တင်ညွန့်
ဆရာလေး မောင်ခိုင်ဝင်းက သူလက်ထပ်တော့မည်ဟု ကျွန်တော့်ကို လာပြောချိန်တွင် ကျွန်တော့် အံ့အား မသင့်မိပါ။ အဘယ်ကြောင့်ဆိုသော် တစ်ကျောင်းတည်းအတူ တာဝန်ကျနေသည့် ဆရာမလေး ကြည်ကြည်မာနှင့် သူတို့နှစ်ယောက် ချစ်သူတွေ ဖြစ်နေကြပြီဆိုခြင်းကို ကျွန်တော် သိထားသောကြောင့်ဖြစ် သည်။
မောင်ခိုင်ဝင်းက ပဲခူးတိုင်း သနပ္ပင်မြို့ကဖြစ်ပြီး ကြည်ကြည်မာကတော့ရွာခံဖြစ်သည်။ မောင်ခိုင်ဝင်း ရွာကို ရောက်လာပြီး တစ်နှစ်ကျော်သောအခါ သူတို့ ချစ်သူတွေ ဖြစ်သွားကြသည်။ သုံးနှစ်ကြာပြီးနောက် မောင်ခိုင်ဝင်းက ကျွန်တော့်ကို
“ဆရာကြီး ကျွန်တော် ကြည်ကြည်မာနဲ့ စေ့စပ်မလို့ ဆရာကြီးကပဲ ဦးဆောင်ဦးရွက်ပြုပေးပါခင်ဗျာ” ဟုလာပြောသည်။
“မင်းမိဘတွေရောကွယ်”
“အဖေနဲ့ အမေကိုလည်း ကျွန်တော်ခေါ်ထားပါတယ်ခင်ဗျာ။ ဒီနေ့ပဲ ကားနဲ့ လိုက်လာပါလိမ့်မယ်။ ဒီည ၇ နာရီ လောက် ကြည်ကြည်မာတို့အိမ်မှာ နားဖောက်မလို့ ဆရာကြီးကပဲ ကြွရောက်ပြီး စကားပြောပေးပါခင်ဗျာ”
“အေးကွယ် လာတာပေါ့”
ထိုညတွင် ကျွန်တော်က ရွာထဲရှိ ကြည်ကြည်မာတို့အိမ်ကို သွားသည်။ မြို့မှလာသော လိုင်းကားက နောက်ကျနေသဖြင့် မောင်ခိုင်ဝင်းက ကားဂိတ်တွင်သွားစောင့်နေသည်။
၇ နာရီကျော်လောက်မှ ကားဆိုက်လာပြီး မြို့က မောင်ခိုင်ဝင်း မိဘများရောက်လာကြသည်။ ရေမိုးချိုး နားနေ ထမင်းစားပြီးမှ စေ့စပ်ကြောင်းလမ်းခြင်းကို စတင်ရာ ည ၉ နာရီပင်ထိုးတော့မည်။
အိမ်ဦးခန်းတွင် ရွာခံဧည့်သည်များနှင့် နှစ်ဖက်မိဘနှစ်ပါးစုံညီအပြင် ကျွန်တော်ပါ အိမ်ဦးခန်း ဘုရားစင် အောက်တွင် ထိုင်ရသည်။
မောင်ခိုင်ဝင်းနှင့် မကြည်ကြည်မာတို့က လူကြီးစုံရာကို ကန်တော့ပြီးနောက် မင်္ဂလာကြောင်းလမ်းခြင်း စကားကိုကျွန်တော်က ပြောရသည်။
မင်္ဂလာဆောင်မည့်ရက်နှင့် မကျွေးအမွေးများကို ဆွေးနွေးကြသည်။ မောင်ခိုင်ဝင်းဘက်က မိန်းကလေးဘက်မှ တောင်းဆိုချက်များကို မငြင်းပယ်ပါ။ ထို့ကြောင့် စေ့စပ်ပွဲသည် အောင်မြင်သည်ဟု ဆိုရမည်ဖြစ်သည်။ မောင်ခိုင်ဝင်း မိခင်က
“နေပါဦး … ကျွန်မ ချွေးမလေးကို သေသေချာချာကြည့်ပါရစေဦး”
“ဟုတ်သားပဲ ယောက္ခမလောင်းကို မျက်နှာလေးဘာလေး သေသေချာချာပြလေ”
“လာပါဦးကွယ် သမီးလေးရယ်”
ကြည်ကြည်မာ ရှက်စနိုးဖြင့် သူ့ယောက္ခမအနီးတွင် သွားထိုင်သည်။ ယောက္ခမကြီးကသေသေချာချာကြည့်ပြီး
“အလို အချောလေးပဲကွယ်။ ငါ့သားလူရွေးတော်လိုက်တာ။ ဒါနဲ့ နေပါဦး လက်ပွားလေးနဲ့နော်”
“ဟုတ်ကဲ့”
ယောက္ခမကြီးက သူ့ဘယ်လက်လေးကို ကိုင်ကြည့်နေရာ ကြည့်ကြည်မာက ရုတ်တရက် လက်ကိုဆုတ်လိုက် သည်။
ကြည်ကြည်မာ့ ဘယ်လက် လက်သန်းဘေးတွင် လက်ပွားလေးတစ်ခုရှိသည်။ မောင်ခိုင်ဝင်း မိခင်ကြီးက သူ့မျက်နှာကို သေသေချာချာကြည့်ပြီး
“မေးပါရစေ သမီးရယ် … သမီးကျောကုန်းမှာ ဒင်္ဂါးဝိုင်းလောက် အမှတ်ကြီးတစ်ခုရော ရှိသလား” ဟု မေးလိုက်သည်။
ကြည်ကြည်မာက သူ့ယောက္ခမတွေကိုကြည့်ပြီး နောက်ဆုတ်လိုက်ကာ
“ဟယ်တော် … အမေဘယ်လိုသိသလဲ” ဟု အံ့အားသင့်စွာဖြင့် မေးလိုက်သည်။
“ရှိတယ်ပေါ့နော်”
“ဟုတ်ကဲ့ရှိပါတယ်”
“အမေကြည့်ချင်လိုက်တာကွယ်”
ကြည်ကြည်မာနှင့် မောင်ခိုင်ဝင်းမိခင်ကြီးတို့ အိမ်ခန်းထဲဝင်သွားကြသည်။
ခဏနေမှ ပြန်ထွက်လာပြီး မောင်ခိုင်ဝင်းမိခင်က သူ့ယောက်ျားကို
“အမလေး ကိုချစ်ဆွေရေ … သေချာပါတယ် … ဒါကျွန်မတို့ရဲ့ပျောက်သွားတဲ့ သမီးလေးပါရှင်” ဟုပြောကာ ငိုပါတော့သည်။
ရောက်နေသော ဧည့်သည်များလည်း အံ့အားသင့်နေကြသည်။
မောင်ခိုင်ဝင်း မိဘများက ကြည်ကြည်မာ့ မိဘများကို
“သမီးအရင်းမဟုတ်ပါဘူးနော်” ဟု အတည်ပြုခိုင်းနေသည်။
ကြည်ကြည်မာ မိခင်ကလည်း
“ဟုတ်ပါတယ်ရှင် … လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က ပဲခူးဈေးထဲမှာ ကျွန်မတို့ ဈေးလာဝယ်ရင်း လမ်းမှာယောင် တောင်တောင်နဲ့ လျှောက်သွားနေတဲ့ ကလေးမလေးကို ခေါ်လာတာပါရှင်။ ကျွန်မတို့လည်း သားသမီးမရှိတာနဲ့ လူတွေက ကလေးမိဘတွေကို လိုက်ရှာနေချိန်မှာ သမီးလေးကို ကျွန်မတို့ သမီးပါဆိုပြီး ခေါ်မွေးစားခဲ့တာပါ” ဟု ငိုယိုကာပြောလေတော့သည်။
“ဟုတ်ပါတယ် ကျွန်တို့လည်း ကလေးပျောက်လိုက်ရှာတာ။ ဈေးထဲမှာမေးတော့ ကလေးမိဘတွေက လာခေါ်သွားပြီဆိုလို့ တောင်ပြေး မြောက်ပြေး ရှာလိုက်ရတာရှင်။ ဘယ်မှာမှ မတွေ့လို့ ကနေ့အထိ သမီးလေးကို သတိရနေတာပါ”
ကံတရားကား ထူးဆန်းလှပေတော့သည်။
ပြဿနာက ခုမှစသည်။
ကျွန်တော်ကလည်ချောင်းရှင်းလိုက်ရင်း
“ကြည်ကြည်မာက ခင်ဗျားတို့ သမီးဆိုရင် မောင်ခိုင်ဝင်းနဲ့ မောင်နှမတွေပေါ့နော်”
ထိုအချိန်မှ အားလုံး နှုတ်ဆိတ်ကာ ဘာပြောရမှန်းမသိ ဖြစ်ကုန်ကြသည်။
မင်္ဂလာစေ့စပ်ပွဲမှာ ချက်ချင်းတိတ်ဆိတ်ငြိမ်သက်သွားသည်။ ကျွန်တော်ကပဲ စတင်ကာ
“မောင်နှမချင်း ဘယ်လိုလက်ထပ်ပေးလို့ ဖြစ်တော့မှာလဲ”
ကြည်ကြည်မာ ငိုတော့သည်။ မောင်ခိုင်ဝင်းလည်း မျက်ရည်တွေ သုတ်နေပြီ။
မောင်ခိုင်ဝင်းဖခင် ကိုချစ်ဆွေက လည်ချောင်းရှင်းလိုက်ပြီး
“အဟမ်း … ကျွန်တော်တို့ တစ်သက်လုံး ဖုံးကွယ်ထားခဲ့တာကို ခုပဲပြောပါတော့မယ်ခင်ဗျာ” ဟုစကား စလိုက်သည်။
အားလုံးက ဘာများလဲဆိုကာနားစွင့်နေကြသည်။
“သားလေး မောင်ခိုင်ဝင်းကလည်း ကျွန်တော်တို့သားအရင်း မဟုတ်ပါဘူးဗျာ။ ကျွန်တော်တို့မှာ သမီးလေး ပျောက်သွားတော့ ဒီသားလေးကို သားအဖြစ် မွေးစားခဲ့တာပါ။ ဘယ်တော့မှ ထုတ်မပြောဘူးလို့ လင်မယားနှစ် ယောက်စလုံး တိုင်ပင်ထားတာပါခင်ဗျာ။ ခုတော့မပြောမဖြစ်လို့ ပြောရတာပါ” ဟု ဆိုလိုက်သည်။
မင်္ဂလာစေ့စပ်ပွဲကား တဟီးဟီး ငိုသံများနှင့် နိဂုံးချုပ်သွားခဲ့ရသည်။
တင်ညွန့်
Keep Reading