Tapathi (တပသီ)
ကမ္ဘာပေါ်ဝယ် တည်ရှိကြသူ အများသူငါ တို့သည် မတူကွဲပြားမှုများ ၊ လှပထည်ဝါမှုများ နှင့် ပန်းခင်းကြီးသဖွယ် တန်ဖိုးရှိစွာ တည်ရှိနေကြ၏ ။ လူသားတိုင်းသည် လောကကြီးနှင့်တကွ နိုင်ငံ၊ မိသားစု စသည်တို့အတွက် တစ်ထောင့်တစ်နေရာမှ အကျိူးပြုနိုင်စွမ်း ရှိကြပါသည် ။ ထိုနည်းတူပင် ကျွန်တော်တို့ လူငယ်များမှာလည်း မတူညီသည့် ဝါသနာ ၊ ရည်မှန်းချက်များနှင့်အတူ လောကကြီးအား အလှဆင်နိုင်ရန် အဆင်သင့်တည်ရှိနေကြပါသည် ။ ထိုကဲ့သို့ ဝါသနာကို ပံ့ပိုးထောက်ပံ့ပေးကြဖို့အတွက် လမ်းပြအားပေးမှုများက အဓိကသာဖြစ်၏ ။
ယနေ့ခေတ်၏ တိုးတက်ပြောင်းလဲများအရ ခေတ်ရေစီးကြောင်းကို လိုက်ပါလာနိုင်ပြီး နားလည်ကြသည့် လူကြီးမိဘများ ရှိသကဲ့သို့ တဖက်မှာလည်း တယူသန်ဝါဒများနှင့် ရှေးရိုးစွဲကြသည်များလည်း ရှိနေပြန်ပါသည် ။ သား ၊ သမီးများအပေါ် အကောင်းဆုံးဖြစ်စေချင်ကြသည်မှာ မိဘတိုင်း၏ မေတ္တာလောဘပင် ဖြစ်၏ ။ ဆင်းစီး ၊ မြင်းရံ ကာ အကောင်းဆုံးသော အရာတွေကိုပဲ ဖြစ်စေချင်ကြပါသည် ။ ဤသည်မှာ မိဘတိုင်း၏ အတ္တ အချစ်ပင် ဖြစ်၏ ။ ထိုကဲ့သို့ တယူသန် နှင့် ထိန်းချုပ်မှုများကြားမှာ ဖြစ်စေချင်ကြသည့် စေလိုရာအတိုင်း ပုံစံခွက်ထဲမှာပဲ ကြီးပြင်းခဲ့ရသည့် ကလေးတစ်ယောက် နှင့် စိတ်ကြိုက်လွတ်လပ်စွာ တွေးခေါ်ပိုင်ခွင့် ၊ ဝါသနာ ကို အသုံးချနိုင်ကြသည့် ကလေးတစ်ယောက်သည် အရွယ်ရောက်သည့်အခါ နယ်ပယ်တိုင်းမှာ ကွဲပြားနေတတ်၏ ။
ကိုယ်ပိုင်လွတ်လပ်စွာ တွေးခေါ်နိုင်စွမ်းရှိပြီး ကိုယ့်စိတ်ကိုယ် ပိုင်သည့် ကလေးတစ်ယောက်မှာ အရာရာကို စူးစမ်းလေ့လာရန်အတွက် မည်သူ့ကိုမှ ကြောက်နေစရာမလိုပါ ။ ထိုအခါ ကောင်းသည် ၊ ဆိုးသည်ကို ကိုယ်တိုင်ခွဲခြားသိနားလည်လာမည် ။ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်လာနိုင်မည် ဖြစ်၏ ။ အကြောက်တရား၏ လွှမ်းမိုးမှုနှင့် မိဘများ၏ တယူသန် ပုံစံခွက်ထဲတွင်လည်း မကျရောက်ခဲ့သောကြောင့် မည်သည့်အရာကိုမဆို ပြောရဲ ၊ ဆိုရဲ ၊ လုပ်ကိုင်ရဲ ဖြစ်လာပြီး အရာရာကို ဦးဆောင်နိုင်စွမ်းရှိသူတွေ ဖြစ်လာပါလိမ့်မည် ။
လွှမ်းမိုးမှုတွေအောက်မှာ ရှင်သန်ကြီးပြင်းခဲ့ရသည့် ကလေးတစ်ယောက်အတွက်တော့ အထက်ပါ အရာများနှင့် ဆန့်ကျင်လျက်သာဖြစ်၏ ။ ကိုယ်ပိုင်အတွေး နှင့် စဉ်းစားဉာဏ်တွေကို အသုံးမချနိုင်တော့ဘဲ မိဘများ၏ စေလိုရာစေ ဘဝဖြင့်သာ နစ်မြုပ်လျက် မိမိ၏ ကိုယ်ပိုင်အားသာချက် ၊ ဝါသနာ ၊ ထူးချွန်မှု စတာတွေကို အသုံးမချနိုင်တော့၍ ထူးချွန်သင့်သလောက် မထူးချွန်ကြတော့ပေ။
မိမိ၏ ဝါသနာကို ကောင်းစွာသိရှိလျှင် ရည်မှန်းချက်နှင့်တကွ စိတ်ကူးပုံဖော်၍ လက်တွေ့လုပ်ဆောင်နိုင်ပေလိမ့်မည်။ ရည်မှန်းချက်ဟူသည် ရေရှည်စီမံကိန်းတစ်ခုဖြစ်သည့်ရည်မှန်းချက် (သို့မဟုတ်) သေးငယ်သည့် ရည်မှန်းချက်လေးများပင်ဖြစ်ပါသည်။ ရေရှည်စီမံကိန်းဖြစ်သည့် ကြီးကြီးမားမား ရည်မှန်းချက်တစ်ခုဖြစ်နေပါက ကြိုးစားလျှောက်လှမ်းနေရင်း မေ့လျော့သွားတတ်ပါသည်။ သို့ဖြစ်၍ လမ်းပြသူများက "တစ်နေ့ဖြစ်ရမယ်ဆိုတဲ့စိတ်ဓာတ်ကို ခဏခဏသတိရပေးရမယ်ဒါမှ ရည်မှန်းချက်မပျောက်မှာ" ဟူ၍ ဖော်ပြ ခဲ့ကြဖူးသည်။
- ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ စိတ်နှင့်စိတ်ဓာတ်ခိုင်ခံ့စွာ ဖြည်းဖြည်းချင်းလျှောက်လှမ်းပါ။
-လုပ်နိုင်သလောက်ကိုသာ သေချာအာရုံစိုက်လုပ်ကိုင်သင့်ပါသည် ။ မိမိ၏ပြိုင်ဘက်သည် မိမိကိုယ်တိုင်ပင်ဖြစ်၏။
-အသစ်အသစ်သော အရာတွေကို လေ့လာသင်ယူရန် မကြောက်ပါနဲ့အတွေ့အကြုံများရယူပါ။
- လွယ်ကူလိမ့်မည်မဟုတ်သော်လည်း အခက်အခဲများသည် အခွင့်အလမ်းများပင် ဖြစ်ပါသည်။
ထိုအချက်များအား လိုက်နာကျင့်သုံးပြီး လက်တွေ့လုပ်ဆောင်နိုင်ပေလိမ့်မည်ဖြစ်၏။
မြန်မာနိုင်ငံ၌ လူတချို့၏ တယူသန်အယူဝါဒကို စာဖတ်သူတို့ သိထားပြီးသား ဖြစ်ပါလိမ့်မည်။ ဆရာဝန် (သို့မဟုတ် ) အင်ဂျင်နီယာ စသည်တို့ကိုသာလျှင် ပညာတတ်လူတော်ဟု လွဲမှားစွာ သတ်မှတ်တတ်ကြသည် ။ အနုပညာ စာပေဟုဆိုလျှင် အရေးတယူမရှိကြသလို စာဖတ်အားလည်း အင်မတန်နည်းကြပါသည် ။ အထူးသဖြင့် အုပ်ထိန်းသူမိဘများ ၊ လမ်းပြသူ ဆရာ၊ဆရာမများ စာမဖတ်ကြသည့်အခါ ၎င်းတို့လက်အောက်၌ မျိုးစေ့ကဲ့သို့ အတွေ့အကြုံနုနယ်လှသည့် ကလေးငယ်များသည် ကောင်းမွန်သည့်လမ်းပြမှုကို မရရှိဘဲ ထိုက်သင့်သလောက် အပင်မသန်ကြတော့ပေ ။ ထိုကဲ့သို့ ကောင်းမွန်စွာလမ်းပြသင်ကြားမှု၏အောက်တွင် မကြီးပြင်းခဲ့ရသည့် အနာဂတ်၏ ကြယ်ပွင့်ဖြစ်လာမည့် ခေါင်းဆောင်လူငယ်များကို လွန်စွာ နှမြောမိပါသည် ။ အနုပညာ၌ ဝါသနာ ပါလျှင်လည်း ရူးသွပ်နေကြသည် ၊ မယောင်ရာ ဆီလူးနေသည် ဟုသာ ပြောစမှတ်ပြုနေကြတော့သည် ။
ပန်းဥယျာဉ်ကြီးတစ်ခုသည် ပန်းမျိုးစုံ ၊ အရောင်မျိုးစုံ ရောနှောတည်ရှိနေမှသာလျှင် လှပပေလိမ့်မည်ဖြစ်၏ ။ နိုင်ငံတစ်နိုင်ငံအတွက်လည်း မတူညီကြသော ဝါသနာများ၊ ရည်မှန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ကြသည့် ပညာရှင်ပေါင်းများစွာဖြင့် ဖွဲ့စည်းတည်ဆောက်မှသာလျှင် တိုးတက်အောင်မြင် နိုင်ပေမည် ။ နယ်ပယ်အစုံမှ ကျွမ်းကျင်ပညာရှင်ကြီးများသည် လူအများ၏ အထင်ကြီးလေးစားမှုကို ရယူလို၍မဟုတ် ဝါသနာအရင်းခံကာ မိမိနိုင်ငံတော်အတွက် ရင်းနှီးပေးဆပ်နေကြသည့် လေးစားစရာ နိုင်ငံ့ခေါင်းဆောင်များပင် ဖြစ်၏ ။
နိုင်ငံ့ခေါင်းဆောင်ဟု ဆိုသည်နှင့် ရာထူးကြီး ၊ အရာရှိများကို ဆိုလိုခြင်းမဟုတ်ပါ ။ ကိုယ်ကျိုးကို မငဲ့ဘဲ အများအကျိူးဆောင်ရွက်သူ၊ခေါင်းဆောင်တစ်ဦး၏ စိတ်ဓာတ်ရှိသူသည် ခေါင်းဆောင်ပင် ဖြစ်၏ ။ လူငယ်များသည်လည်း ခေတ်ကိုဦးဆောင်မည့် အနာဂတ်၏ သူရဲကောင်းများပင် ဖြစ်ပါသည် ။ သို့ဖြစ်၍ အမိနိုင်ငံကြီးအား ပန်းခင်းကြီးသဖွယ် သာယာဝပြောစေရန် လူငယ် လူရွယ်များ၏ ဝါသနာနှင့် ရည်မှန်းချက်များကို လျစ်လျူမရှုဘဲ အားပေးထောက်ခံကြရန် လွန်စွာ အရေးကြီးပါသည် ။
မျိုးဆက်သစ် လူငယ်များအား ပတ်ဝန်းကျင်ကောင်းတစ်ခုကိုသာ ဖန်တီးပေးမည်ဆိုလျှင် ကျွန်တော်တို့ လူငယ်များဘက်မှလည်း တိုးတက်ကောင်းမွန်သည့် နိုင်ငံကြီးတည်ဆောက်ကြိုးပမ်းပေးရန်အတွက် အဆင်သင့်ပင်ဖြစ်ပါသည် ။ သို့ဖြစ်၍ လူငယ်တိုင်း၏ ဝါသနာနှင့်တကွ ဖြစ်ေမြာက်လာမည့် ရည်မှန်းချက်များကို အားမပေးသည့်တိုင် မရိုက်ချိုးစေလိုပါ ။ နည်းမျိုးစုံဖြင့် ရှင်သန်ပွင့်ဖူးလာကြသည့် မြတ်နိုးဖွယ်ရာ ပန်းပွင့်ကလေးများသည် ဥယျာဉ်မှူးကို ဂုဏ်တက်ကာ ပီတိဖြစ်စေသလိုပင် လောကကြီးကိုအလှဆင်ကာ ထွန်းတောက်လာမည့် လူငယ်များသည်လည်း ဥယျာဉ်မှူးများဖြစ်ကြသည့် ဆရာများနှင့် လမ်းပြသူများအတွက် ဂုဏ်ယူဝမ်းမြောက်စရာများ ဧကန်အမှန် ဖြစ်လာပါလိမ့်မည် ။
#Tapathi
ဖတ်ရှုပေးကြသည့်အတွက် ကျေးဇူးအထူးတင်ရှိပါတယ် ☘️
Keep Reading