မောရိသျှ
၉။ ဘယ်လောက်ပဲ ကြိုးစားနေပါစေ၊ ကောင်းတာ ဖြစ်မလာပါ့လား၊ ဆိုပြီး အတွေးများ ပူပန်သောက ရောက်မနေပါနဲ့။ ကျရှုံးမှုကို လူတိုင်း ရင်ဆိုင်ရပါတယ်။ ပြီးပြည့်စုံ၊ ကုံလုံမှု မရှိတဲ့ လူသားရဲ့ သဘာဝကြောင့် ချို့ယွင်းချက်၊ အမှားတွေနဲ့ တစ်ခုမဟုတ် တစ်ခု ကြုံကို ကြုံရမှာပါ။ အမှားဆိုတာ အမှန်ကို သိစေနိုင်တဲ့ တစ်ခုတည်းသော အရှိတရားပါ။
ပညာတတ်တိုင်း အခက်အခဲတွေကို ဖြေရှင်းနိုင်လိမ့် မယ်လို့ မထင်ပါနဲ့။ ရေမြုပ်ဆိုတိုင်း အညစ်အကြေးဟူသမျှကို စင်ကြယ်အောင် လုပ်နိုင်တာမှ မဟုတ်ဘဲ။ အဆီ၊ အနှစ်၊ အစိုင်၊ အခဲ၊ အချေး၊ အညှော် စသဖြင့် စေးကပ်ကပ်၊ ထေးရော်ရော် ဖြစ်နေတာတွေကို စင်သွားသည်အထိ ရှင်းနိုင်ဖို့ အချိန် ယူရပါတယ်။
တွေးတတ်တိုင်း အဖြေထုတ်တတ်တာမှ မဟုတ်ဘဲ။ ပြောတတ်တိုင်း စကားတတ်တာမှ မဟုတ်ဘဲ။အော်တတ် တိုင်း အဆိုကျော်တာမှ မဟုတ်ဘဲ။ ငေးတတ်တိုင်း မြင်တာမှ မဟုတ်ဘဲ။ကြားရတိုင်း သိနိုင်တာမှ မဟုတ်ဘဲ။
လွတ်လပ်မှု၊ ရိုးသားမှု၊ မှန်ကန်မှု၊ တည်ကြည်မှု၊ ဖြောင့်မတ်မှု ဆိုတာက နားလည်သိမြင်နိုင်ရုံနဲ့ စွမ်းဆောင်လို့ ရနိုင်တာတွေ မဟုတ်ပါ။ အခြေခံ ကျကျ ဆိုင်ရာကို ပိုင်နိုင်ဦးမှ တော်ရာ အထိ စွမ်းနိုင်မယ့် အရာတွေပါ။ မပိုင်နိုင်ဘဲ မကိုင်တွယ်နဲ့။
၁၀။ နားမလည်နိုင်မှု ဆိုတဲ့ ကန့်လန့်ကာနဲ့ တားဆီးထားလို့ အခက်အခဲဆိုတာ ရှိနေတာပါ။နားမလည်သေးသရွေ့ ခက်ခဲနေဦးမှာပဲ။
၁၁။ စိတ်ဝိညာဏ်ဆိုတာ ဘာလဲ။ငါ့ ကိုယ် ငါ အခု ဘယ်စိတ်ရှိလဲလို့ သုံးသပ်မလဲ။ ကလေးစိတ်လား၊ လုလင်စိတ်လား။ မိန်းမစိတ်လား။ အာဏာရူးစိတ်လား။ သားရဲစိတ်လား။ သားကောင်စိတ်လား။ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ဖို့အတွက် ရှိနေတဲ့ အတ္တကို စိတ်ဝိညာဏ်လို့ ခေါ်တယ်။
၁၂။ “ကောင်းခြင်း” ဆိုတာ ဘာလဲ။ တည်ကြည်ခြင်း၊ ဖြောင့်မတ်ခြင်း၊ ချုပ်တည်းခြင်း၊ သမမျှတခြင်း၊ ရဲရင့်ခြင်း စတဲ့ စိတ်နေစိတ်ထားတွေနဲ့ နေပြနိုင်မှ “ကောင်း” တဲ့ သူ အဖြစ် သတ်မှတ်ရမှာလား။ ကောင်းတဲ့ အလုပ်လို့ သတ် မှတ်ထားတဲ့ အလုပ်မျိုးတွေကို လုပ်ပြမှ ကောင်းတဲ့ သူ အဖြစ် လူတွေ ယူဆတာလား။ ကောင်းတဲ့ သူဆိုတာက ကောင်းတာလုပ်မှ ဖြစ်နိုင်တာလား။
ကောင်းတာလုပ်တိုင်း ကောင်းတဲ့သူ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ကောင်းတဲ့သူ အများစုကတော့ ကောင်းတာ ပိုလုပ်တတ်ကြတယ်။ မကောင်းတာ လုပ်လို့ ကောင်းတဲသူ ဖြစ်နိုင်လား။ မကောင်းတာ လုပ်ပေမယ့် ကောင်းတဲ့ အလုပ်ကိုလည်း လုပ်ရင် ကောင်းတဲ့ သူ ဖြစ်နိုင်ပါတယ်။ မကောင်းတာ လုပ်တိုင်း မကောင်းတဲ့သူ မဖြစ်နိုင်ပါဘူး။
ဒါကြောင့် ကောင်းတာလုပ်မှ ကောင်းတဲ့သူ ဖြစ်နိုင်တာ မဟုတ်တဲ့အတွက်၊ မကောင်းတာကို မလွဲသာ၊ မရှောင်သာ လုပ်နေခဲ့ရရင်၊ ကောင်းတာကို ပိုလုပ်ဖို့ လိုအပ်ကြောင်း ကိုယ့်ကိုယ်ကို ဆင်ခြင်နိုင်ပြီး၊ ကောင်းတာကို ဖြစ်ဖြစ်မြောက်မြောက် လုပ်နိုင်သူကမှသာ ကောင်းတဲ့သူ ဖြစ်နိုင်ပါလိမ့်မယ်။ ကောင်းခြင်းထက် ကောင်းအောင် လုပ်လိုခြင်းက ပိုအရေးကြီးတယ်။
၁၃။ နာမ်ရုပ်ကြောင့် ငါရယ်လို့ ဖြစ်လာတယ်။ နာမ်ကြောင့်ဖြစ်စေ၊ ရုပ်ကြောင့်ဖြစ်စေ၊ အမြဲမပျက် တည်ရှိအပ်တဲ့ လောကသဘာဝကြောင့် ငါတို့ ဖြစ်လာကြတယ်။ ဘယ်အရာကမှ တည်မြဲနိုင်စွမ်း မရှိ၊ ထိုနည်းတူစွာ ဘယ်အရာကမှ ပျက်သုဉ်းသွားမည် မဟုတ်။ အစဉ်မပြတ် ပြောင်းလဲခြင်းရဲ့ အစိုးရမှုကြောင့် ငါတို့ ဆက်၍ ဖြစ်နေဦးမည်သာ။
ဒီသံသရာကြောင့် ငါဖြစ်လာခဲ့တယ်။ ငါ့မိဘတွေ ဖြစ်လာခဲ့တယ်။ ငါ့ဘိုးဘေးတွေ ဖြစ်လာခဲ့တယ်။ ငါ့နောက် မျိုး စဉ် မျိုးဆက် ဖြစ်သွားကြဦးမယ်။
၁၄။ ကံ ဟာ အကျိုးဆက်ကြောင့် ဖြစ်လာတဲ့ အကြောင်း တရပ် ဖြစ်တယ်။ ကံ မှ အပ ဘယ်အရာမှ မဖြစ်နိုင်။ကံ ကြောင့် ကံ ဖြစ်တယ်။ကံ အကြောင်း ကြောင့် ကံ အကျိုးဖြစ်လာတယ်။ ကံ အကျိုးကပဲ ကံ အကြောင်း ဖြစ်ပြီး၊ ကံ အကြောင်း ကြောင့် ကံ အကျိုး စဉ်ဆက်မပြတ် ပြောင်းလဲ ဖြစ်ပျက်တယ်။
ဒါကိုပဲ ကံရဲ့သဘာဝလို့ ခေါ်တယ်။ ကောင်းတဲ့ ကံ ရဲ့ အကျိုး ဟာ ကောင်းတဲ့ အကျိုး ကံ ဖြစ်ပြီး၊ ဆိုးတဲ့ ကံရဲ့ အကျိုးဟာ ကံဆိုးမှု ဖြစ်တယ်။ အကြောင်း နဲ့ အကျိုး ဆက်စပ် ဖြစ်နေခြင်းဟာ ကံတရား ဖြစ်တယ်။ ကောင်းတဲ့ အလုပ်ကို လုပ်နေသရွေ့ ကောင်းတဲ့ အကြောင်းကံကို ပြုနေခြင်း ဖြစ်တာကြောင့် ကောင်းတဲ့အကျိုးကံကို ခံစားခွင့် ရလိမ့်မယ်။ ဖြောင့်မတ်တဲ့ အကြောင်းကို ပြုမူသရွေ့ တည်ကြည်တဲ့ အကျိုးကံ ခံစားရလိမ့်မယ်။
#မောရိသျှ
Keep Reading