Kay Tha Yi Myaing
နှစ်စဥ် ကျင်းပလေ့ရှိသော မြန်မာတို့၏ ဆယ့်နှစ်လရာသီ ပွဲတော်များထဲတွင် အထင်ရှားဆုံးနှင့် အကျော်ကြားဆုံးမှာ နွေဦးအချိန်အခါသမယ တန်ခူးလတွင် ကျင်းပသော သင်္ကြန်ပွဲတော်ပင်ဖြစ်ပေသည်။ မြန်မာတို့ဧ။် နှစ်သစ်ကူးဖြစ်သော သင်္ကြန်ပွဲတော်ကို မြန်မာပြက္ခဒိန်အားအခြေခံ၍ ၄ရက် သို့မဟုတ် ၅ရက် ကျင်းပကြသည် ။ သင်္ကြန်ပွဲတော်သည် ပျော်ရွှင်ဖွယ်ကောင်းသော ပွဲတော် တစ်ခုဖြစ်ရုံတင်မက
ပုံမှန်အချိန်များထက် ပိုမို၍ ကုသိုလ်ကောင်းမှု ပြုလုပ်ကြတဲ့ အချိန်လည်းဖြစ်ပေသည် ။
မြန်မာနိုင်ငံတွင် သင်္ကြန်ပွဲတော် စတင်ခဲ့သည့်အချိန်မှာ ပုဂံခေတ်တွင်း (၁၁ရာစုလောက်) ကဟူ၍ သမိုင်းမှတ်တမ်းများအရ သိရသည်။ ပုဂံခေတ်တွင်းရှိ ဘုရင်တို့သည် သင်္ကြန်ပွဲတော်အခါသမယတွင် ဘုရားရှိခိုးခြင်း ၊ ဘုရားသားတော်များဖြစ်သော သံဃာတော်အရှင်သူမြတ်တို့အား ရေသပ္ပါယ်ခြင်း ၊ ပူဇော်ခြင်း ၊ နန်းဆောင်များနှင့် မြို့တွင်း မြို့ပြင် ပြန်လည် သန့်ရှင်းရေးလုပ်ခြင်း ၊ ရေကစားခြင်းတို့ကို ပြုလုပ်ခဲ့ကြသည် ။
သင်္ကြန်အခါသမယတွင် မြန်မာတို့၏ ယဉ်ကျေးပျူငှာတတ်သော အပြုအမူတို့မှာ ပိုမို၍ပင် ထင်ရှားလာကြသည် ။ ရှေးယခင်ကပင် ကျင့်သုံးလာကြသော အချို့သောဓလေ့ထုံးတမ်းတို့သည် ခေတ်ကာလများ မည်မျှပင်ပြောင်းလဲစေကာမူ မပျောက်မပျက်ပဲ ကျန်ရှိနေကြပေသည် ။
သင်္ကြန်ဟု ပြောလိုက်သည် နှင့်တစ်ပြိုင်နက် ပထမဦးစွာပေါ်လာသော အကြောင်းရာမှာ ရေကစားခြင်းပင်ဖြစ်သည် ။ နှစ်ဟောင်းမှ ကပ်ငြိလာသော အညစ်အကြေးများ ၊ ကံမကောင်းမှုများကို နှစ်သစ်တွင်ပါမလာအောင် သင်္ကြန်ရေဖြင့် ဆေးကြောကြရသည် ။ သင်္ကြန်ရေကြောင့် ဖျားသည် ၊ နာသည် ၊ နေမကောင်းဖြစ်သည် ဟူ၍ မဖြစ်ကြပေ ။ ဤအချက်သည်ပင် သင်္ကြန်ရေ၏ ထူးခြားချက်ဖြစ်ပေသည် ။ လမ်းမများပေါ်၌ သင်္ကြန်သီချင်းများဖွင့်ကာ ရေကစားကြသည့် ထိုမြင်ကွင်းမှာ အလွန်ပင် ပျော်ရွှင်ဖို့ကောင်းလှပေသည် ။ မြို့၏ အဓိက နေရာများ၌ ယာယီမဏ္ဍပ်များ ဆောက်လုပ်ထားကြပြီး မနက်ခင်းပိုင်း၌ ယိမ်းသမများက သင်္ကြန်အကအလှများနှင့် ဖျော်ဖြေကြသည် ။ ကျန်အချိန်များတွင် လာရောက် ရေကစားသူများနှင့် ပြည့်နှက်နေသည် ။
သီလယူကြခြင်းသည်လည်း သင်္ကြန်၏ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတစ်ခုပင်ဖြစ်ပေသည် ။ သင်္ကြန်တွင်း၌ သီလယူ၊ ဥပုသ်ဆောက်တည် ကြသည် ။ ရပ်ကွက်တွင်းရှိ ဓမ္မာရုံများတွင် သင်္ကြန်အကြို နေ့မှ နှစ်ဆန်းတစ်ရက်နေ့ အထိ သီလပွဲများ ကျင်းပကြကာ ကုသိုလ်ယူကြသည် ။ ရိပ်သာများတွင်လည်း သက်ကြီးရွယ်အိုများနှင့် လူငယ်များ သင်္ကြန်တွင်း၌ တရားဘာဝနာအားထုတ်ကြကာ ကုသိုလ်ယူကြသည် ။
ချန်ထားလို့မရသော ဓလေ့လည်းရှိသေးသည် ။ စတုဒိသာကျွေးခြင်းသည်လည်း သင်္ကြန်၏ ယဉ်ကျေးမှု အမွေအနှစ် တစ်ခုပင်ဖြစ်ပေသည် ။ မြန်မာဟုပြောလိုက်သည်နှင့်ပင် အလှူအတန်းရက်ရောကြသည်ဟူ၍ပင် သိကြသည် ။ သင်္ကြန်အချိန်အခါကာလတွင် ပို၍ပင် အလှူအတန်းရက်ရောကြပေသည် ။ စတုဒိသာမရှိသော ရပ်ကွက်ဟူ၍မရှိပေ ။ ရပ်ကွက်တိုင်းတွင်ပင် စတုဒိသာ ရှိပေသည် ။ နေရာအနှံ့ စတုဒိသာ ကျွေးမွေးကြသည် ။ ရပ်ကွက်တွင်း၌တင် မဟုတ် ၊ အပြင်သို့ ရေပက်ခံထွက်လျှင်ပင် လမ်းဆုံ လမ်းခွများ ၊ ဘုရားများ ၊ ရေပက်ခံထွက်သည့် လမ်းတလျှောက်နှင့် ကျုံးဘေးအနီးတဝိုက်တို့တွင်ပင် ဖျော်ရည်များ တိုက်ခြင်း ၊ မုန့်လုံးရေပေါ် ကျွေးခြင်း ၊ မုန့်များဝေခြင်း အစရှိသည်တို့ကို တွေ့ကြရပေမည် ။
ဘိုးဘွားမိဘများကို ကိုယ်လက်သန့်စင်ပေးခြင်း ၊ ခေါင်းလျှော်ပေးခြင်း ၊ ခြေသည်း၊လက်သည်းညှပ်ပေးခြင်း တို့ကိုလည်း ပြုလုပ်ကြသေးသည် ။ ကုသိုလ်ကောင်းမှုမှန်သမျှတို့ကို သင်္ကြန်တွင်း၌ပင် ပို၍ လုပ်ဆောင်ကြသည် ။
မြန်မာတို့သည် သင်္ကြန်အခါတွင် ဘာသာရေးပွဲများကျင်းပကြသည် ။ ဘုန်းကြီးကျောင်းများသို့သွားရောက်ကာ ဆွမ်းလောင်းလှူကြသည် ။ ငှက်လွှတ်ခြင်း ၊ ငါးလွှတ်ခြင်း ကဲ့သို့သော ကုသိုလ်ကောင်းမှုများကို ပြုလုပ်ကြသည် ။
နှမြောစရာကောင်းသည့်အချက်မှာ ခေတ်ကာလတိုးတက်လာသည်နှင့်အမျှ ရေကစားသော နည်းလမ်းများမှာလည်း တဖြည်းဖြည်းပြောင်းလဲလာခဲ့သည် ။ ရှေးယခင်က ငွေဖလားထဲ ရေထည့်၍ သပြေခက်ဖြင့် ပက်ကြရာမှ ယခုခေတ်တွင် ရေခွက်ဖြင့်ပင် ခွက်စောင်းခုတ်ပက်ခြင်းကဲ့သို့နည်းအမျိုးမျိုးဖြင့်ပက်လာကြသလို ရေသေနတ်များ ၊ မဏ္ဌပ်များတွင်လည်း မီးသတ်ပိုက်များနှင့် ပက်လာကြသည် ။ သင်္ကြန်ကာလတွင် မိမိ သိသောသူဖြစ်စေ၊ မသိသောသူဖြစ်စေ လူတန်းစား မခွဲခြားပဲ သင်္ကြန်ရေဖြင့် ဖျန်းပက်ကြသည် ။ ထို့ကြောင့် တစ်ဖက်လူကို စာနာသောအားဖြင့် အပျော်မှအပျက်မဖြစ်ရလေအောင် ဂရုတစိုက်ဖြင့် ရေပက်ကြသင့်သည် ။
သင်္ကြန်ပွဲတော်ကို မြန်မာနိုင်ငံတွင်သာမက အခြား အရှေ့တောင်အာရှ နိုင်ငံများနှင့် တောင်အာရှနိုင်ငံများတွင်လည်း ကျင်းပကြသေးသည် ။ လာအိုနိုင်ငံတွင် Pi Mai ၊ ထိုင်းနိုင်ငံတွင် Songkran ၊ ကမ္ဘောဒီးယားနှစ်သစ်ကူး ( Chaul Chnam Thmey ) စသည်ဖြင့် အသီးသီးခေါ်ဝေါ်ကြသည် ။
ရှေးယခင်က သင်္ကြန်ဓလေ့ကို ရှေ့လင်္ကာဖြင့် ရေးထားသည်ကို လိုင်းပေါ်တွင် ဖတ်ရှုခဲ့ဖူးသည် ။ ထိုရှေ့လင်္ကာမှာ
အကြို _သပ္ပါယ်
ထိုလင်္ကာ၏ အဓိပ္ပာယ်မှာ
ဟူ၍ဖြစ်ပေသည် ။ သို့သော် ယခုခေတ်ကာလတွင် ထိုကဲ့သို့ နေ့ရက်အလိုက်လုပ်သူရှားပါးသွားသည် ။ သင်္ကြန်ရက်တိုင်း ထို၄မျိုးလုံးကို ပြုလုပ်ကြသူများသာရှိတော့သည် ။ နှစ်ဆန်းတစ်ရက်နေ့တွင်သာ နှစ်သစ်တရားနာကြပြီး စတုဒိသာများကျွေးကြသည် ။ ဤသို့ ရှေးယခင်လို နေ့ရက်များအလိုက် မလုပ်တော့ပဲ နေ့စဉ်နေ့တိုင်း ကောင်းမှုကုသိုလ် ပြုလုပ်ကြသည် မှာလည်း ကောင်းသောအပြုအမူတစ်ခုဖြစ်သည်ဟု ထင်မြင်မိသည် ။
သင်္ကြန်ပေါ်ပေါက်လာသော အယူအဆများစွာ ရှိသည် ။ သင်္ကြန်သည် ဟိန္ဒူဘာသာက ဆင်းသက်လာသည် ဟု ဆိုကြသည် ။ သိကြားမင်းနှင့် ဗြဟ္မာမင်း အငြင်းပွားရာမှ ဗြဟ္မာမင်းကရှုံးနိမ့်သွားခဲ့ပြီး ဦးခေါင်းကို ဆုံးရှုံးလိုက်ရသည် ။ တန်ခိုးကြီးသော ဗြဟ္မာမင်းခေါင်းကို ပင်လယ်ထဲသို့ချလျှင် ရေခမ်း ၊ မြေကြီးထဲသို့ ထည့်လျှင် မီးလောင် ၊ လေထဲသို့ပစ်လျှင် သတ္တဝါအားလုံး မီးလောင်ကုန်မည်ဖြစ်သောကြောင့် သိကြားမင်းက ကိုင်ဆောင်ထားရသည် ။ နောက်ပိုင်းမှာ တန်ခိုးကြီးသော နတ်မင်းကြီးများအား တစ်ပါးပြီးလျှင် တစ်ပါး ဦးခေါင်းကို ထိန်းသိမ်းဖို့ မိန့်ကြားခဲ့သည် ။ ဦးခေါင်းကို နတ်မင်းကြီး တစ်ပါးလက်မှ အခြားနတ်မင်းကြီးတစ်ပါးလက်သို့ ကူးပြောင်းချိန်ကို ပုဏ္ဏားတို့က တွက်ချက်ပြီး ထိုအကူးအပြောင်း ကာလကို သင်္ကန္တဟုခေါ်ဆိုကြသည် ။ ထိုကာလတွင် သိကြားမင်းသည် ကောင်းမှုကုသိုလ်များထွန်းကားဖို့နှင့် ဗုဒ္ဓသာသနာ ပြန့်ကားရေးအတွက် လူ့ပြည်သို့ဆင်းလေ့ရှိပြီး မှတ်တမ်းများမှတ်သားသည် ။ ကောင်းသူများကို ရွှေပေလွှာတွင် မှတ်သားကာ မကောင်းသူများကို ခွေးသားရေပုရပိုဒ်တွင် မှတ်သားသည်ဟု ဆိုကြသည် ။
သို့သော် သင်္ကြန်သည် ဗုဒ္ဓဝင်ကျမ်းများမှ ဆင်းသက်လာသည်ဟု ဆိုကြပြန်သည် ။ ဗုဒ္ဓဝင်ကျမ်းဂန်များအရ သင်္ကြန်ဟုပေါ်ပေါက်လာသော အချိန်ကာလသည် မြတ်စွာဘုရားရှင်၏ မယ်တော်ဘက်မှ အမျိုးများရှိသော ဒေဝဒဟပြည်နေ မင်းညီ
မင်းသားများနှင့် မင်းသမီးများ ရေကစားကြသော အချိန်ကာလဖြစ်သည်ဟုလည်း ဆိုကြပြန်သေးသည် ။ ဘုရားရှင်လက်ထက်မတိုင်မီကပင် ပူပြင်းလှသော မိန်ရာသီမှ မိဿရာသီသို့ ကူးပြောင်းသော ကာလတွင် ရေကစားလေ့ရှိခဲ့ကြသည်ဟုလည်း ဆိုကြပြန်သေးသည် ။ လိုင်းပေါ်မှ ရှာဖွေတွေ့ရှိထားသော သမိုင်းမှတ်တမ်းများကို ကိုးကား၍ ပြန်လည် ရေးသားဖော်ပြထားခြင်းဖြစ်သည် ။ အခြားသော အယူအဆများလည်းရှိသေးသည် ။ အချို့အယူအဆများသည် ပါးစပ်ရာဇဝင်များ ဖြစ်ကြသည် ။
အယူအဆများစွာရှိသောကြောင့် မည်သည်မှာ မှန်သည် ၊မှားသည် မပြောနိုင်ပေ ။ သင်္ကြန်သည် မြန်မာမှဆင်းသက်လာနိုင်သလို အခြားသော နိုင်ငံများမှ ဆင်းသက်လာသည်လည်းဖြစ်လာနိုင်သည် ။ အမျိုးမျိုးသော ရာဇဝင်များနှင့် အယူအဆများရှိနေစေကာမူ သင်္ကြန်ဟူသည် ကျွန်တော်တို့မြန်မာလူမျိုးများ၏ ဆယ့်နှစ်လရာသီပွဲတော်များထဲမှ တစ်ခုဖြစ်ပြီး မြန်မာတို့၏ အလေးအမြတ်ထားသော နှစ်သစ်ကူးလည်းဖြစ်သည် ။ သမိုင်းမှတ်တမ်းများကို ဗဟုသုတအနေဖြင့်သာမှတ်သားထားပြီး ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများနှင့် သင်္ကြန်ပွဲတော် ကိုတော့ ကျွန်တော်တို့၏ ရင်ထဲ နှလုံးသားထဲတွင် မှတ်သားထားမည် ။ နောက်ပိုင်းတွင် သမိုင်းမှတ်တမ်းအတိအကျဖြင့် သင်္ကြန်သည် မည်သည့် နိုင်ငံမှ ဆင်းသက်လာသည်ဟု ဖြစ်ပေါ်လာခဲ့လျှင်လည်း ကျွန်တော်တို့၏ သင်္ကြန်ပွဲတော်သည် မြန်မာ့သင်္ကြန် အဖြစ်သာ ကျွန်တော်တို့၏ ရင်ထဲတွင် မှတ်သားထားမည်ဖြစ်ပေသည် ။ မြန်မာ့သင်္ကြန်သည် မြန်မာနှစ်သစ်ကူးအချိန်အခါသမယဖြစ်ပြီး မြန်မာတို့၏ ယဉ်ကျေးမှုကို ဖော်ပြသော ပွဲတော်တစ်ခုဖြစ်သလို မြန်မာတို့၏ အလေးအမြတ်ထားရာ ပွဲတော်လည်း ဖြစ်ပေတော့သည် ။
Keep Reading