မောရိသျှ
အတုယူပြီး အသားတကျ အနေတတ်ပါစေ။
လူအများ ပြောဆိုသလို လိုက်ပြောတတ်မှ၊ လူအများ နေထိုင်သလို နေတတ်မှ၊ လူအများ သုံးစွဲသလို လိုက်သုံးတတ်မှ လူစဉ်မီတယ်လို့ တွေးတာက လုံးဝ မှားပါတယ်။ ဘယ်တော့မှ အဲလို မလုပ်ပါနဲ့။ တွေးတောင် မတွေးလိုက်ပါနဲ့။ လွတ်လပ်စွာ ပြောဆိုနေထိုင်ရှင်သန်ခွင့် ရှိပါတယ်။ သို့သော် အနေအထား အလိုက်၊ ပါးပါးနပ်နပ် နေတတ်ထိုင်တတ်၊ ပြောတတ်ဆိုတတ်ဖို့တော့ လိုပါတယ်။
အထက်တန်းလွှာ၊ လူ့ဂုဏ်ထံတွေ အကြား သွားလာနေရတဲ့အချိန်၊ အခြေခံ အရပ်စကား ပြောဟန်ဆိုဟန်နဲ့ အနေမမှားပါစေနဲ့။ လူ့ပေါ်ကလူတွေကတော့ ကိုယ့်ရဲ့ အပြုအမူကို တိုက်ရိုက်ကြီး ကဲ့ရဲ့မှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့ရဲ့ အတွင်းစိတ်၊ အတွေးမှာတေ့ာ အထင်သေးသွားပြီး၊ နောက်တစ်ကြိမ် သူတို့နဲ့ တွေ့ဆုံခွင့် မရအောင်ကို အခွင့်အလမ်းဟူသမျှ ပိတ်ပင်လိုက်မှာပါ။
အခြေခံ လူအများနဲ့ ပေါင်းသင်းဆက်ဆံတဲ့အခါမှာလည်း မောက်မောက်မာမာ မပြောဆိုပါနဲ့။ အောက်ခြေလွတ်တယ်ဆိုပြီး လူမုန်းခံရတတ်ပါတယ်။ ဒူးနေရာဒူး တော်နေရာတော် ပြောဆိုပါ။ အရပ်အလိုက် နေတတ်ထိုင်တတ်ပါစေ။ မော်ကြွားဖို့ လိုအပ်ရင် မော်ကြွားပါ။ နှိမ့်ချဖို့ လိုအပ်ရင် နှိမ့်ချလိုက်ဖို့ ဝန်မလေးပါနဲ့။
အတုယူသင့်တာကို အတုယူပြီး၊ အတုခိုးသင့်တာကို ပိပိရိရိ အတုခိုး လုပ်ပါ။ အနေအထားအလိုက် အသားတကျ နေတတ်ထိုင်တတ်၊ သွားတတ်လာတတ်ရင် လူချစ်လူခင်များသလို၊ လူတိုင်းရဲ့ လိုလားမှုကို ခံရမှာပါ။ အနေတတ်ရင် ဘဝ မခက်ပါဘူး။ အနေမတတ်ရင်တော့ ဘဝပျက်လွယ်တာကို လုံးဝ မမေ့ပါနဲ့။
လိမ်နေညာနေတာတွေ လုံးဝ မဟုတ်ပါဘူး။ ဟန်ဆောင်နေတာတွေအားလုံးက သရုပ်ဆောင်မှု သက်သက်ပါ။ သရုပ်ဆောင်ခြင်းဆိုတာက တော်တန်ရုံ လုပ်တတ်ဖို့ မလွယ်တဲ့ အဆင့်မြင့် အနုပညာဖြစ်ပါတယ်။
သတင်းဆိုးသယ်လာသူမဖြစ်စေနဲ့။
သတင်းဆိုး လာလျှောက်တဲ့ တမန်ကို ဘုရင်တိုင်းမုန်းပါတယ်။ မဖြစ်သင့်တာ မှန်ပေမယ့်၊ တကယ်တော့လည်း အမှန်ပါ။ ဘယ်သူမှ သတင်းဆိုး မကြားချင်ပါဘူး။ အဲတော့ သတင်းဆိုးပြောသူကို လူတိုင်း ရွံမုန်းကြပါတယ်။ တကယ်လို့ မဖြစ်မနေ သတင်းဆိုးပြောဖို့ အကြောင်းဖန်လာရင်၊ ကိုယ်တိုင်က မပြောမိအောင် တစ်ဖက်လှည့်ပြီး တခြားလူကို ပြောခိုင်းပါ။ နစ်နာရမယ်ဆိုရင် အစားထိုးတတ်တာကလည်း ပညာတစ်ခုပါ။
အရောမဝင်နဲ့ နေရာသိပါ။
ဘယ်ဆရာကမှ တပည့်နဲ့ တန်းတူ မပေါင်းမသင်းချင်ပါဘူး။ ဆရာ့ဘက်က ဘယ်လောက်ပဲ တပည့်ကို သူငယ်ချင်းလို့ ပေါင်းသင်းဆက်ဆံနေပါစေ၊ တပည့်က ဆရာကို အပေါင်းအသင်းလို့ ဆက်ဆံတာကို မကြိုက်ပါဘူး။ သဘောထားကြီးတဲ့အနေနဲ့ အပြစ်မဆိုဘဲ၊ ခံစားချက်တွေကို ဖုံးကွယ်ထားကောင်း ထားနိုင်ပေမယ့်၊ နေရာမသိတာမျိုးတွေကို ခါးသီးကြပါတယ်။ ကိုယ့်နေရာကို သိပါ။ အရောမဝင်ပါနဲ့။
ကိုယ်နဲ့မဆိုင်ဘဲဝင်မပါနဲ့။
အပျက်စကား၊ အဖျက်စကား၊ ဝေဖန်ရတာတွေကို လူတိုင်း လုပ်ချင်ကြပါတယ်။ ကိုယ့်စိတ်ထဲက အမြင်ကို ဖွင့်ပြောလိုက်ရမှ စိတ်ကျေနပ်ရသလိုမျိုး၊ လူတိုင်းဖြစ်တတ်ကြပါတယ်။ ဒါပေမယ့် နေရာသိပါ။ ကိုယ်နဲ့ မဆိုင်ရင် ဝင်မပါပါနဲ့။ အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်အထက်လူကြီးက ကိုယ့်အမြင်ကို မေးလာခဲ့ရင်တောင် မသိကြောင်း ဖြေလိုက်တာက အကောင်းဆုံးပါ။ ဒါကိုမှ အထက်လူကြီးက ခွင့်ပြုချက် တကယ်ပေးပြီး မြောက်စားသလို အခွင့်အလမ်း ပေးမှသာ ကိုယ့်အမြင်ကို ချပြပါ။
ဒီနေရာမှာ အထူးမှတ်ထားဖို့ လိုတာက - အထက်လူကြီးတွေက ပြောပါဆိုတိုင်း ချက်ချင်း မဖြေဖို့ပါ။ အမြော်အ မြင်ရှိပြီး၊ အရည်အချင်းကို အသိအမှတ်ပြုနိုင်တဲ့ အသိဉာဏ်ပညာ ထက်မြက်သူတွေက တဖက်လူရဲ့ အမြင်ကို တကယ်သိချင်ရင် စကားခံပြီး ပြောခွင့်ပေးတတ်ပါတယ်။ လူမှုရေးအရ မဖြစ်မနေ မေးဖို့ လိုလို့ ပြောဖို့ တောင်းဆိုသူတွေကတော့၊ သူတို့နဲ့ တန်းမတူတဲ့သူဆီက စကား မကြားချင်ကြပါဘူး။
အခွင့်အလမ်းပေးတဲ့ အနေအထား အပေါ်မူတည်ပြီး ပါးနပ်ပါ။ ကိုယ်နဲ့ မဆိုင်ရင် ဝင်မပါတာ အကောင်းဆုံးဖြစ်ပါတယ်။
#မောရိသျှ
အာဏာစက် နည်းဥပဒေသ (၄၈) ရပ် - ရောဘတ်ဂရင်း
Keep Reading