Maru
စာချစ်သူလေးတို့ ပျင်းဖူးကြပါသလား?
ဒီမေးခွန်းတွက် အဖြေကတစ်ခုထဲပဲ သံပြိုင်ထွက်လာမှာဆိုရင်တော့ဖြင့် မလွဲမသေပါပဲ။
လူတိုင်းမှာ ပျင်းတဲ့စိတ်တွေရှိကြတယ်။ အလုပ်တွေကို စနစ်တကျလုပ်တဲ့သူတွေမှာတောင် ပျင်းရိစိတ်က ကိန်းဝပ်နေတတ်ပါသေးတယ်။ ဒီလိုလူတွေမှာတောင် ပျင်းတဲ့စိတ်က ကိန်းဝပ်နေတတ်တာဆိုရင် ကျွန်မတို့လို Free time များတဲ့ လူငယ်တွေအတွက်ဆို ပျင်းတဲ့စိတ်က ကိန်းဝပ်နေတာထက်ပိုလို့တောင် လွှမ်းမိုးနေမှာပါ။
ဒီလိုပျင်းတဲ့စိတ်ကို ဘယ်လိုတွေကျော်လွှားကြမလဲ။
ဒီနေရာမှာ ပထမဆုံးမေးချင်တာက စာချစ်သူလေးတို့ ပျင်းတဲ့အခါ ဘာတွေလုပ်ကြပါသလဲ ဆိုတာပါပဲ။
ကျွန်မတို့တွေအနေနဲ့ လုပ်စရာရှိတဲ့အလုပ်တွေပုံနေပါလျက် ဘာမှမလုပ်ဘဲ ပျင်းတယ်ဆိုပြီးထိုင်အော်နေကြတဲ့သူတွေဟာ ပျင်းတယ်ဆိုတာထက် တာဝန်ယူလုပ်ကိုင်တတ်တဲ့အလေ့အကျင့်မရှိခြင်းလို့ပဲ ဆိုရမှာပါပဲ။ ဒါကတော့ ကိုယ်ရည်ကိုယ်သွေးပိုင်းနဲ့ သက်ဆိုင်သွားတာပါပဲ။
လိုရင်းလေးပြန်သွားကြရအောင်
ပျင်းတဲ့အခါ ဘာတွေလုပ်သင့်လဲ။ကျွန်မ မနေ့ကမှဖတ်ဖြစ်တဲ့ THE 7HABITS OF HAPPY KIDSစာအုပ်ထဲက ရှဉ့်ငပွေးလေးအကြောင်းပြောပြချင်ပါတယ်။
တစ်ခါက ရှဉ့်ငပွေးဟာ ပျင်းလွန်းလို့ အလွန်ငြီးငွေ့နေသတဲ့။အဲတာနဲ့ သူ့ဖေဖေကပြောတယ်။
"သားပျင်းနေရင် ဝါသနာပါတဲ့အလုပ်တွေလုပ်လေ"
အဲဒီခါမှာရှဉ့်ငပွေးလေးက
"အဲဒီဟာတွေ ဘာမှမလုပ်ချင်ဘူးဖေဖေရာ"
ရုတ်တရက် သူ့အစ်မကိုသတိရသွားတယ်။ မမညိုမီ အခန်းထဲမှာရှိမလားမသိဘူးဆိုပြီတော့ပေါ့။ အဲဒီခါမှာ သူ့မေမေကမီးဖိုချောင်ကနေ လှမ်းပြောပြန်တယ်
"သားအစ်မကြီး အခန်းမှာမရှိဘူး စာကြည့်တိုက်သွားတယ်"
အဲတာနဲ့ သူလည်း သူ့သူငယ်ချင်း ငပူးဆီသွားလည်တယ်။
"ဟေ့ ငပူး ကျွန်တော်ပျင်းလို့ ခင်ဗျားဆီလာလည်တာပါ ဘာတွေလုပ်နေတာလဲ"
"ဂီတာတီးပြီး ဇိမ်ကျနေတာ"
"ကျွန်တော်ပျင်းလို့ဗျာ တစ်ခုခုလုပ်ရအောင်"
"ဒါဆိုငါနဲ့အတူ သီချင်းလိုက်ဆို"
"ဟာ..အဲဒါကပိုတောင် ပျင်းသေး မလုပ်ချင်ပါဘူး"
"ဒါဆိုလည်း မိရှဉ့်ပေါဆီ သွားလည်လေ"
"အင်း သူဆီသွားကြည့်လိုက်မယ်" ဆိုပြီး ဒီပုံစံအတိုင်းပဲသူငယ်ချင်းတွေဆီ သွားလည်တာပေါ့။ အားလုံးကသူတို့ဝါသနာပါရာတွေလုပ်နေကြတယ်။ ပြီးတော့ သူ့ကိုပါ အဖော်ခေါ်ကြတယ်။ သူကလည်း ထုံးစံအတိုင်း ငြင်းတယ်။ နောက်ဆုံး သူဟာ မိနီလေးဆီသွားတယ်။ အဲတာနဲ့ မိနီလေးရဲ့အဖွားကပြောတယ် မိနီလေးက ဖျားနေတယ်ဆိုပြီးတော့ပေါ့။
"ဟာ ပျင်းလို့သူ့ဆီလာလည်ကာမှ သူကဖျားနေတယ်"
"တခြား သူငယ်ချင်းတွေနဲ့ကစားပါလား"
"သူတို့လည်းမအားကြဘူးတဲ့ ကျွန်တော်ကပျင်းနေတာ"
"ပျင်းတယ် ငြီးငွေ့တယ်ဆိုတာ ကိုယ့်မှာပဲဖြစ်နေတာ။ ပျော်ရွှင်မှုဆိုတာ မင်းကိုအဖော်လုပ်ပေးမဲ့ သူငယ်ချင်းဆီမှာမရှိဘူးကွဲ့။ ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲပြီးနေရမယ်။ မပြောင်းလဲရင် ပျင်းရိငြီးငွေ့စရာပဲဆက်ဖြစ်နေဦးမှာ။သားဘာသာပျော်အောင်နေတတ်ရမှာပေါ့။ အခြားလူက ကိုယ့်ကိုပျော်ရွှင်စေမှာလား။သားရဲ့ပတ်ဝန်းကျင်မှာဘယ်လိုအရာက ကိုယ့်ကိုပျော်အောင်လုပ်နိုင်မလဲလို့ရှာကြည့်လေ"
အဲလိုနဲ့ ရှဉ့်ငပေါတစ်ယောက် မိနီရဲ့အဖွားပြောတဲ့အတိုင်း ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာကြည့်တဲ့အခါ ရေဒီယိုအပျက်တစ်လုံးကိုတွေ့တယ်။အဲတာနဲ့ သူ့ရဲ့ဝါသနာအတိုင်း ရေဒီယိုလေးကိုပြင်တယ်။ခဏကြာတော့ရေဒီယိုလေးပြန်ကောင်းသွားတယ်။သူပြင်နေတဲ့ရေဒီယိုလေးကောင်းသွားတော့ ဝမ်းသာနေတာပေါ့။
ရှဉ့်ငပွေးလေးအကြောင်းကတော့ ဒီလောက်ပါပဲ။ ဒီလိုပါပဲ ကျွန်မတို့တွေ ပျင်းတဲ့အခါမှာ ကိုယ့်ရဲ့ပတ်ဝန်းကျင်ကနေ ကိုယ့်ကိုပျော်ရွှင်စေမဲ့ အရာတွေလုပ်ကြည့်သင့်ပါတယ်။ ကိုယ့်ကိုပျော်ရွှင်စေမဲ့အရာက တစ်ခုမက နှစ်ခု သုံးခုလည်း ရှိနေတတ်ပါတယ်။ ဒီကနေ ဝါသနာဆိုပြီး ဖြစ်တည်လာမှာပါ။ ဝါသနာဖြစ်တည်လာရင် ရည်မှန်းချက်ဝမ်းစာအဖြစ်ပါ ပြုစုပျိုးထောင်ပြီးလျှောက်လှမ်းရပါမယ်။ဝါသနာဆိုတာ တစ်ခုမကရှိတတ်တာသဘာဝမလို့ ဝင်ငွေကောင်းတဲ့ဝါသနာလမ်းကြောင်းကို အထူးလေ့ကျင့်ပျိုးထောင်ပါ။ ဒါမှသာ ကျွန်မတို့အရွယ်ရောက်လုပ်ငန်းခွင်ဝင်တဲ့အခါ ကိုယ့်ရဲ့အလုပ်ပေါ် စိတ်ပင်ပန်းငြီးငွေ့မှုတွေမရှိတဲ့ အောင်မြင်တဲ့လူနေမှုဘဝကို လျှောက်လှမ်းနိုင်မှာပဲဖြစ်ပါတယ်။
သာယာသောနေ့လေးဖြစ်ပါစေရှင်❤️
စာချစ်သူလေးများအား အစဥ်ချစ်ခင်လေးစားကျေးဇူးတင်လျက်...
December.14.2024.Sat(7:07PM)
Maru(မာရု)
Keep Reading