Yara
ဒီနေ့တော့ လွန်ခဲ့တဲ့ ၄ နှစ် လောက်တုန်းက ကိုယ်တိုင်ရေးခဲ့တဲ့စာတွေကို သွားဖတ်ကြည့်ခဲ့မိပါတယ်။ စာတွေဖတ်ရင်း ဘာကိုခံစားမိခဲ့လဲဆိုတော့ ကိုယ့်ကိုကိုယ်ရှက်လာတာပါ။
ဝါသနာပါရုံသက်သက်နဲ့ Wattpad မှာ fiction တွေစရေးခဲ့တဲ့အချိန်တုန်းကတော့ ကိုယ်ရေးခဲ့တဲ့စာတွေကို အဟုတ်ကြီးထင်ခဲ့တာပေါ့။ဇာတ်လမ်းတွေစဉ်းစား၊ plot တွေချပြီး အပီအပြင်ကြီးကို ရေးခဲ့တာ။ ငါရေးတာကို လူတွေကြိုက်ကိုကြိုက်ရမယ်ဆိုတဲ့ မာနကလည်း ရှိလိုက်သေး။
တကယ်တမ်းကျတော့ အဲဒီစာတွေက လုံးဝကို ဝါသနာရှင် အဆင့်ပါပဲ။ ဘာကြောင့်လဲဆိုတော့ အမှားတွေ ဗလပွနဲ့မို့ပါ။ အရင်စာတွေက အမှားတွေများတယ်ဆိုတော့ အခုရေးနေတာတွေရော မှန်ရဲ့လားလို့ မေးစရာရှိပါတယ်။ အခုထိလည်း မမှန်သေးပါဘူး။ အရင်လောက် မမှားတော့သလို ကိုယ့်အမှားကိုယ် မြင်လာတယ်လို့ပဲ ပြောရမှာပေါ့။
အဲဒီတော့ ဘာအမှားတွေ တွေ့ခဲ့လဲဆိုရင်
📜 စာလုံးပေါင်းသတ်ပုံမှားယွင်းတာ
စာစစရေးချင်းမှာ မြင်နေကျ စာလုံးပေါင်းတွေကို အကျင့်ပါနေတာကြောင့်ရော အမှန်ကို မသိတာကြောင့်ပါ မစဉ်းစားပဲ ရေးထည့်လိုက်တာပါ။ ဥပမာ- ‘ပြီ နဲ့ ပီ ‘တို့၊ ‘ဦး နဲ့ အုံး’ တို့ လိုအသုံးတွေဆိုရင် မြင်နေကျ ဖြစ်တာတွေကိုပဲ အလွယ်ရေးလိုက်မိတယ်။ နောက်ပြီး ‘ပျက်စီး-ပျက်ဆီး၊ နေ့လယ်-နေ့လည်' အဲဒီလိုမျိုး ရောထွေးပြီး ဘယ်ဟာအမှန်မှန်း ခွဲခြားရခက်တာတွေကိုလည်း အတော်လေးကို အမှားမှား အယွင်းယွင်း သုံးမိခဲ့ပါတယ်။ အဲဒီတုန်းကတော့ ဒါတွေက အမှားဆိုတာ မသိခဲ့ဘူး။ အခုတော့ ဒီလိုအမှားမျိုးတွေ နောက်မမှားအောင် ရှောင်ကြဉ်ရမယ်ဆိုတာ သိလာပါပြီ။
📜 စာအထားအသို စနစ်မကျတာ
စာကို အကြမ်းဖျင်းဖတ်ကြည့်လိုက်ရင်တော့ ဆိုလိုရင်းကို သဘောပေါက်သလိုလို ရှိနိုင်ပေမယ့် အသေအချာ ဖတ်လိုက်တဲ့အခါ စာတစ်ကြောင်းထဲမှာပဲ ‘ကို’ အသုံးတွေထပ်နေတာ၊ ‘အား’တွေကို မလိုအပ်ပဲ သုံးထားတာ၊ ‘က နဲ့ ကို’ ကို ပြုသူ (subject) နဲ့ ခံရသူ (object) တွေနောက်မှာ အထားမှားပြီး သုံးထားတာမျိုးတွေပါ။ ဒီတော့ စာဖတ်တဲ့အခါ ချောချောမွေ့မွေ့ မရှိပဲ ထောက်နေတာတွေ၊ ဝေ့နေတာတွေကို မြင်လာရပါတယ်။ တချို့နေရာတွေဆိုရင် ဆိုလိုရင်းမရောက်တာတွေလည်း ရှိတယ်။ ဒါကိုလည်း သတိထားမိလာတယ်။
📜 အပြော နဲ့ အရေး မကွဲတာ
အဲဒီအမှားကတော့ တော်တော့်ကို အဆင်မပြေဘူးလို့ ခံစားရတယ်။ ရှေ့မှာ တောက်လျှောက် အရေးပုံစံနဲ့ ရေးထားပြီး အလယ်လောက်ကျမှ ‘အဲဒါကြောင့်၊ ဘာကို၊ ဒါကြောင့်မို့လို့’ တို့ဆိုပြီး အဆင်ပြေသလို သုံးသွားတာမျိုးပါ။ တကယ်တော့ ကိုယ်တိုင်ကွဲကွဲပြားပြားမသိတာလည်း ပါပါတယ်။ အဲဒီလိုတွေမြင်လာရတော့ ကိုယ်ရေးတဲ့စာကို ကိုယ်တိုင် ဆက်မဖတ်ချင်တော့လောက်အောင်ပါပဲ။
ကိုယ်တိုင်က အဲဒီလိုခံစားရတယ်ဆိုတော့လေ အရင်တုန်းက ကိုယ့်စာကိုဖတ်ခဲ့ရတဲ့သူတွေလည်း ဘယ်လိုခံစားခဲ့ရမလဲဆိုတာ ကိုယ်ချင်းစာတတ်ပါပြီ။ 🫣😁
အဆိုးထဲက အကောင်းကတော့ အခုလိုမျိုး အမှားတွေကို သိလာတာပေါ့နော်။ ဒါကလည်း ကိုယ်တိုင်ရှာဖွေလေ့လာလို့ သိတာလည်း ပါသလို အတွေ့အကြုံရှိတဲ့ အစ်ကို၊အစ်မတွေရဲ့ လမ်းညွှန်ပေးမှုကြောင့်လည်း ပါပါတယ်။
နောက်တစ်ခုက မိသားစုရဲ့ နားလည်ပေးမှုပေါ့နော်။ သမီးဘာဖြစ်ချင်လဲ၊ ဘာလုပ်ချင်လဲ၊ လုပ်သာလုပ် ဆိုပြီး အမြဲအားပေးတဲ့ မိသားစု မရှိရင်လည်း အခုလို စာရေးတဲ့ လမ်းကြောင်းပေါ်ကို ရောက်လာမှာ မဟုတ်လောက်ဘူး။
အခုတော့ story တွေ၊ script တွေ၊ ဆောင်းပါးတွေ၊ ဘာသာပြန်သတင်းတွေ၊ ရေးရင်းနဲ့ ပျော်ရွှင်နေပါပြီ။ content တွေရေးဖို့ကတော့ ကြိုးစားနေဆဲပါပဲ…။
# အတွေးစအချို့
#Yara
Keep Reading