Chitsu
ကျမ ဆယ်ကျော်သက်အရွယ်လောက်က ၁၇ ၊ ၁၈ လောက်ပေါ့ ။ အဲ့တုန်းက ဒီထက်လည်း ' ဝ ' တယ် ။ ပြီးတော့ မျက်နှာမှာလည်း မှဲ့ခြောက်တွေနဲ့ ၊ ဝက်ခြံတွေလည်း ရှိတယ် ။ မျက်နှာက အမြဲနီစုပ်စုပ်ပေါ့ ။
ဒါက ကျမအရွယ်အတွက် ရှက်စရာပဲလေ ။ အပြင်သွားလည်း Confident မရှိဘူး ပေါ့။ ဘာလို့ဆို ဒီသောက်ခွက်ကြီးနဲ့ လူကြားထဲသွားလာနေရတာ အဆင်မပြေဘူး ။ ဒီကြားထဲ အသားအရည်က Sensitive ဖြစ်နေ ၊ ဘာလိမ်းလိမ်း မတည့် ။ ဒီထက်တောင် ပိုဆိုးလာသေး ။
ဒါက ၂ နှစ်လောက်ထိ ကြာသွားတယ် ။ မှန်ကြည့်တိုင်း ဘုတွေဗရပွ မြင်နေရတော့
'' ဟာ..ငါတော့ သွားပါပြီ
တသက်လုံး ဒီမျက်ခွက်ကြီးနဲ့ နေရတော့မှာပေါ့ "
ပြီးတော့ ကျမ ငိုတာ မှန်ကြည့်တိုင်း။ ခိုးငိုရတာ ။ သူများတွေလည်း ကြားမှာစိုးတယ်။ ဘာလို့ဆို ကျမ အိမ်ကလူတွေက စိတ်ဓာတ်ကျတာတို့ ၊ ဝမ်းနည်းတာတို့၊ ပျော့ညံ့တာတို့ကို လက်မခံတဲ့ အသိုက်အဝန်း ဖြစ်နေတယ် ။အဖေရော အမေရော အထူးသဖြင့် အဖေပေါ့ ။
အမြဲ သူ့ကိုယ်သူသန်မာသူလို့ သတ်မှတ်ထားပြီးခံကိုခံသင့်တဲ ဝမ်းနည်းမှုတွေကိုမသိသလိုနေနေတာ ။ ဒါက တော်တော်ဆိုးပါတယ် ။ လူတစ်ယောက်အတွက် ဝမ်းနည်းမှုတွေ ၊ ပူဆွေးမှုတွေက ရှိကို ရှိသင့်ပါတယ်။ ကဲပါ..ထားပါလေ ။
ဒီလိုနဲ့ ကျမလည်း ရုပ်ထွက်မလှတော့ အပြင်လည်း မသွားတော့ဘူး ။ အ်ိမ်ထဲမှာပဲ မှန်ကြည့်ကြည့်ပြီး ခိုးခိုးငိုနေတော့တယ် ။
ဘာလို့ဆို ကျမ အပြင်သွားရင် မေးကြပြီ။ မေးကြပြီ။
" မျက်နှာက ဘာဖြစ်တာလဲ ဝက်ခြံတွေလား ''
ကျမကလည်း အမြဲ ငြင်းနေကျ၊ ငြင်းတာထက် ညာတာပေါ့နော် ။ ဒါကြီးက တကယ်ပဲ စိတ်ကို မသက်မသာဖြစ်စေခဲ့တာတော့ အမှန်ပဲ ။ ဒါပေမယ့်လည်း အမှန်ကို လက်မခံချင်တဲ့ စိတ်ရယ်၊ ရှက်တဲ့ စိတ်ကြောင့် မြင်နေရတာကိုတောင် ဗြောင်လိမ်ခဲ့တာပေါ့ ။
အဲ့ဒါက ကျမအတွက်လည်း အဆင်မပြေ၊ သူများတွေ အမြင်မှာလည်း အမှန်တရားကို လက်မခံရာကျတယ် ။
တစ်နေ့တော့ ကျမ အမေခိုင်းလို့ အပြင်ကိုသွားလိုက်တယ်။ ဦးထုပ် အကြီးကြီး ဆောင်းပြီးတော့ပေါ့။ လူမမြင်အောင် သွားပါတယ်ဆိုမှ ဘွားတော် တစ်ယောက်နဲ့ တွေ့ပါရော ။
ထုံးစံအတိုင်း ကျမ မျက်နှာကို မေးတော့တာလေ ။ ဒီမှာတင် အမှန်တိုင်း အားတင်းဖြေလိုက်ရတယ် ။ ကျမ မထင်မှတ်ထားလောက်အောင် ဖြစ်ခဲ့တာက ဘွားတော်က ကျမကို ဆေးခန်းတောင် လမ်းညွှန်လိုက်သေး ။ ကျမ ထင်ထားတာက
" ဟ..ဒီအဖွားကြီးတော့ ငါ့ကို ဘလိန်းတော့မှာ
ငါ့ကို နှိမ်တော့မှာပေါ့ ''
ဟို စကားလိုပေါ့ '' ကိုယ့်စိတ်နဲ့ နှိုင်းရင် ရိုင်းတယ် '' ဆိုတာ။ ဟုတ်ပါ့ ။ အမှန်ပါပဲ ။ ကျမ စိတ်နဲ့ လူတွေကို လိုက်နှိုင်းပြီး အမှန်ကိုလည်း မပြောရဲ လိမ် ။ လိမ်လို့ အမှန်မပြောနဲ့ သံသရာလည်နေလိုက်တာ ။
ဒါနဲ့ ကျမ သူပြောတဲ့ ဆေးခန်းနဲ့ပဲ အဆင်ပြေသွားတော့တယ်။ ဆယ်ကျော်သက်အရွယ်ပဲ ဖြစ်ဖြစ်၊ ဘယ်အသက်အရွယ်မဆို Body Shamingပြဿနာ က ရှိတတ်ကြတယ် ။ အပျိုအရွယ် ပိုဆိုးပေါ့။
" ဟဲ့ ..နင်ဝလာတယ်နော် ''
" မျက်နှာလည်း skincare ပါဦးဟယ် ''
"ဝက်ခြံတွေ ဗရပွပါလား ''
" ပိန်သွားလိုက်တာနော် '
ဒါမျိုးတွေပေါ့ ။ လူတိုင်း ကြုံဖူးကြမှာပါ ။ ကျမတို့မိန်းကလေးတွေက ဒီလိုအပြောခံရပြီဆို ဝမ်းနည်းတတ်ကြ ၊ အားငယ်တတ်ကြတာ သဘာဝပဲ။ သူငယ်ချင်း အချင်းချင်း သူက ဘယ်လို ဝတ်တာ စားတာ၊ ဘယ်လို ခန္ဓာကိုယ်လေး ။ ငါ့ကျတော့ အဲ့လို မဟုတ်ပါလား ဒီလိုလည်း တွေးတတ်ကြသေးတယ် ။
အရင်က ကျမ အဲ့လို အပြောခံရရင်
" ငါ မဝပါဘူး..နင်သေချာ မကြည့်လို့ပါ ''
" အဲ့ဒါက.. ဝက်ခြံတွေ မဟုတ်ပါဘူး
ငါက အဲ့လိုပဲ ဖြစ်နေကျ ''
အဲ့လိုတွေ ပြောပြီး လိမ်နေကျ ။ အမှန်ကို လက်မခံရဲတာ ။ သူရဲဘောကြောင်ခဲ့တာ ။
ဒါပေမယ့် ဟို ဘွားတော် ကို အမှန်တိုင်းပြောလိုက်တဲ့ အချိန်က ကျမ စိတ်ထဲ ပေါ့ပါးသွားတယ်။ အရင်တုန်းက ကိုယ့်ကိုယ်ကိုယ် လိမ်မှန်းသိတယ်။ ဒါကြောင့်လည်း စိတ်ထဲမှာ အစိုင်အခဲ ကြီးဖြစ်လို့ ။ လိပ်ပြာမလုံတာ နေမှာ ။
ကျမ ဆုံးဖြတ်လိုက်တယ် ။ သူတို့ပြောသမျှ ဟုတ်တယ်ဆိုရင် '' ဟုတ်တယ် အမှန်ပဲ ' လို့ ကျမ ဖြေနိုင်ရဲလာတယ်။ ပြီးတော့ နေရထိုင်ရတာ သက်သောင့်သက်သာ ပိုဖြစ်လာသလို အမှန်တိုင်းပြောတော့ သူတို့ပြောတဲ့ နည်းလမ်းတွေနဲ့ ကျမကိုယ်ကျမ ပိုပြီး ပြုပြုပြင်ပြင် ထိန်းထိန်းသိမ်းသိမ်း နေနိုင်လာခဲ့တယ် ။
ဒါကို သိတော့မှ ' ငါဘာလို့ လိမ်ခဲ့ရတာလဲ' လို့ ကိုယ့်ကိုယ် ပြန်မေးမိတော့ '' ရှက်တာနဲ့ ကိုယ့်ဖြစ်တည်မှု ''ကို လက်မခံနိုင်တာလို့ သိခဲ့ရတယ် ။
ဒါကြောင့် အမျိုးသမီး တွေကို မှာချင်တာက ကိုယ် အသားမဲလည်း ချစ်ပါ။ ကိုယ်က ဖက်တီးဖြစ်နေလည်း ချစ်ပါ။
အရေးကြီးဆုံးက ရိုး သား ပါ ။ အမှန်တိုင်း ပြောပါ ။
Keep Reading