Kyaw Soe Win
# လူထုချစ်သမျှ လူထုဦးလှ
# ကိုဝင်းဦးသို့ အလွမ်းပြေပေးစာ
- စာရေလည် စွာ ဖတ်မိပါပြီ ။
အိမ်မှာချည်းနေရချိန်မှာ အမြတ်က စာအုပ်တွေရှင်းတာ၊ အထားမှားနေတဲ့စာအုပ်တွေ ပြန်ထွက်လာတာ ၊ ပြန်ဖတ်ချင်တာတွေကို အချိန်ပေါပေါနဲ့ အားပါးတရ နဲ့ ဖတ်ဖြစ်တာတွေလို့ ပြောရပါမယ်။
ဆရာမောင်နေဝင်းရဲ့" ကိုဝင်းဦးသို့ အလွမ်းပြေပေးစာ " ဆိုတဲ့စာအုပ် လတ်တလောရှင်းနေတဲ့ စာအုပ်တွေကြားကထွက်လာတဲ့အခါ ဝမ်းသာအားရဖတ်ပါတယ်။ ဒီစာအုပ်ထဲမှာ စာရေးဆရာ / သတင်းသမား မောင်နေဝင်းနဲ့ မင်းသားဝင်းဦး / ဗိုလ်လှမြင့်ခေါ် ဗိုလ်ကိုဦး ဘယ်လိုခင်ကြတယ်ဆိုတာပါတယ်။ ရှုမဝ ဦးကျော်ရဲ့ ရှုမဝ တိုက်မှာ ဦးကျော်ကတောင်းဆိုလို့ ဦးကျော်ရဲ့ recorder ထဲ ဆရာမောင်နေဝင်းက မယ်ဒလင် ၊ ဝင်းဦး ( အဲဒီတုန်းက ကလောင်နာမည် ညိုမင်းလွင် )က အဆို နဲ့ စန္ဒကိန္နရီ သီချင်းကို အသံသွင်းကြရင်းစပြီးခင်မင်ကြတယ်ဆိုပါတယ်။ တခြားသိရဖတ်ရတာတွေက ဆရာမောင်နေဝင်း၊ ဆရာမင်းကျော်၊ ဆရာနတ်နွယ် ၊ ဆရာကျော်အောင်တို့နဲ့ မင်းသားဝင်းဦး ခင်မင်ခဲ့ကြပြီး ဝင်းဦးစာပေဟောပြောပွဲတချို့ လိုက်ပါတဲ့အခါ စာပေအရလည်း တန်ဖိုးရှိအလင်္ကာမြောက် တဲ့ သီချင်းတွေကို တီးလုံးချည်း အသံသွင်းလာပြီး စာပေနဲ့တေးသီချင်း အနုပညာမြောက်ပေါင်းစပ်သွားတဲ့အခါ ဘယ်လိုတန်ဖိုးရှိကြောင်း ဖွင့်ဆိုပြောပြပြီး သီဆိုတတ်ကြောင်းလည်းပါရဲ့။ စာအုပ်ထဲမှာ လေးလေးနက်နက်ပါဝင်နေတာက မောင်နေဝင်း၊ ဝင်းဦးနဲ့ မြသန်းတင့်တို့ ၁၉၈၄ ဆောင်းရာသီမှာ မေမြို့က " မေနာဟောက်စ် " အိမ်ကြီးသွားပြီး အပန်းဖြေရင်း စာရေးကြ၊ သိမြင်တွေးတောမိတာတွေ နှီးနှောကြတဲ့ အကြောင်းပါ။ ကွယ်လွန်သူ သတင်းစာဆရာကြီး လူထုဦးလှ အတွက် အမှတ်တရဆောင်းပါး ကိုယ်စီ ရေးဖြစ်ကြတဲ့အကြောင်းလည်းပါပါတယ်။ အခုပြောတဲ့ ဆရာမောင်နေဝင်းစာအုပ်က မထူပေမယ့် စာပေ အနုပညာရေးရာ သိစရာ၊ စိတ်ဝင်စားစရာ ဖြစ်ရပ်လေးတွေ အများကြီးဖတ်ရလို့ကျေနပ်သွားပါတယ်။
တစ်ဆက်တည်းပဲ " လူထုချစ်သမျှ လူထုဦးလှ " စာအုပ်ကို ယူပြီး အထဲက ဝင်းဦး၊ မြသန်းတင့်နဲ့ မောင်နေဝင်းတို့ရဲ့ ဆောင်းပါး တစ်ပုဒ်ချင်းစီကို ဖတ်ပြီးအရသာခံလိုက်ပါတယ်။ ဝင်းဦးဆောင်းပါးက " အကန်တော့ ခံထိုက်တဲ့ စာရေးဆရာ " တဲ့၊ မောင်နေဝင်းဆောင်းပါးက " ဦးလေးလှ သို့ အမှတ်ရချက်များ" ၊ ဆရာမြသန်းတင့်ကတော့" ဦးလှ လျှောက်သောလမ်း " ပါ။ ဝင်းဦး နဲ့ မြသန်းတင့် ဆောင်းပါး ၂ ပုဒ်က စာပေကိစ္စ အလေးအနက်တွေပါနေပြန်ပါတယ်။ မန္တလေး က စလိုက်တဲ့ စကားပြောသလို စာရေးကြတာနဲ့ ပတ်သက်ပြီး ဝင်းဦး က လူထုဒေါ်အမာရဲ့ စကားပြေကို ဦးလှ နဲ့ ဒေါ်အမာအတွက် သူဖတ်ပြအသံသွင်းပေးခဲ့ရာမှာ အပြောစကားပြေမှာလည်း အလှရှိပုံကို ဒီစာအုပ်ထဲက ဆောင်းပါးမှာ ထည့်ရေးသွားပါတယ်။ ဒါက အရေးပါတာ တစ်ခု။ နောက် ဆရာမြသန်းတင့်က လူထုဦးလှရဲ့ စာပေခရီးမှာ လူငယ်တစ်ဦးချင်း တိုးတက်ကြီးပွားရေး စာစောင်ထုတ်ဝေရာက စစ်ဆန့်ကျင်ရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေး စတဲ့ နိုင်ငံရေး ရပ်တည်ချက်ပါသော လူထုဂျာနယ်များ ၊ လူထု သတင်းစာများကို အယ်ဒီတာ - ထုတ်ဝေသူ အဖြစ် ဖြတ်သန်းပုံ နဲ့ နောက်ဆုံး လူ့ရပ်ရွာ သာယာရေး၊ ယဉ်ကျေးမှု ရိုးရာအမွေများ ထိန်းသိမ်းရေး အလုပ်တွေကို စာနဲ့ရော လက်တွေ့ပါ ဦးလှတစ်သက်တာလုံး အားထုတ်လုပ်ကိုင်ပုံတွေ ရေးပါတယ်။ ဆရာမြသန်းတင့်က သူပင်လျှင် မေမြို့ ဂေါ်ရခါး ရွာက ဦးလှတို့ လမ်းလျှောက်ခဲ့သောလမ်းလေးပေါ် လျှောက်နေတဲ့အကြောင်းနဲ့ အဆုံးသပ် ပါတယ်။ တစ်နည်းအားဖြင့် ဆရာမြသန်းတင့် က သူဆက်လျှောက်မယ့် စာပေဘဝ၊ နိုင်ငံရေးဘဝခရီး ကို အလှဆုံး ပြခဲ့တယ်လို့ ခံစားရပါတယ်။
ဆရာ မောင်နေဝင်း စာအုပ်ထဲမှာ မင်းသား ဝင်းဦးရဲ့ဘားလမ်း၊ စန္ဒာမဂ္ဂဇင်း ထပ်ခိုးမှာ ဆုံကြတဲ့စာပေ မိတ်ဆွေများအကြောင်း ပါဝင်ပြန်တာမို့ ဒီစုရပ် စကားဝိုင်းအကြောင်း တော်တော်စုံစုံလင်လင်ပါတဲ့ ဆရာနတ်နွယ် ရဲ့ " တောအကြောင်း တောင်အကြောင်း " ပေါင်းချုပ်ကိုလည်း ဆက်စပ်ဖတ်ဖြစ်ပြန်ပါတယ်။ အကြောင်းတိုက်ဆိုင်လို့ပြောရရင် ဆရာ နတ်နွယ်ရဲ့ ဒီစာအုပ်ဟာ ကျွန်တော့် အိပ်ရာဘေး အမြဲရှိ အမြဲဖတ်တဲ့ စာအုပ်ပါ။
အခုပြောခဲ့သလို စာကောင်း - စာအုပ်ကောင်း ကို ကောက်ကိုင်မိရာက ဆက်စပ်ရာရာ ဆောင်းပါးတွေ လိပ်ပတ်လည် စာရေလည်အောင် ဖတ်မိလိုက်တဲ့အခါ ဒီအရသာကို စာပေမိတ်ဆွေများဆီလည်း မျှဝေချင်တာ ကျွန်တော့် စိတ်ရင်းပါပဲ။
( ဆွေးနွေး ဝေဖန် သုံးသပ်မှုများကို မျှော်လင့်လျက်။ )
ကြည်လင်အေး
Keep Reading