Thar Htoo-Be Unique
"ပတ်၀န်းကျင်က မိမိတို့ရဲ့စိတ်စွမ်းအားထက် ပိုအစွမ်းထက်ပါတယ်" လို့ပညာရှင်တွေပြောခဲ့ဖူးပါတယ်။ မိမိတို့ရဲ့ စိတ်အခြေအနေတွေဟာ ရောက်လေရာ ပတ်၀န်းကျင်ရဲ့ သက်ရောက်မှု၊ လွှမ်းမိုးမှု နှင့် ပုံဖော်မှုတွေရဲ့ အောက်ကို ကျရောက်ရလေ့ရှိပါတယ်။
ဒါတင်မကသေး ကမ္ဘာကြီးရဲ့မည်သည့်နေရာတွင်နေထိုင်နေသည့်တိုင်အောင် ကိုယ်နဲ့ တနည်းနည်းသော်လည်းကောင်း ချိတ်ဆက်မှု ရှိနေကြတဲ့အခါ တစ်နေရာမှ ဖြစ်ပေါ်လာတဲ့ အပူအပင်တွေ၊ မကြား၀ံ့မနာသာ ဆိုတာတွေ၊ မလိုချင်တဲ့အရာတွေဟာ ကိုယ့်ဆီထပ်ချပ်မခွာ လိုက်ပါလာလေ့ရှိပါတယ်။ အဆိုပါအချက်က အားလုံးဟာ ချိတ်ဆက်မှုရှိခြင်း-We're all connected. ဖြစ်နေကြတယ်ဆိုတာပါပဲ။
ပျက်စီးဆုံးရှုံးမှုတွေဟာ မျှော်လင့် မထားတဲ့အရာတွေ ဆိုပေမဲ့ တစ်နေ့ကြုံဆုံကြရမယ်ဆိုတဲ့ နားလည်မှုကတော့ အားလုံးရဲ့ ရင်ထဲမှာ ခိုအောင်းနေကြပါတယ်။ ဒါတွေဟာ မပေါ်ပေါက်လာသေးပေမဲ့ ဖြစ်လာမယ်ဆိုတာကိုတော့ 'လက်ခံမှု' 'သတိရှိမှု' 'သတ္တိရှိမှု' 'ရင်ဆိုင်မှု' ဆိုတဲ့ လက်-နက်တွေ နဲ့ အသင့်ပြင် ဆင်ထားရမှာ ဖြစ်ပါတယ်။ လွယ်ကူတာမျိုးတော့ မရှိနေပါဘူး။ လူတိုင်းလည်း ဒါမျိုးကြုံဆုံရတဲ့အခါ လွန်စွာ ပူဆွေး ကြရပါတယ်။
၂၀၂၄ခုနှစ်ကုန်ကစလို့၂၀၂၅ခုနှစ် အစပိုင်းအထိ လူဟာ စိတ်ထဲမွန်းကျပ်နေမိတာကသေချာစေခဲ့တယ်။ စိတ်ထဲသေ-ခြင်းတရားတွေကို ခပ်စိပ်စိပ်တွေးနေဖြစ်ခဲ့တယ်။ စာအုပ်တွေလည်းဖတ်ဖြစ်ခဲ့တယ်။ ရင်းနှီးတာရော မရင်းနှီးတာရောဆိုတဲ့ အမှောင်ခြမ်း စွမ်းအင်တွေကိုလည်း အတော်လေး သိသာစွာ ခံစားမိခဲ့ရတယ်။ ရယ်မောနေပေမဲ့၊ သွားလာလှုပ်ရှားနေပေမဲ့ စိတ်အတွင်းထဲမှာတော့ သက်တောင့်သက်သာဖြစ်နေခဲ့ခြင်း မရှိနေခဲ့တာတော့ အမှန်ပါပဲ။
ဖြစ်ပေါ်လာနေတဲ့စိတ်ခံစားချက်တွေကြားမှာ ကျွန်တော့်စိတ်ထဲက ပုံဖော်ဖြစ်ခဲ့တဲ့ စာသားလေးကို အခန်းရဲ့ ကျောက်သင်ပုန်းလေးမှာ ရေးထားဖြစ်ခဲ့တာပါပဲ။ "မျှော်လင့်ချက်တွေနှင့်အတူ နိုးထအသက်ရှင်မယ်" ဆိုတဲ့ -We will rise and live with hope. ဆိုတာလေးက ကျွန်တော့်ရဲ့နေ့စဥ်ဘ၀တွေမှာ အတော်လေး အပြုသဘောဆောင်တဲ့ အပြောင်းအလဲတွေ ဖြစ်စေခဲ့ပါတယ်။ ကိုယ်တိုင်လည်း ရှင်သန်မှုကို တိုက်ပွဲ၀င်ခဲ့ရတဲ့, ၀င်နေရတဲ့သူပီပီ ရှေ့ဆက်သွားနိုင်တာဆိုလို့ အားတင်းရင်း ဖြစ်လာတဲ့အရာတွေကို 'မျှော်လင့်ချက်'လေးတစ်ခုနှင့်သာ ဖြတ်ကျော်နေမိတာဟာ လက်ရှိစာလေးကို ရေးနေတဲ့အခိုက်အတန့်ထိတိုင်အောင်ပါပဲ။
ဒါတွေဟာ ရှေ့ပြေးလို့ပဲပြောပြော၊ ၀မ်းတွင်းထဲက စကားသံတွေလို့ပဲပြောပြော စိတ်ထဲမှာ တစ်ခုခုတော့တစ်ခုခု ဖြစ်နေတာကိုတော့ ကိုယ့်ရဲ့အသိတွေ၊ ဆရာတွေကို ရင်ဖွင့်ခဲ့တာမျိုးရှိခဲ့ပါတယ်။ ၀မ်းတွင်းအသိဥာဏ်ရဲ့စွမ်းအားဟာလည်း မပယ်သင့်တဲ့ အတော်လေး အရေးပါတဲ့အရာဆိုတာကို ပိုမိုလက်ခံလာဖြစ်ပါတယ်။
ကြုံဆုံနေရတဲ့ အရာတွေဟာ ကိုယ့်ရဲ့ထိန်းချုပ်မှုပြင်ပမှာ ရှိနေကြတာဖြစ်လို့ အားလုံးမှာ လွန်စွာ ဆောက်တည်ရာမရ ဖြစ်နေကြမှာ အမှန်ပါပဲ။ တစ်ဖက်မှာလည်း ဒါတွေဟာ အားလုံးရဲ့ ရှင်သန်မှုဆိုတဲ့ အရာကြီးကိုပါ အကဲစမ်းလာလို့ ပစ္စုပ္ပန်ဆိုတဲ့ ကာလ၌သာ အတိုးချ အသက်ရှင်နေမိကြမယ်လို့ ယုံကြည်မိပါတယ်။ ဒါဟာလည်း ဖြစ်သင့်တဲ့အရာပါပဲ။ အားလုံးမှာ အချမ်းသာဆုံးဆိုလို့ "မျှော်လင့်ချက်" တွေသာ ဖြစ်ကြပါတယ်။
ဘာပဲဖြစ်လာဖြစ်လာ "မျှော်လင့်ချက်" ဆိုတဲ့ အစွမ်းထက်တဲ့ ယုံကြည်မှုနှင့်အတူ နိုးထအသက်ရှင်ဖို့သာ ကြိုးစားသွားသင့်ပါကြောင်း အားပေးစကားဆိုချင်ပါတယ်။
"မျှော်လင့်ချက်တွေနှင့်အတူ နိုးထအသက်ရှင်မယ်"
Thar Htoo-Be Unique
B'UNIQ-Coaching
Be Unique Living
www.tharhtoobeunique.com
Keep Reading