Nwe
ဒီစာအုပ်လေးကို ပြီးခဲ့တဲ့ ရက်ပိုင်းကမှ Audiobook နဲ့နားထောင်ဖြစ်ခဲ့တာပါ။ဒီစာအုပ်ကိုနားထောင်ပြီးတဲ့အချိန်မှာ ရင်ထဲမှာပုဂံက လုံးဝကျန်ခဲ့တယ်။ ရှေးဟောင်းအမွေအနှစ်၊ဗိသုကာလက်ရာ တွေကို ကျွန်မ အနေနဲ့သိပ်နားမလည်တာရယ် အရမ်းစိတ်ဝင်စားမှုမရှိတာရယ်ကြောင့် အရင်ကဆိုရင်အားလုံးက အမှတ်တမဲ့ပါပဲ။ ဒါပေမဲ့ ဒီစာအုပ်ကိုနား ထောင်ပြီးတဲ့အချိန်မှာ မြကျေး တို့သားအဖကို လေးစားမိသလို ကိုယ်တိုင်လည်း ပုဂံကိုသွားပြီး ရှေးဟောင်းလက်ရာတွေကို ပြန်ကြည့်ချင်လာတဲ့အထိခံစားရတယ်။ မှတ်မှတ်ရရဆိုရရင် ပုဂံကို ၃ ခေါက်ရောက်ဖူးတယ် တစ်ခေါက်ကလမ်းကြုံဝင်တာပေါ့လေ။တစ်ခေါက်ကအလုပ်ကိစ္စနဲ့၊ ပုဂံဘုရားဖူးဆိုပြီးသေချာရည်စူးသွားခဲ့တာက တစ်ခေါက်တည်းပဲ။ဘုရားဖူးသွားတယ်ဆိုပေမဲ့သိတဲ့အတိုင်းပဲလေ နေရာအစုံကိုရက်တိုတိုနဲ့သွားချင်တော့ဘယ်နေရာမှာမှ သေချာအချိန်ယူပြီး မလေ့လာဖြစ်ခဲ့ဘူး။အခုပြန်တွေးကြည့်ရင်တော်တော်နောင်တရမိတယ်။လက်ကျန်လရောင်ကို နားထောင်ပြီးမှရတဲ့အတွေးက ပုဂံကိုနောက်တစ်ခေါက်သွားမယ်၊ သရပါတံခါးကိုသေချာသွားကြည့်မယ်၊ဘုရားတွေစုံအောင်ဖူးမယ်၊ဘုရားသမိုင်းတွေပြန်ဖတ်မယ်၊အေးအေး ဆေးဆေးပုဂံကိုပတ်မယ်၊မင်းနန်သူရွာကိုသွားလည်မယ်။ မြကျေးနဲ့ဆူးပုတ်တို့ စက်ဘီးစီးခဲ့တဲ့လမ်းမှာ တို့က E Bike စီးရင်း သူတို့ကိုလွမ်းမယ်။ သွားမဲ့အချိန်ကတော့ နေကြာရိုင်းတွေပွင့်တဲ့အချိန်ပေါ့လေ။ ပုဂံနေဝင်ချိန်ကိုငေးမောရင်း အတွေးတွေစုံနေအောင်တွေးမယ်။ ပြီးတော့ ဘုရားတွေကိုထုဆစ်ထားပုံကိုကြည့်ပြီးဘယ်ခုနှစ်ကဆိုပြီးရှင်းပြထားတာကိုလည်း မှတ်သားရတယ်။ဘုရားကျွန်တွေအကြောင်းလည်း သေသေချာချာသိခွင့်ရခဲ့တယ်။ရှေးဟောင်းယဥ်ကျေးမှုနယ်မြေဖြစ်တဲ့အတွက်ကန့်သတ်ချက်တွေထားရှိတာလည်း သိရပါတယ်။ ယွန်းထည်ပြုလုပ်ပုံအဆင့်ဆင့်ကိုလည်း သေချာသိခဲ့ရတာမို့ ပုဂံကိုသွားဖြစ်ရင် ယွန်းထည်လေးတွေဝယ်တဲ့အခါ စျေးမဆစ်မိအောင်နေမယ်။ မြေကြော ဖြတ်တာအပြင်ဘုရားပေါ်မှာပေါက်တဲ့ညောင်ပင်တွေကိုသတ်တဲ့နည်းကအစ သုတဖြစ်ဖွယ်အများကြီးကို မှတ်သားခဲ့ရတယ်။စာလည်းရှည်ပြီမို့ အချုပ်ဆိုရရင် ကျွန်မ ရေးပြတာထက်ကို အများကြီးပိုကောင်းတာမို့ ဖတ်ဖြစ်အောင် (သို့) နားထောင်ဖြစ်အောင် ပြုလုပ်စေချင်ပါတယ်။ လတ်တလောအခြေနေမှာ ကျွန်မအတွေးတွေ ကိုသိမ်းပိုက်ထားတဲ့စာအုပ်လေးပါလို့ ညွှန်းပေးရင်း အဆုံးသတ်ပါရစေရှင်။
နွယ်
Keep Reading