Reviews by Benevolent
ဆရာနိုင်၀င်းဆွေကခံစားချက်တွေကိုညှို့ဓာတ်ပြင်းပြင်းခံစားမိ၊စွဲလမ်းမိနေအောင်အရမ်းရေးတတ်တာပဲ။
သူ့စာတွေဖတ်ရတာကိုယ်ပါမျောပါခံစားရတာ။ဆရာနိုင်ဝင်းဆွေဟာ စာရေးဆရာဘဝကို လွယ်လွယ်နဲ့ရခဲ့တာ မဟုတ်ဘူးဆိုတာ ဒီစာအုပ်က သက်သေပါပဲ။ဆရာနိုင်ဝင်းဆွေရေးတဲ့ စာအုပ်တွေကိုဖတ်ရင် ရင်ထဲမှာ ဆို့ဆို့နင့်နင့်ဖြစ်နေရသလို ဒီစာအုပ်ဟာလည်း ရင်ထဲမှာ ဖော်ပြလို့မရတဲ့ ဝေဒနာကိုပဲ ပေးခဲ့ပါတယ်။နှင်းဆီတောမိုးစက်မိုးပေါက်များမလုံတဲ့ တဲတစ်ဖက်ထောင့်လေးတစ်နေရာမှာ ဆရာနိုင်ဝင်းဆွေ သူ့ဘဝစာမျက်နှာများကို ဖွင့်ချပေးခဲ့တယ်။သူအရေးအသားများက မြို့ပြဝန်းကျင် နာကျင်မှုများမှ တောင်ခြေတောစပ် ရွာကလေးများ၏ နာကျင်မှုများနှင့် ဆက်စပ်နေပြန်တယ်။စိတ်မခိုင်ဘူးဆိုရင် စာအုပ်ဖတ်နေစဉ် ထိုင်ရာကနေ ထပြီး ပြေးသွားချင်စိတ်ပေါက်လိမ့်တယ်။စိတ်ကို တနုံနုံဆွပေးသလို၊အိပ်နေသူကိုလှုပ်နိုးနေသလိုမျိုး ခံစားရတယ်။
အပိုင်း၁ မှာ အဖေအကြောင်း ရိုးတိုးရိပ်တိတ်ပါတယ်။အမေအကြောင်း၊အားနာစရာ အစ်မအကြောင်း၊ သနားစရာညီမအကြောင်း၊ သူ့မိသားစုအကြောင်း ခပ်ပါးပါးရေးဖွဲ့ထားပါတယ်။ "ရေကိုနိုင်ရမယ်၊ မြေကိုနိုင်ရမယ်၊ဘာစာမှ ဖတ်စရာမလိုတော့ပါဘူး" ဆိုတဲ့စာပေတန်ဖိုးနားမလည်တဲ့ လယ်သမား ကိုကျေးကြီးအကြောင်းပါတယ်။Auto Biography ပုံစံရေးသားထားသလို ဘဝပေးဒဿနတွေနဲ့ ကိုယ်တွေ့ဘဝဇာတ်လမ်းတွေအကြောင်းတွေက တသသ၊ တမြေ့မြေ့နဲ့ စိတ်ကို စွဲသွားစေတယ်။သူ့ဘဝစာမျက်နှာတွေမှာ သူက မာနကြီးတယ်၊ မဟုတ်မခံ ဆတ်ဆတ်ကြဲစိတ်ရှိတဲ့ လူတစ်ယောက်ဖြစ်တယ်။အလုပ်ကြမ်းဟူသရွေ့ အကုန်လုပ်ခဲ့ရတယ်။မပြည့်စုံခြင်းတွေပါတယ်။နုံချာမှုတွေပါတယ်။အသက်ရှူကျပ်စရာတွေပါတယ်။
အပိုင်း၂ က နယ်ဘက်ကျေးဘက်တော်လှန်ပုန်ကန်တဲ့ အကြောင်းတွေနဲ့ ပြည့်ဖုံးကာထားတယ်။ ဘယ်သူကို တော်လှန်တာလဲဆိုရင် ဖက်ဆစ်ဂျပန်တွေကို တွန်းလှန်တာပါ ၊ နောက်တစ်ချက်က ဖိနှိပ်ခံအကြောင်းအရာပြ မှတ်တမ်းဝတ္ထုတိုများလို့လည်း ပြောလို့ရတယ်။ ဖက်ဆစ်တော်လှန်ရေး မိတ်ဆွေ မှတ်တမ်းလေးရေ.... လို့ အစချီလေ့ရှိပြီး စာရေးသူက သူ့ခံစားချက် နှင့် ရင်ဆိုင်ခဲ့ရသည့် အခက်အခဲများကို အတွင်းစကားပြောပြ နေသည့်(Monologue )ပုံစံမျိုးနဲ့ရေးထားတာကို တွေ့ရတယ်။ထိုခေတ်ကာလမှာ လူတိုင်းအတွေးတစ်ခုတည်းရှိကြတယ် ၊မြင့်မားလှတဲ့ တိုက်ပွဲဝင်စိတ်၊ တော်လှန်ရေးစိတ်ဓာတ် ၊အဲ့အရာက မိုးဦးကျ သစ်ပင်ပျိုလို လန်းဆန်းရွင်ပျနေသလိုမျိုး၊ သစ်ပင်တစ်ပင်တည်းမှာဘဲ မတူညီတဲ့အရောင်စုံပွင့်နေသော ပန်းလေးများအဖြစ်ကျွန်တော်မြင်မိတယ်။မတူပင်မဲ့ ဦးတည်ချက်တစ်ခုတည်းသာ...ရှိကြတယ်။
စာအုပ်ထဲမှာ အမှတ်ရစေတဲ့အချက်က ပတ်ကျိလိုလူတွေ သူ့တို့ကိုယ်တိုင်က ရွံစရာကောင်းမှန်းမသိကြပင်မဲ့ သူတို့တွားသွားတဲ့ သစ်ကိုင်းတွေအရာဝတ္ထုတွေအပေါ်မှာတော့ ရွံစရာအကျိအချွဲတွေ ချန်ထားရစ်ခဲ့ကြတယ်။ဘယ်လိုလူတွေလဲဆိုရင် တံဆိပ်ကပ်ခံထားရတဲ့လူတွေ ၊ သတင်းပေးတွေကြောင့် ထိခိုက်ပျက်စီးခဲ့ရတဲ့ဘဝတွေကို ဖတ်ရတာ ဒေါသထွက်မိတယ်။ပတ်ဝန်းကျင်၊ လုပ်ငန်းခွင် ၊မိသားစုတွေ ထဲမှာလည်း လူပတ်ကျိတွေ ရှိတတ်တယ်။ ဇီးလိုးဘဝ မှာ အတူတူရုန်းကန်းခဲ့ကြပြီး တဖြည်းဖြည်းအဆင်ပြေနိုင်၊ သက်သာနိုင်မယ့် အခြေအနေကို ကြိုမြင်ရတဲ့အခါအချင်းချင်းပြန် ထိုးကျွေး၊ အမှားကိုအမှန်လုပ်လက်ညိုးထိုးတတ်တဲ့ လူတန်းစားက သက်သက်ရှိနေဆဲပါ။နယ်ချဲ့စနစ်ရဲ့ ဖက်ဆစ်အကျဉ်းထောင်အတွင်း ဖြတ်သန်းခဲ့ကြပုံ၊ ရောက်တဲ့ နေရာမှာ စစ်တလင်းအဖြစ်တိုက်ပွဲဝင်စိတ် ထက်သန်ပြီး ရဲရင့်တဲ့ စိတ်ဓာတ်တွေကို ဖော်ပြထားပြန်တယ်။ ထောင်အတွင်း၊ အပြင် ဖိနှိပ်လုယက်သွေးစုတ်နေတဲ့ နယ်ချဲ့သမားတွေရဲ့ ပုံစံခွက် အတိုင်းနေခဲ့ရသည်ကို ရင်နာစွာ ပြောပြထားတယ်။
"ကျွန်တော်တို့မှာ အခက်အခဲတွေကတော့ တစ်ခု ဖြေရှင်းပြီးနောက်တစ်ခု ကျော်နင်းဖို့ ပေါ်လာအုံးမှာပဲ။ ဘယ်လို အခက်အခဲတွေ ကြုံနေပါစေ အနာဂတ်ကို အကြွင်းမဲ့ သိမြင်ယုံကြည်ထားတာဟာ အခက်အခဲမှန်သမျှ ဖြတ်ကျော်ဖို့ အင်အားပဲ။"
ဆရာနိုင်ဝင်းဆွေက ဖြတ်သန်းရတဲ့ဘဝစုံတယ်၊ နာကျင်မှုခံစားချက်များခဲ့တယ်။ ထုံးစံအတိုင်း ဘဝတွေပါတယ်ပေါ့ဗျာ။ဆရာနိုင်ဝင်းဆွေရဲ့ စာအုပ်တွေဖတ်ရတာ လက်တွေ့ဘဝနဲ့ အတော်နီးကပ်စေတယ်။ ရင်မောစေတယ်။အသက်ရှူကျပ်စေတယ်။ မွန်းကျပ်စေတယ်။ အဲဒီအရာတွေကိုမှ ခံစားချင်ပါတယ်ဆိုရင်တော့ ဖတ်ကြည့်ဖို့ တိုက်တွန်းပါတယ်။
Benevolent
Keep Reading