မောရိသျှ
နေ့စဉ်နဲ့အမျှ အချိန်တိုင်း ကျွန်တော်တို့ ယူဖြစ်တာတွေရှိတယ်။ ကျွန်တော်တို့ ဝယ်ဖြစ်တဲ့ အဝတ်အစားတွေ၊ မီးဖိုချောင်သုံးပစ္စည်းတွေ၊ အိမ်သုံးပစ္စည်းတွေနဲ့ ကစားစရာကအစ တိုလီမှုတ်စတွေအဆုံးတွေ ဝယ်ဖြစ်ယူဖြစ်တာကို ပြောတာမဟုတ်ဘူးဗျ။ စိတ်ကူးစိတ်သန်းတွေကစလို့ အတွေးအကြံတွေအားလုံးကို ပြောတာပါ။ သူများဆီက မရရင်တောင် ကိုယ့်ဟာနဲ့ကိုယ်တွေးပြီး ခေါင်းထဲထည့် ယူဖြစ်တယ်ဗျ။
တကယ်ပါ။ တွေးကြည့်ရင် သိပါလိမ့်မယ်။ တချို့အတွေးတွေက ကိုယ်တိုင်တွေးထားပြီး လုပ်ဖြစ်တာမျိုး ရှိသလို၊ ကိုယ်ပိုင်အတွေးမဟုတ်လည်း တခါတလေ လက်ခံရင် လိုက်လုပ်ဖြစ်တာမျိုးတွေပေါ့။ ဥပမာ - ကျွန်တော့်ရဲ့ စာဖတ်သူတွေဆိုရင် ကျွန်တော့်ကို YouTube ဗီဒီယိုအသစ်လေးတွေလုပ်ဖို့ရာ အကြံတွေ ပေးတတ်တယ်။
ကိုယ်တိုင်က တွေးစရာမလိုဘဲနဲ့တောင် အကြံပေးလာတော့လည်း ခေါင်းထဲထည့်ပြီး တွေးဖြစ်တာပေ့ါ။ သူတို့ပဲလားဆိုတော့ မဟုတ်ဘူးဗျ။ မိသားစုဝင်တွေ၊ သူငယ်ချင်းအပေါင်းအသင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ ကျွန်တော့်ပို့ချချက်တွေကို အမြဲမပြတ် သင်ယူနေတဲ့ တပည့်တပန်းတွေ အကုန်လုံးပါပဲ၊ သူတို့တွေးမိတဲ့ အတွေးအကြံတိုင်းကို ကျွန်တော် ယူယူမယူယူ ခေါင်းထဲ လာထည့်တတ်ကြတယ်။ အားလုံးက စေတနာနဲ့ပါ။ ဒါပေမဲ့ စေတနာတိုင်းက အကျိုးဖြစ်ပါ့မလား။
တခြားလူတွေကပဲ အကြံဉာဏ်တွေ ပေးလာသလားဆိုတော့ မဟုတ်ဘူး။ ကျွန်တော်ကိုယ်တိုင်ကလည်း ကိုယ့်အတွေးကို တခြားလူတွေ သိအောင် လိုက်မျှတတ်သေးတယ်။ အခုပဲကြည့်လေ၊ အဲဒီအလုပ်ကို အချိန်ပြည့်အလုပ်အနေနဲ့ ဝတ္တရားကြီးလုပ်ပြီး လုပ်နေတာမဟုတ်လား။ လူတိုင်း အဲဒီလိုပါပဲဗျာ။ ယူအောင် ပေး ပေးလာသမျှ ယူနဲ့ လည်ပတ်နေကြတာ။ အဲတော့ ယူစရာတွေ များလာတဲ့အခါ တွေးမိတယ်။ ယူတိုင်းတော့ အဆင်မပြေဘူး။ ငြင်းဖို့တော့ လိုတယ်။ ပေးလာတိုင်း ယူလိုက်ရင် ခေါင်းထဲနေရာမဆံ့ဖြစ်တော့မယ်။ ပြောလာသမျှ အကြံအတိုင်း လိုက်လုပ်လို့ကတော့ ကိုယ့်ကိုယ်ကိုယ် ဘာဖြစ်လို့ ဖြစ်နေမှန်းတောင် သိတော့မှာ မဟုတ်ဘူး။
အပေးအယူသဘာဝကို ခြောက်လနီးပါး ခေါင်းထဲစောဒကတက်ပြီး သေချာတွေးမိတယ်။ ဘယ်လိုနည်းနဲ့ အကျိုးဖြစ်အောင် လုပ်မလဲဆိုတဲ့အပိုင်း အလေးထားတွေးတယ်။ လုပ်ချင်တာတွေနဲ့ လုပ်သင့်တာတွေအကြား ဘယ်လို ခွဲမလဲ။ ဘာကို ဦးစားပေးပြီး ဘာတွေကို နောက်ချန်ခဲ့မလဲ။ ပစ်ပယ်သင့်တာတွေက ဘာတွေလဲ။ လက်ခံသင့်တာ ဘာတွေလဲ။ သေချာတာက ပေးလာသမျှ အကြံတိုင်းကိုသာ လက်ခံလိုက်ရင် အာရုံများသွားနိုင်တယ်။ အာရုံများသွားတာနဲ့ စိတ်မတည်ငြိမ်တော့ဘူး။ စိတ်ရဲ့တည်ငြိမ်မှုမရှိရင် ဘာလုပ်လုပ် တလွဲတွေဖြစ်သွားနိုင်တယ်။ ဒါကြောင့် အဖြေက ဘယ်လိုလုပ်ရင် အဆင်ပြေမလဲ။
ဘဝမှာ ဖြစ်လာသမျှ အရာအားလုံးကို လက်မခံပါနဲ့၊ ငြင်းစရာရှိငြင်းပြီး မလိုအပ်တာတွေကို ရှင်းထုတ်ပစ်ပါ။ ခေါင်းထဲမှာရော ဘဝထဲမှာပါ မထားပါနဲ့။ ကိုယ်နဲ့အဆင်မပြေတဲ့အရာကို သည်းခံနေစရာ မလိုပါဘူး။ အကြောင်းပြချက်တွေ ဆင်ခြေတွေနဲ့ ကိုယ့်ကိုယ်ကိုယ် မလိမ်ပါနဲ့။ လုပ်စရာရှိတာကို အချိန်မဆွဲပဲ လုပ်ပါ။
အာရုံများနိုင်တဲ့ အတွေးအကြံတွေ ပေးလာခဲ့ရင် ရိုးသားစွာ ဝန်ခံပြီး ငြင်းထုတ်လိုက်ပါ။ လက်မခံပါနဲ့။ ကိုယ့်အတွက်လည်း အရေးမပါသလို၊ သူများအတွက်လည်း အကျိုးပေးမှာမဟုတ်ရင် ခေါင်းထဲ မထည့်ထားပါနဲ့၊ ရှင်းထုတ်လိုက်ပါ။ ဘဝထဲကိုလည်း အဖြစ်မခံပါနဲ့ ကြိုပြီး ရှင်းထုတ်ထားလိုက်ပါ။ မလိုတာတွေကို ရှင်းထုတ်တတ်မှ လိုအပ်တာတွေကို အာရုံစိုက်ပြီး ကိုယ့်ဘဝ တိုးတက်အောင် လုပ်လို့ ရမှာပါ။
#မောရိသျှ
Keep Reading