Shwe Eaint Hmue San
ကမ္ဘာပေါ်တွင် နေထိုင်သော လူမျိုးများသည် မိမိတို့ နေထိုင်ရာဒေသအလိုက် ဓလေ့ထုံးတမ်းစဥ်လာများအရ မတူညီသော နှစ်သစ်ကူးပွဲတော်များကို ကျင်းပကြသည်။ဒီဇင်ဘာ ၃၁ရက်နေ့ ည၁၂နာရီ၌ ပြုလုပ်သော နှစ်သစ်ကူး၊ ဖေဖော်ဝါရီလတွင် ပြုလုပ်သော တရုတ်လူမျိုးများ၏ နှစ်သစ်ကူး၊ မတ်လတွင် ပြုလုပ်သော ဟိန္ဒူ- ဗင်္ဂါလီတို့၏ နှစ်သစ်ကူးဟူ၍ ပျော်ပွဲရွှင်ပွဲများ ကျင်းပကာ အကြီးအကျယ် ပြုလုပ်ကြသည်။ ထို့အတူ ကျွန်ုပ်တို့ နေထိုင်သည့် အမိမြန်မာနိုင်ငံတော်တွင် မြန်မာသက္ကရာဇ်အရ တပေါင်းအကုန် တန်ခူးလ၊ ခရစ်သက္ကရာဇ်အရ ဧပြီလတွင် မြန်မာ့ရိုးရာ သင်္ကြန်နှစ်သစ်ကူးပွဲတော်ကို ကြီးကျယ်ခမ်းနားစွာ ပြုလုပ်ကြသည်။
မြန်မာလူမျိုးတို့၏ နှစ်သစ်ကူးသင်္ကြန်သည် ဟိန္ဒူအယူဝါဒမှ ဆင်းသက်လာသည်ဟုဆိုကာ ရှေးယခင်ကတည်းက ရေဖလားထဲတွင် နံ့သာရေများထည့်ကာ သပြေခက်ဖြင့် ယဥ်ကျေးစွာ ဆင်နွှဲခဲ့ကြသည်။ သင်္ကြန်နှင့်ပတ်သက်ပြီး ထင်ရှားသော သမိုင်းကြောင်းဟု ဆိုရာတွင် နရသီဟပနေ့မင်းနှင့် မိဖုရားစောလုံတို့ကို မေ့ထားလို့မရပေ။ ပုဂံခေတ် နရသီဟပတေ့မင်းလက်ထက်တွင် မိဖုရားစောလုံကို ရေကစားပွဲ၌ ကျီစားလွန်သောကြောင့် မိဖုရား စိတ်ဆိုးကာ ဘုရင်ကို သေကြောင်းကြံသဖြင့် မိဖုရားစောလုံကွပ်မျက်ခံရသည်ဟူသော ဖြစ်ရပ်အရ သင်္ကြန်ပွဲတော်သည် ပုဂံခေတ်ကပင် ရှိခဲ့သည်ဟု မှတ်ယူခဲ့ရသည်။
မြန်မာတို့၏ ဓလေ့ထုံးတမ်းစဥ်လာများအရ အကြိုနေ့မနက်ခင်းတွင် အတာအိုး၊အတာပန်းများဖြင့် သိကြားမင်းကို ကြိုကြသည်။ သိကြားမင်းသည်လည်း နှစ်တိုင်း မတူညီသည့် သတ္တဝါများကို စီး၍ လက်နှစ်ဖက်တွင်လည်း မတူညီသည့် ပစ္စည်းများကို ကိုင်ဆောင်၍ လူ့ပြည်ကို ဆင်းသည်ဟု ဆိုကာ ထိုအကြောင်းအရာပေါ်မူတည်၍ တစ်နှစ်တာ အကျိုးအကြောင်း အကောင်းအဆိုးကို ဖော်ပြသော သင်္ကြန်စာများလည်း ရှိသည်။ သင်္ကြန်ပွဲတော်ကျင်းပသော နေ့ရက်များတွင် မြန်မာ့ရိုးရာ စတုဒီသာများ၊အကျွေးအမွေးများဖြင့် ဧည့်ခံကျွေးမွေးကြသည့် ဓလေ့များရှိသည်။ သင်္ကြန်ဟုဆိုလာလျှင် သင်္ကြန်၏ အထိမ်းအမှတ်ပန်း ပိတောက်ပန်းက မပါမဖြစ်ပေ။ သင်္ကြန်မိုးနှင့် အတူဖူးပွင့်လာသော ပိတောက်ပန်းကလေးများသည် လေအဝှေ့တွင် သင်းပျံ့မွှေးကြူနေသည်။ သင်္ကြန်နှင့်ပက်သက်ပြီး နာမည်ကြီးသည့် ဆရာမြို့မငြိမ်းနှင့် ငွေငန်း၊ သင်္ကြန်ယိမ်း လှပျိုဖြူများ ၊သင်္ကြန်မိုးရုပ်ရှင်၊ သင်္ကြန်သီချင်းများသည် နှစ်စဥ်သင်္ကြန်ရောက်တိုင်း ပြန်လည်အသက်ဝင်လာကြစမြဲ ဖြစ်သည်။သင်္ကြန်ပွဲကို မည်သို့ပင် ပျော်ရွှင်စွာ ဆင်နွှဲကြသည်ဟုဆိုသော်လည်း ကိုယ်ဝန်ဆောင်များ၊ဥပုသ်သီလစောင့်တည်သူများ၊ဘာသာရေးပုဂ္ဂိုလ်များ၊တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအား ရေပက်ခြင်းမှ ရှောင်ကြဥ်ကြသည်မှာ ချစ်စရာကောင်းသည့် အပြုအမူပင်ဖြစ်သည်။
ရှေးယခင်ကာလများတွင် ငွေဖလားနှင့် သပြေခက်ကို အသုံးပြုကာရေကစားခဲ့ကြသည်ဟုဆိုသော်လည်း ယနေ့အခါတွင် ရေပိုက်များ၊ရေပြွတ်များကို အသုံးပြုကာ ခေတ်နှင့်အညီ မဏ္ဍပ်များတည်ဆောက်၍ တောရောမြို့ပါမကျန် စည်ကားသိုက်မြိုက်စွာကျင်းပကြသည့်ပွဲတစ်ခုလည်း ဖြစ်သည်။ အချို့မြို့များတွင် အိုးမည်းသုတ်သည့် ချစ်စရာ အလေ့အထရှိသလို ရခိုင်တိုင်းရင်းသားများသည်လည်းလှေထဲတွင် ရေထည့်ကာ မျက်နှာချင်းဆိုင် အပျိုလူပျိုရေပက်ကစားကြသည့် မတူညီသည့် ချစ်စရာဓလေ့ကိုလည်း တွေ့မြင်နိုင်သည်။
မြန်မာတို့ဂုဏ်ယူစွာ ကျင်းပရသည့် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကြီးကို ယူနက်စကို၏လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ်စာရင်းတွင်ပါဝင်နိုင်ရေးအတွက် အဆိုပြုစာတွဲကို ယူနက်စကို ဒြပ်မဲ့ယဥ်ကျေးမှု အမွေအနှစ်ကော်မတီထံ သာသနာရေးနှင့် ယဥ်ကျေးမှုဝန်ကြီးဌာနက ၂၀၂၃ခုနှစ် မတ်လ၂၃ရက်တွင် ပေးပို့တင်သွင်းခဲ့သည်။ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ ၅ရက်နေ့တွင် ပါရာဂွေးနိုင်ငံ၊ အာဆွန်စီယွန်မြို့၌ ကျင်းပသည့် ( ၁၉) ကြိမ်မြောက် ဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ် ညီလာခံက " မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်" ကိုကမ္ဘာ့ဒြပ်မဲ့ ယဥ်ကျေးမှုအမွေအနှစ်စာရင်းတွင် ထည့်သွင်းကြောင်း ကြေညာခဲ့သည်။ ထို့ကြောင့် မြန်မာတို့၏ ဂုဏ်ယူဖွယ်ရာပွဲတော်ကို အပျော်မှအပျက်မဖြစ်အောင် ထိန်းသိမ်းစောင့်ရှောက်ရင်း လက်ဆင့်ကမ်းအမွေပေးသွားကြရမည်မှာ မြန်မာနိုင်ငံသားတိုင်း၏ တာဝန်ပင် ဖြစ်ပါတော့သည်။
Shwe Eaint Hmue San ( 27.4.25)
Keep Reading