တင်ညွန့်
ယခုပြောမည့် အကြောင်းအရာလေးကို ဖတ်ဖူးသူများပါလိမ့်မည်။ ထပ်ပြောပါဦးမည်။ဆရာက အတန်းထဲကို ဝင်လာသည်။ သူ့လက်ထဲတွင် ရေထည့်ထားသော ဖန်ခွက်တစ်ခွက်ကို ကိုင်လာသည်။ သူက ရေဖန်ခွက်ကို လက်ဝါးပေါ် တင်လိုက်ပြီး ကျောင်းသားတွေကို မေးလိုက်သည်။
“ဟောဒီ ရေဖန်ခွက်ရဲ့ အလေးချိန် ဘယ်လောက်ရှိမလဲကွယ်”
ကျောင်းသားတွေက သူ့ထက်ငါ ဦးစွာဖြေကြသည်။
“၂၅၀ ဂရမ်လောက်ရှိလိမ့်မယ်ဆရာ”
“မဟုတ်ဘူး ဂရမ် ၃၀၀ လောက်ရှိမယ်”
“၄၀၀ အနည်းဆုံးပဲ”
တစ်ယောက်တစ်ပေါက် ခန့်မှန်းပြောနေကြခြင်းဖြစ်သည်။ဆရာက သူ့ကျောင်းသားတွေကိုပြုံးကာ ကြည့်လိုက်ပြီး
“ဆရာပြောချင်တာ တကယ့် ရေဖန်ခွက်ရဲ့ အလေးချိန်ကို မဟုတ်ပါဘူး။ သူ့အလေးချိန် ဘယ်လောက်ရှိသည် ဖြစ်စေ ဆရာ့ လက်ထဲမှာ အဲဒီဖန်ခွက်ကို ဘယ်လောက်ကြာကြာ မြှောက်ထားနိုင်မလဲဆိုတာကို ပြောချင်တာပါ”
ဆရာက ဆက်ပြောသည်။
“အတိုင်းတာ အလေးချိန်တစ်ခုဆိုတာ ကိုယ်ဆက်ပြီးတော့ ကိုင်ထား ဆုပ်ထားနိုင်တဲ့အပေါ် မူတည် တယ်ကွယ့်”
“ဆရာက ဒီရေဖန်ခွက်ကို တစ်မိနစ်လောက် အေးအေးဆေးဆေး ကိုင်ထားနိုင်တယ်”
“တစ်နာရီလောက်ဆိုရင် … ဆရာ့လက်တွေ ဆက်ကိုင်ထားဖို့ ညောင်းလာလိမ့်မယ်”
“တစ်နေ့လုံး ကိုင်ထားမယ်ဆိုရင်တော့ လက်ကြွက်သားတွေတောင့်တင်း ထုံကျင်လာမယ်၊ ဆက်ပြီး ကိုင်ထားဖို့ ဆိုတာ တတ်နိုင်ချင်မှ တတ်နိုင်တော့မယ်။ ဆရာကိုင်ထားတဲ့ ဟောဒီဖန်ခွက်ဟာ ဆရာ့အတွက် ဝန်ထုပ် ဝန်ပိုးကြီးတစ်ခု ဖြစ်လာတော့မယ်။ ဒါကြောင့် အလေးချိန်ဆိုတာ ကိုယ်ခံနိုင်ရည်ရှိတဲ့အထိပဲ တောင့်ခံ ထိန်းနိုင်တဲ့ သဘောရှိတယ်။ ဘယ်လောက်ပေါ့ပါးတာလေးဖြစ်စေ ဆက်ပြီးတော့ ဆုပ်ကိုင် ဖက်တွယ်ထား နေတာ ကြာလာရင် လေးလံလာတတ်တယ်ဆိုတာ ပြောချင်တာ”ဆရာက ရှင်းပြပြီးနောက် ရေဖန်ခွက်ကို စားပွဲပေါ်တင်လိုက်သည်။
“မင်းတို့ရဲ့ စိတ်တွေဆိုတာလည်း ဒီအတိုင်းပဲကွ”မနိုင်တာကို ဆက်ကိုင်ထားလျှင် ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုလို ဖြစ်လာတတ်သည်။ လုပ်ငန်းတွင်ဖြစ်စေ နိုင်ငံတွင်ဖြစ်စေ အုပ်ချုပ်ရာတွင်လည်း ရေတစ်ခွက်လို ပေါ့ပါးသည့် တာဝန်လေးတစ်ခုဖြစ်ပါစေ စွဲမြဲစွာဖြင့် ကိုင်စွဲ ဆုပ်ကိုင်ထားမှုများလေ လေးလာလေဖြစ်သည်။ ဖြေလျော့ရမည့်နေရာတွင် ဖြေလျော့ခြင်းမရှိ ဆုပ်ကိုင် ထားလွန်းလျှင် စိတ်ပန်းလူပန်းနှင့် မနိုင်ဝန်ကို ထမ်းထားရသလို ဖြစ်လာတတ်သည်။
ကျွန်တော်တို့ နေ့စဉ် ဖန်ခွက်တစ်ခွက်ကို သယ်ဆောင်လာသူတွေဖြစ်နိုင်သည်။
- မဖြေရှင်းနိုင်သော ပြဿနာများကို ကိုယ်တိုင်ဖြေရှင်းနိုင်နိုးနိုးနှင့် အချိန်တွေ ဆွဲထားသည်။
- ခေတ်မမီသော နည်းလမ်းမကျသော အတွေးအခေါ်အယူအဆဟောင်းတွေကို ဆုပ်ကိုင်ထားသည်။
- ကိုယ့်ပတ်ဝန်းကျင်တွင် ဝန်းရံနေသူတွေက အဆိပ်မိ မှိုင်းမိနေသူတွေ ဖြစ်မှန်း သိသိနှင့် ထိုသူတွေကို ပြောင်းလဲလိုက်ရမည်၊ ထုတ်ပစ်လိုက်ရမည်ကို မဝံ့မရဲဖြစ်နေသည်။
- ရေတိုအောင်မြင်မှုလေးတွေကို ဆုပ်ကိုင်ပြီး ငါအောင်မြင်ပြီဟု အထင်ကြီးနေသည်။ ထိုရေတို အောင်မြင်မှုဆိုသည်ကလည်း အလိမ်အညာတွေ၊ ဖုံးကွယ်မှုတွေကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ အမှန်ကိုမသိ၊ အမှန်ကို ရင်မဆိုင်ရဲခြင်းတို့လည်း ဖြစ်နေသည်။
ရေတစ်ခွက်ကို လက်ပေါ်တင်ထားသလိုဖြစ်သည်။ငါကြာကြာတင်ထားနိုင်လိမ့်မည်ဟု ထင်နေသော်လည်း ကြာလေလေးလေ ဖြစ်လာသည်။ မနိုင်ဝန်ကို လွှတ်လိုက်ရမည့်အစား ကိုယ့်ကိုယ်ကိုယ်အထင်ကြီးပြီး ဆက်ကိုင်နေခြင်းမှာ အချိန်တွေကုန်သည်။ ကိုယ်လည်းအကျိုးမရှိ၊ မည်သူမျှလည်း အကျိုးမရှိ။ အားလုံးနစ်နာဆုံးရှုံးမှုတွေကို ဖြစ်စေသည်။
အဓိပ္ပာယ်မဲ့သည်ဟု မြင်လာလျှင် ဖန်ခွက်ကို ချထားလိုက်ပြီး အဓိပ္ပာယ်ရှိသည့် အလုက်ကို ပြောင်းလုပ်မည် သို့မဟုတ် မိမိ ဆုပ်ကိုင်ထားသော မနိုင်ဝန်ကို အခြားသူတစ်ဦးဦးကို လွှဲအပ်ပေးလိုက်ပြီး ကိုယ့်အလုပ်၊ ကိုယ့်တာဝန်ကို ကိုယ်ကျသည့်ဘက် (နေရာ) မှ ကျေပွန်အောင် ထမ်းဆောင်လျှင် ပိုပြီးတိုးတက်စေနိုင်ပါ လိမ့်မည်။
မည်သို့ဆိုစေ ခေါင်းမာကြသည်။ ရေတစ်ခွက်ကို ဆက်ကိုင်ထားကြသည်။ ဆက်ပြီး ဆုပ်ကိုင်ထားကြသည်။ ကိုယ်ကျိုးအတွက် လွှတ်မချနိုင်လောက်အောင် ဖြစ်နေကြသည်။
- မနိုင်လျှင်လွှတ်လိုက်ပါ၊ လုပ်နိုင်သူလုပ်ပါစေ။
- အချိန်မနှောင်းမီ လက်ပြောင်းလိုက်ပါ။
- မအောင်မြင်ခဲ့သောဗျူဟာတွေကို ဆက်မလုပ်ချင်ပါနှင့်။
- ကိုယ့်ဉာဏ်ရည်ကို မြှင့်တင်နိုင်အောင် ကြိုးစားပါ။
ဟုတ်ကဲ့
“သင့်လက်ထဲက ဖန်ခွက်ကို ယခုဘယ်မှာ ထားလိုက်ပြီလဲ”
(Ref: What’s your glass right now?)
တင်ညွန့်
၇.၄.၂၀၂၅
Keep Reading