မောရိသျှ
၁။ မနက်မိုးလင်းလို့ အိပ််ရာထဖို့ ပျင်းနေခဲ့ရင် - ကိုယ့်ကိုယ်ကို ပြောလိုက်ပါ။
“လူဖြစ်နေမှတော့ အလုပ် လုပ်ရမှာပဲ၊ ဘာလို့များ ပျင်းနေတာလဲ။ မွေးဖွားလာမှတော့ ရှင်သန်ဖို့ ရုန်းကန်ရမှာပဲ။”
“ငါ ဘာလို့များ လူဖြစ်လာတာလဲ။ ငါ ဘာလို့ အလုပ် လုပ်ရမှာလဲ။ ဆိုပြီး အတွေးများမနေနဲ့။”
“အိပ်ရာထဲ ကွေးရတာက သာယာတယ်။ အဲတာကို ထမှ ဖြစ်မှာလား”
လူအဖြစ် မွေးလာတာက သာယာဖို့ မဟုတ်ဘူးလား။ အလုပ်လုပ်ပြီး၊ အတွေ့အကြုံယူဖို့ပဲလား။ ဘဝ ဆိုတာ သာယာမှုနဲ့ အလုပ်ပဲ မဟုတ်ဘူး။သဘာဝ ပတ်ဝန်းကျင်တစ်ခုလုံးကို ကြည့်လိုက်ပါ။ သစ်ပင်၊ ပန်းမန်တွေက စလို့၊ ကျေးငှက်တွေ၊ ပုရွက်ဆိတ်တွေရော၊ ပင့်ကူတွေရော၊ ပျားပိတုန်းတွေကိုရော ကြည့်ကြည့်၊ အားလုံးမှာ ကိုယ်ဆီ တာဝန်နဲ့ ဝတ္တရားတွေ ရှိကြတယ်။
တာဝန်ဝတ္တရား အလျောက် ကိုယ်ဆီ အားထုတ်နေကြပြီး၊ လောက သဘာဝကြီးကို တက်နိုင်စွမ်းသမျှ အကျိုးပြုနေကြတယ်။ လူဖြစ်နေပြီး လောကကြီးအပေါ် တာဝန်သိတတ်စိတ် ပိုမမွေးသင့်ဘူးလား။ လောကကြီးရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် မွေးဖွားလာမှတော့၊ လောကကြီးအပေါ် တာဝန်ကျေသင့်တယ်။ သိတတ်ဖို့ လိုတယ်။
“ခဏလောက်ပဲ ကွေးတာလေ၊ ဘာဖြစ်သွားမှာမို့လို့လဲ။ အနားယူဖို့ လိုတယ်လေ။”ဟုတ်ပါတယ်။ အနားယူဖို့ လိုတာက မှန်ပါတယ်။ ဒါပေမယ့် ဘယ်အရာမဆို အတိုင်းအတာနဲ့ အတိုင်းအဆတော့ရှိသင့်တာပေါ့။စားသောက်ရင် တောင်မှ အတိုင်းအဆနဲ့ စားသောက်တတ်ဖို့ လိုတယ်။ အချိန်မရှိ၊ အိပ်ချင်တိုင်းအိပ်၊ နားချင်တိုင်းနား၊ နေချင်တိုင်း နေနေလို့တော့ မရဘူး။ လိုတာထက် ပိုရင် ပျက်စီးတာပဲ။ အလုပ်ကိုတော့ လိုတာထက် ပိုပြီး မလုပ်ချင်ကြဘူး။ ပိုလိုချင်ရင် ပိုလုပ်ချင်ရမယ်။ ပိုရချင်ရင် ပိုပြီး ပေးဆပ်ရဲရမယ်။
ကိုယ့်ကိုယ်ကို မချစ်တတ်သရွေ့ လောကကြီးကို ချစ်တတ်မှာ မဟုတ်ဘူး။ ကိုယ့်ကောင်းကျိုးကို လိုလားပေမယ့်၊ ရအောင် အားမထုတ်တတ်ရင် ကိုယ့်ကိုယ်ကို မချစ်တတ်တာပဲ။ ကိုယ့်ကိုယ်ကို ချစ်တတ်သူက ကိုယ်နဲ့ ဆိုင်တဲ့ အတိုင်းအတာ၊ အတိုင်းအဆ ကို နားလည်တယ်။ လက်ခံတယ်။ ကျင့်သုံးတယ်။
တစ်ချို့ကျတော့ ကိုယ့်အတိုင်းအတာကို သိပေမယ့်၊ စိတ်အလိုလိုက်ပြီး အချစ်ကြီးတတ် ကြသေးတယ်။ အဲဒီတော့ လိုတာထက်ပိုပြီး လုပ်ချင်ကြတယ်။ “အလုပ်ကလွဲရင်” ကျန်တဲ့ အပိုင်းမှာ သာယာခွင့် ရနိုင်သမျှ အခွင့်ကောင်း ယူချင်တယ်။ စားရင်လည်း ပိုစားချင်၊ သောက်ရင်လည်း ပိုသောက်ချင်၊ အိပ်ရင်လည်း ပိုအိပ်ချင်၊ နားရင်လည်း ပိုနားချင်တယ်။ စားဖို့၊ သောက်ဖို့၊ ပျော်ဖို့၊ ပါးဖို့ ဆိုရင် ဘယ်တော့မှ မမေ့မပျောက်ဘူး။ ဒါပေမယ့် တာဝန်အလျောက် သိသင့်၊ သိထိုက်၊ လုပ်သင့်၊ လုပ်ထိုက်တဲ့ ဝတ္တရားတွေကိုကျတော့ မေ့ရတာနဲ့၊ သတိလစ်သွားရတာနဲ့၊ အကြောင်းပြ ချက်တွေ ပေးပြီး မသိကျေးကျွန် ပြုချင်တယ်။
အဲဒီလိုလူတွေက တစ်ဖက်သားအပေါ် လေးစားရကောင်းမှန်း နားလည်ကြမှာ မဟုတ်သလို၊ ကိုယ့်ကိုယ်ကိုလည်း လေးစားနိုင်ကြမှာ မဟုတ်ဘူး။ အရှုံးသမား ဘဝနဲ့ သူများနောက်မှာ နောက်ကောက်ကျန် အောက်ကျို့ပြီး နေရတတ်တယ်။ ကိုယ့်တန်ဖိုးကို နားမလည်သရွေ့ တန်ဖိုးရှိတဲ့ အလုပ်တာဝန် ဝတ္တရားကို လုပ်နေရင်တောင်၊ ဘယ်တော့မှ တန်ဖိုးရှိတဲ့သူ ဖြစ်လာနိုင်မှာ မဟုတ်ဘူး။ ကိုယ့်တန်ဖိုးကို ကိုယ်တိုင်ဖန်တီးယူရတယ်။
၂။ ကလေးမဆန်နဲ့။
အကျိုးမရှိတဲ့ လူပို မဖြစ်စေနဲ့။ အသုံးချလို့ ရနိုင်တဲ့ အသုံးကျတဲ့သူပဲ ဖြစ်ပါစေ။ ငြိမ်ပြီးတော့လည်း မနေနဲ့၊ ပြေးပြီးတော့လည်း မသွားနဲ့။ တစ်စိတ်တည်းနေ၊ တစ်လုပ်တည်းလုပ်။
၃။ ကိုယ့်အပေါ် ဆက်ဆံစေလိုတဲ့ အမူအကျင့်အတိုင်း၊ တစ်ဖက်သား အပေါ် ပြုမူဆက်ဆံပါ။
ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဝေဖန်လာသမျှနဲ့ အပြစ်ဆို စွပ်စွဲလာသမျှကို ပွင့်လင်းစိတ်နဲ့ လက်ခံပါ။
အခြေအနေ၊ အချိန်အခါအလိုက် ပြောဆိုဆက်ဆံပါ။ အပိုစကား မပြောခြင်းနဲ့ ကိုယ့်ကိုယ်ကို မြှင့်တင်ပါ။တစ်ဖက် သားရဲ့ နာခံစိတ်ကို အကဲခတ်၊ မလုံစိတ်ကို မြင်အောင်ကြည့်ပြီး၊ စာနာစိတ်နဲ့ ပေါင်းသင်းပါ။ အနှောက်အယှက် အ ဖြစ်မခံနဲ့၊ လျှောက်မြဲလျှောက်ပါ။ ဝသီ အတိုင်း ရှေ့ဆက်ပါ။ ပန်းတိုင်ကို တူရှုပါ။ အောင်မြင်မှုကို မျှဝေပါ။ ချမ်းသာမှုကို အပြည့်အဝ စံစားပါ။
၄။ ကိုယ့်လမ်း ကိုယ်လျှောက်ပါ။
ဖခင်ရဲ့ မျိုးစေ့၊ မိခင်ရဲ့ အသွေး၊ အထိန်းတော်ရဲ့ နို့ရည်၊ နေ့စဉ်ရက်ဆက် မြိုစို့ခဲ့တဲ့ အာဟာရတွေကြောင့် “ငါ” ရယ်လို့ ဖြစ်လာတာပါ။ ကိုယ့်ခြေထောက်နဲ့ ကိုယ်တိုင် လျှောက်လှမ်းပြီး အရောက်သွားနေမှတော့၊ ဘာလို့များ သူတစ်ပါးရဲ့ တောင်ဝှေးကို လိုချင်နေဦးမှာလဲ။ ချန်ရစ်ခဲ့တဲ့ ခြေလှမ်းတွေကို ကြည့်ပြီး၊ စိတ်ခွန်အား ရယူပါ။
ငါသာလျှင် ငါ့ဘဝ ဖန်ဆင်းရှင်ဖြစ်တယ်။
#မောရိသျှ
Keep Reading