SarPhat Author
ကော်ဖီဆိုင်အတွင်းမှ ငယ်ရွယ်ချောမောသည့် ကောင်လေးနှစ်ယောက်သည် နုယဉ်မှာထားသည့် hot chocolate ကို ပြင်ဆင်ရင်း အလုပ်များနေသည်။ ဆိုင်အတွင်း၌ ဧည့်သည်ဆို၍ နုယဉ်တစ်ယောက်တည်း။ နေ့ခင်းဖြစ်၍ပဲလား၊ ဒီလိုပဲ ဧည့်သည်ပါးနေကျလားဟု နုယဉ်တွေးရင်း လှပခေတ်မီသည့် ဆိုင်တွင်း အပြင်အဆင်ကို တစ်ချက်အကဲခတ်လိုက်သည်။ ထို့နောက် နုယဉ်၏ အကြည့်များက ကောင်တာနောက်မှ ကောင်လေးနှစ်ယောက်ဆီသို့ ပြန်ရောက်သွားသည်။
ကောင်လေးနှစ်ယောက်သည် တွဲဖက်ညီစွာ အလုပ်လုပ်လျက် ရှိပြီး နှစ်ယောက်စလုံး၏ မျက်နှာထက်တွင် အပြုံးကိုယ်စီကို တွေ့ရသည်။ တစ်ခါတစ်ခါလည်း တစ်ယောက်ပြောသည်ကို တစ်ယောက်က အားရပါးရ ရယ်လိုက်သည်။ နှစ်ယောက်စလုံး၏ မျက်ဝန်းများက တစ်စုံတစ်ရာကြောင့် တောက်ပနေကြ၏။ သူတို့သည် ချစ်သူရည်းစားဖြစ်ချင်ဖြစ်မည်၊ ဒါမှမဟုတ်လည်း သူငယ်ချင်းဖြစ်ချင်ဖြစ်မည်။ နုယဉ်သေချာမသိ။ သို့သော် နုယဉ်သည် ထိုနှစ်ယောက်ပင် သူတို့ကိုယ်တိုင် သိချင်မှသိမည့် ချစ်မေတ္တာကို ဘေးကကြည့်ရင်းမှ ခံစား၍ ရနေသည်။
နုယဉ်သည် ပျံ့လွင့်နေသော အာရုံများကို ရပ်တန့်စေပြီး လက်ပ်တော့ကို ဖွင့်ကာ စာလုပ်နေလိုက်သည်။ Final Defenceနီးလာသည်နှင့်အမျှ ပို၍ စိတ်ပင်ပန်းလူပင်ပန်း ဖြစ်လာသည်။ ထိုပင်ပန်းမှုကို ချောကလက်ပူပူကလေးနှင့် ခတ္တမျှ ဖြေဖျောက်ရန် နုယဉ် ကြိုးစားနေခြင်းဖြစ်၏။
ကော်ဖီဆိုင်တွင် အေးအေးလူလူ ထိုင်ကာ စာလုပ်ရင်း အချိန်ကုန်စေသည်မှာ တစ်နာရီမျှ ကြာသွားသည်။ နေမြင့်လာသည်နှင့်အမျှ ဆိုင်တွင် လူကျလာသဖြင့် အာရုံစူးစိုက်မှု လျော့နည်းလာသည်။ ထို့ကြောင့် နုယဉ်သည် ပစ္စည်းများသိမ်းကာ လမ်းမကြီးကို ဖြတ်၍ ကျောင်းထဲသို့ သုတ်သုတ်လာခဲ့သည်။
*
မှန်အကြည်၏ အပေါ်ဘက်နေရာတွင် ကျောင်းအမှတ်တံဆိပ် ကပ်ထားပြီး အောက်တစ်ကြောင်းတွင် ထိုင်းစာလုံးများရှိသည်။
"ห้องการเรียนรู้นักศึกษานานาชาติ"
ထို့အောက်တွင်မူ အင်္ဂလိပ်စာလုံးဖြင့်
"Inteternational Student Study Room" ဟု ရေးထားသည်။
မြင်နေကျ ဆိုင်းဘုတ်များကို စိတ်ထဲမှ ပြန်ဖတ်ရင်း နှစ်ဖက်ပိတ်မှန်တံခါး၏ တံခါးတစ်ချပ်ကို အားဖြင့် ဆွဲဖွင့်လိုက်သည်။ ထိုတံခါးသည် နုယဉ်ကိုယ်တွင်း၌ ရှိခဲ့သော အားများကို စုပ်ယူပစ်သည်ဟု ထင်ရလောက်အောင်ပင် ထိုတံခါးကိုဆွဲဖွင့်ပြီးနောက် နုယဉ် ပင်ပန်းသွားသည်။
ဒီနေ့ကျမှ ပင်ပန်းနေသည်။ တစ်ကိုယ်လုံးနုံးချိ၍ ကိုယ့်ခြေကိုယ့်လက်များကိုပင် မသယ်ချင်ဖြစ်နေသည်။ ခါးက နည်းနည်းကိုက်နေသည်။အကြောင်းရင်း စစ်ကြည့်မှ ရာသီစက်ဝန်း၏ ပထမဆုံးရက်ဖြစ်နေသည်။
နုယဉ် ခဏတော့ နားလိုက်ချင်သည်။ ခဏလေးနားပြီးမှ စာဆက်လုပ်တာ အဆင်ပြေမည်။ ထို့ကြောင့် ကျောင်းသားများအနားယူရန် ပြုလုပ်ပေးထားသည့် အကန့်ကလေးထဲ ဝင်ကာ ခဏမှိန်းနေလိုက်သည်။ အလုံးစုံအိပ်ပျော်ခြင်းဆီကိုတော့ မရောက်။ သမီးကိုသတိရသည်။ ပထမဆုံးအကြိမ်အဖြစ် သမီးကို သူ့အဖေနှင့် ရှိနေသည်ကို စိတ်ပူခြင်းဖြစ်လာသည်။
"လက်ဦးဆရာ မည်ထိုက်စွာ ပုဗ္ဗာစရိယ မိနှင့်ဖ" ဟု ဆိုကြ၏။ ကလေးတစ်ယောက်၏ လက်ဦးဆရာသည် အမေနှင့် အဖေဖြစ်သည်။ သမီးသည် အမေနှင့် မရှိခိုက်တွင် အဖေနှင့် ရှိနေသည်။ သူ့အဖေက သမီးရှေ့တွင် မည်သို့ပြုမူတွေးခေါ်မည်ကို နုယဉ်တစ်ခါမှ မစဉ်းစားခဲ့မိ။ ဖယောင်းကဲ့သို့ နုနယ်သော သမီး၏ နှလုံးသားတွင် သူ့အတွေးအခေါ် အယူအဆတို့ကို ရိုက်သွင်းပေးနေမည်လား။
နုယဉ် စိတ်လျှော့လိုက်သည်။ အကြောင်းမဲ့ စိတ်ပူပန်နေရသည်တို့ကို မလုပ်ချင်တော့။ စိတ်ပင်ပန်းလှသည်။ တစ်ဖက်ကကြည့်လျှင်လည်း သမီးနှင့် သူ့အဖေ အတူနေရမည့်ရက်တို့ နည်းလာကြသည်။ ဒီလောက်တော့ နုယဉ် ခွင့်ပြုပေးလိုက်မည်။ သမီးလည်း သူ့အဖေအပေါ် အတိုင်းအတာတစ်ခုအထိ သံယောဇဉ်တွယ်မိနေပြီ။
ထိုအတွေးတွေးမိတော့ သမီးကို သနားသွားသည်။
Unlock to read this premium article with 10 points.