်အပြန်ကို စောင့်၍ တံခါးဖွင့်ပေးရဦးမည်။ သူပါလာသော ခေါက်ဆွဲကြော်နှင့် နှစ်ယောက်သား ညစာ စားကြရဦးမည်။ အောင်လေး စာဖတ်ရာမှ ထ၍ ရေထတင်သည်။ ဆန်ဆေးရင်း ထမင်းအိုးတည်သည်။ကျော်မြင့်သာ ခေါ်မထားလျှင် အောင်လေး အနေအစား ဒုက္ခရောက်မှာ သေချာသည်။
မြို့ပြညသည် တိတ်ဆိတ်လျက်။ လပြည့်ည၏ လရောင်မှာ လမ်းထဲသို့ အပြည့်အဝ နေရာယူထားသည်။ ကားတစ်စီး ဖြတ်မောင်းသွားသံ ကြားပြီနောက် အောင်လေး တံခါးကိုဖွင့်၍ အောက်ထပ်သို့ဆင်းလာသည်။ ကောင်းကင်သို့ မော့ကြည့်ရင်း
ဆေးလိပ်ကို အားပါးတရ ရှိုက်လိုက်သည်။
အောင်လေး၏ ဖုန်းမှ သီချင်းသံသည်လဲ
လမ်းထဲတွင် လွင့်ပျံလာလေတော့သည်.....။ ။
"မှန်လေးတစ်ချပ်...
ကွဲနေရဲ့...
ဒါကဗျာ တစ်ပုဒ်ပေါ့...
ဘယ်သူငြင်းမလဲ..."
#ဇွန်မိုး
13 November 2024
2:50Pm
Keep Reading