Hein Zaw
အသစ်ပေါ်ထွန်းလာတဲ့ နည်းပညာတိုင်းဟာ ကောင်းတာတွေဖြစ်ရမယ်ဆိုတဲ့ ကတိစကားနဲ့အတူ ပေါ်ထွက်လာကြတာပါ။ ဒါပေမဲ့ အဲဒီဟာတွေဟာ ကိုယ်က သူတို့ကိုမသုံးရဘဲ သူက ကိုယ့်ကို ပြန်အသုံးချတဲ့အရာတွေ ဖြစ်နေတတ်တာကိုလည်းတွေ့ရပြီး ဆန့်ကျင်ဘက်ရလဒ်တွေကို တွေ့မြင်နေရပါတယ်။ ဆိုပြီး The Art of The Good Life မှာစာအုပ်မှာပြောတယ်။ (The Art of The Good Life စာအုပ်ကို ဆရာကက်စပါဇော်က “ရိုးရှင်းသောအကျင့် ကောင်းမွန်သောဘ၀” အမည်နဲ့ မြန်မာပြန်ထားပါသည်။)
အဲဒီမှာ စာရေးသူက သွားရလာအောင်ပိုမြင်အောင် ကားဝယ်လိုက်တာ ကားကိုပြင်ဆင်ထိန်းသိမ်းရတဲ့အချိန်၊ ကားအတွက် အခွန်ဆောင်ရတဲ့အချိန်၊ ကားကျပ်တဲ့အချိန်တွေကို ပြန်တွက်ကြည့်ရင် ကားဝယ်ထားတာက ထင်ထားသလောက်အလုပ်မဖြစ်ဘူးတဲ့။ ဒီလိုပဲ ဆက်သွယ်ရေးအတွက်ပိုအလုပ်ဖြစ်အောင်ဆိုပြီး အီးမေးတွေအသုံးပြုကြတယ်။ တကယ့်တကယ်မှာ ဆက်သွယ်ရပိုမြန်လာတယ်ဆိုပေမဲ့ ကိုယ်ဖတ်ရမယ့်အီးမေးဟုတ်မဟုတ် စိစစ်တာ၊ ကြော်ငြာအီးမေးတွေနဲ့ရှုပ်ထွေးတာ စသဖြင့် အီးမေးသုံးရတာလည်း အချိန်အတော်ကုန်တာပါပဲ။
အဲဒီစာအုပ်မှာပြောထားသလိုပဲ နည်းပညာတွေဟာ ကျွန်တော်တို့ရဲ့အလုပ်တွေကို ပိုသက်သာစေတယ်၊ အချိန် ကုန်သက်သာစေတယ်ဆိုပေမဲ့ တကယ့်တကယ်မှာ ထင်သလောက်တော့မဟုတ်ဘူး။ အဲဒီနည်းပညာကိုသုံးလိုက်တော့မှ အလုပ်ပိုရှုပ်စေတာ၊ အချိန်ပိုကုန်စေတာမျိုးတွေလည်းရှိပါတယ်။
ဥပမာတစ်ခုအနေနဲ့ အရင်က အရင်ကဟန်းဖုန်းက စကားပြောဖို့လောက်ပဲ။ အခုဆိုရင် ဘယ်နေရာရောက်ရောက်၊ ဘယ်သူနဲ့တွေ့တွေ့ ဓာတ်ပုံနဲ့ ဗီဒီယိုက ရိုက်ဖြစ်လာတယ်။ အဲဒီပုံတွေ၊ ဗီဒီယိုတွေကို တကယ်သိမ်းလားဆိုတော့လည်း မသိမ်းဖြစ်ဘူး။ သိမ်းလောက်စရာမမဟုတ်တာလည်းများတယ်။ အများကြီးရိုက်လိုက်တယ်။ ပြီးရင် ကောင်းတဲ့ပုံလေးတွေကို ပြန်ရွေးဖို့ အလုပ်ရှုပ်ပြန်တယ်။ ပြီးရင် ဆိုရှယ်မီဒီယာမှာတင်ဖို့လုပ်ရပြန်တယ်။ ပြီးရင် ကိုယ့်ဖုန်းထဲမဆံ့တော့ရင် ပြန်ဖျက်ရသေးတယ်။
ပိုဆိုးတာက ဆိုရှယ်မီဒီယာတွေပဲ။ ပုံမှန်အားဖြင့် သတင်းတွေဖတ်ဖို့ ဖေ့စ်ဘွတ်ခ်ကိုဖွင့်လိုက်ပြီဆိုပါတော့ သတင်းမဖတ်ခင် တခြားပို့စ်တွေလိုက်ကြည့်နေရင်းအချိန်ကုန်တာများတယ်။ ဆိုရှယ်မီဒီယာကုမ္ပဏီတွေကလည်း ခင်ဗျားကို သူတို့ရဲ့ပလောက်ဖောင်းကနေမထွက်အောင် ခင်ဗျားကြည့်ချင်တာတွေပြပေးတော့တာပဲ။ ဒီလိုနဲ့ သတင်းစာတစ်စောင်အတွက် မိနစ် ၂၀ လောက်အချိန်ပေးခဲ့ရာကနေ အခုဆိုရင် ဆိုရှယ်မီဒီယာသုံးလိုက်ပြီဆိုရင် ၂ နာရီလောက်ကြာသွားတာမျိုးဖြစ်လာတယ်။
နည်းပညာကြောင့် ပိုကောင်းတာတွေရှိတယ်ဆိုပေမဲ့ နည်းပညာကပြန်ခိုးယူသွားတာတွေလည်း အများကြီးပဲ။ အထူးသဖြင့် ဝယ်ရတဲ့ကုန်ကျစရိတ်တွေ၊ ပေးမှန်းမသိပေးနေရတဲ့အချိန်တွေ၊ နောက်ဆက်တွဲစိတ်ဖိစီးမှုတွေ စသဖြင့် ကိုယ်ကပြန်ပေးလိုက်ရတာတွေ အများကြီးရှိတယ်။
ဆိုတော့ နည်းပညာပဲဖြစ်ဖြစ်၊ ဘယ်အရာပဲဖြစ်ဖြစ် ကိုယ်ကအကျိုးရှိအောင်သုံးမယ်ဆိုရင် သုံးတတ်ဖို့လိုတယ်။ ဆိုလိုတာက အရေးပါတာကိုပဲ ရွေးသုံးတတ်ဖို့၊ အရေးမပါတာတွေနောက်မျောမနေဖို့နဲ့ ကိုယ့်ကိုယ်ကိုယ်စည်း ကမ်းသတ်မှတ်ပြီး သုံးတတ်ဖို့လိုတယ်။
HeinZaw
Keep Reading