Reviews by Benevolent
ဒေါ့စတိုယက်ဗ်စကီး (Dostoevsky) ဝတ္ထုတွေက အတွေးအခေါ် ဒဿန နဲ့ စိတ်ပညာကို ရစေသလို ဆရာဖေမြင့် ဘာသာပြန်ထားတဲ့ ချက်ကော့ (Anton Chekhov)ရဲ့ လူနာဆောင်အမှတ်ခြောက်(Ward No.6)ဝတ္ထုတိုတိုလေးကလည်း အတွေးနက်စေတဲ့အပြင် ကျစ်လျစ်တဲ့အရေးအသားကို ခံစားရစေတယ်။ ဇာတ်ရှိန်မြင့်စေတဲ့ ဒေါက်တာအန်ဒရေ ရာဂင်နဲ့ လူနာအိုင်ဗင်ဂရိုမော့ဗ် စကားပြောခန်းတွေ၊ ဝေဖန် ဆွေးနွေးခန်းတွေက အတော် အဆင့်မြင့်တယ်။တူရဂေညက်၊ ဒေါ့စတိုယက်ဗ်စကီး၊ တော်စတွိုင်း၊ ချက်ကော့ဗ် စသူတို့က ကမ္ဘ့ာစာပေနယ်တွင် 'ရုရှားစာပေ ရွှေခေတ် ' ဟု ခေါ်ဆိုနိုင်လောက်တဲ့အထိ စာပေခေတ်တစ်ခုကို တည်ထောင်နိုင်ခဲ့ကြတယ်။"ဆေးပညာက ကျွန်တော် တရားဝင်ဇနီးဗျ၊ စာပေကတော့ ကျွန်တော်ချစ်သူပဲ" ဆိုခဲ့ဖူးသူ ဆရာဝန်အလုပ်တစ်ဖက်နဲ့ စာရေးနိုင်ခဲ့တဲ့ ပုဂ္ဂိုလ် တစ်ဦးလည်းဖြစ်တယ်။ဝတ္ထုတို ရေးတဲ့နေရာမှာ ပါရဂူမြောက်သူ ချက်ကော့ဗ် ဖန်တီးမှု အတတ်ပညာအစွမ်းကို ၁၈၉၂ ၊ နိုဝင်ဘာလက စတင်ထွက်ခဲ့တဲ့ (Ward No.6)လူနာဆောင် အမှတ်ခြောက် တွင် အထင်အရှားတွေ့ရနိုင် ၊ခံစားမိစေနိုင်တယ်။
စာမျက်နှာ ၂၁၃ နဲ့ ဒီဝတ္ထုတိုလေးအကြောင်း ဖွင့်ဟကြည့်မိရင် ဂရိုမော့ဗ် အမည်ရှိ ချမ်းသာကြွယ်ဝတဲ့ အစိုးရအရာရှိ တစ်ဦးနဲ့စတင်ထားတယ်။သူမှာ ဆာဂျီ နှင့် အိုင်ဗင် သားနှစ်ယောက်ရှိတယ်။ဆာဂျီက အဆုတ်ရောဂါဖြင့် ကွယ်လွန်သွားတယ်။ဖခင် ဂရိုမော့ဗ် ငွေအလွဲသုံးစားမှုနဲ့အဖမ်းခံရတယ်။ချမ်းသာမှုကနေ ခြူးတစ်ပြားမှ မရှိတဲ့ဘဝသို့ အိုင်ဗင်တို့သားအမိနှစ်ယောက်ရောက်သွားတယ်။အဲ့နောက် ဂရိုမော့ဗ် မိသာစုဆီ ကံကြမ္မာဆိုးက ရေကာတာကြီးကို ခလုတ်နှိပ် ဖွင့်ချလိုက်သလို ဒုက္ခတွေ တရကြမ်းဝင်လာတယ်။
စိတ်ဒဏ်ရာရှိသူ အိုင်ဗင်ဂရိုမော့ဗ်က စာအလွန်ဖတ်တယ်၊ ပတ်ဝန်ကျင်းရဲ့ အသိဉာဏ်ခေါင်းပါးထုံထိုင်းမှုတွေကို အလိုမကျ၊ လူမှုအဖွဲ့အစည်းရဲ့ အတင်းအကျပ်လုပ်မှုတွေကို အဖြူ ၊အမည်းဖြင့်သာ အကဲဖြတ်တတ်တယ်။လုံခြုံမှုမရှိတဲ့ပတ်ဝန်းကျင်နှင့် စိတ်ဒဏ်ရာ အနှောင့်အယှက်တွေက ထူးဆန်းပြီး အမျိုးအမည်မသိ ဝေဒနာတစ်ရပ်ခံစားလာရတယ်။လမ်းပေါ်မှာ ပုလိပ်အင်စပိတ်တာများ လူဖမ်းပွဲ လုပ်နေတာကိုမြင်တဲ့အချိန် ၊ ခိုးမှု ၊ လူသတ်မှု၊ မီးရှို့မှု ဘာပြစ်မှုမှ မကျူးလွန်ခဲ့ဖူး ဒါပေမယ့် ရာဇဝတ်မှုတစ်ခုခုထဲတွင် အမှတ်မထင် ပါဝင်ပတ်သက် သွားနိုင်ကြောင်း၊ မှားယွင်းပြီး အစွပ်စွဲခံရနိုင်ကြောင်း၊ တရားစီရင်ရေး အမှားအယွင်း ဖြစ်သွားနိုင်ကြောင်း စသဖြင့် ပုလိပ်အင်စပိတ်တာများ အိမ်ရှေ့ဖြတ်လျှောက်သွားရင်တောင် အကြီးအကျယ်စိတ်ဒုက္ခရောက်နေတယ်။တစ်ယောက်တည်းအန္တရာယ်စက်ဝိုင်းထဲမှာ ပိတ်မိနေတယ်။အိုင်ဗင်ဂရိုမော့ဗ်ဟာ ပါဆယ်ကူးရှင်း မေးနီးယား ဝေဒနာကို ခံစားနေရသူမှန်း သိသူဖြစ်ပြီး တခါတစ်လေ အကြီးအကျယ် စိတ်ဂနာမငြိမ် ဖြစ်တတ်တယ်။ဆရာဝန် တွေကို ပြန်ပြီးမေးခွန်းထုတ်တတ်တဲ့ လူနာတစ်ယောက်ဖြစ်လာတယ် ။နံရံလေးဖက် ကာရံထားတဲ့အထဲမှာ ပိတ်လှောင်ခံထားရပေမယ့်လူတွေအပေါ် ရှူမြင်တဲ့အတွေးအမြင်တွေက စိတ်ဝင်စားဖို့ကောင်းတဲ့အချက်တွေပါနေတယ်။
"ပျော်ရွှင်ခြင်း၊ စိတ်ချမ်းမြေ့ခြင်းဆိုတာတွေဟာ လူ့ကိုယ်တွင်း အဇ္ဈတ္တသဏ္ဌာန်မှာသာ တည်တယ်၊ ပြင်ပ ဗဟိဒ္ဓလောကမှာ မတည်ဘူး"
အရူးဖြစ်လာမှုလက္ခဏကိုလေ့လာကြည့်မိရင်
မိတ်ဆွေကောင်းတွေကို လူဆိုးလို့မြင်လာတယ် ၊ သူတို့နဲ့ပေါင်းသင်းဆံဆက်ရတာ ဝဋ်ဒုက္ခ လို့မြင်လာတယ်။ပုံမှန်အတိုင်းတည်ငြိမ်အေးဆေး ယဉ်ကျေးစွာ လေသံဖြင့် စကားပြောချင်ပေမယ့် တကယ့်ထွက်လာတဲ့အသံက မျက်နှာကြီး နီမြန်းပြီး ကျယ်လောင်တဲ့အော်ဟစ်သံတွေသာဖြစ်နေတယ်။သိမြင်နားလည်မှု ၊တွေးခေါ်မြော်မြင်မှုတို့ ကင်းစင်သွားကာ စိတ်ခံစားချက်အစွဲတွေသာဖြစ်လာတယ်။ ပုလင်းတစ်လုံးက တံခါးဘောင်ကိုထိကာ အစိတ်စိတ်အမြွှာမြွှာကွဲထွက်လာသလို ငိုသံပါကြီးနှင့် အော်ဟစ်စကားပြောနေတတ်တယ်။ဒီဝတ္ထုထဲမှာပါတဲ့လူ နာတွေကသွက်သွက်ခါအောင်ရူး နေကြတယ်တော့မဟုတ်ဘူး။ ခံပြင်းစိတ်နဲ့ လောကကြီးကိုမကျေနပ်နေတဲ့ လူနာပုံစံမျိုးကိုသာတွေ့ရတယ်။
မထင်မရှား မြို့ငယ်လေးတစ်ခုအတွင်း ဆေးရုံတစ်ခု၊ဆေးရုံနဲ့ သင်္ချိုင်း ဟာ အတူတူသဖွယ်ထင်ရလောက်တဲ့နေရာ၊ စာရိတ္တပျက်ပြားနေတဲ့ ဌာနတစ်ခုဖြစ်ပြီး လူထုကျန်းမာရေးအတွက်အလွန် အန္တရာယ်များလှတဲ့ အခြေအနေတွင် ဇာတ်လမ်းကိုအဓိက ဇာတ်ရှိန်မြင့်ပေးမယ့်သူတစ်ဦး ပေါ်လာတယ်။မိဘတိုက်တွန်းမှုကြောင့် ဆရာဝန်ဖြစ်လာတဲ့ဒေါက်တာအန်ဒရေ ရာဂင် ၊သူကို လေ့လာကြည့်မယ်ဆို ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံနိုင်သူ ၊ ရာဂင်နဲ့ စကားကောင်းကောင်းပြောလို့ရတဲ့ လူ နှစ်ယောက်သာရှိတယ်၊ တစ်ယောက်က လူနာ အိုင်ဗင်ဂရိုမော့ဗ် ၊ နောက်တစ်ယောက်က သူအရမ်းခင်တဲ့ စာတိုက်ဗိုလ် မစ်ခေးလ် သာဖြစ်တယ်။ဒေါက်တာ ရာဂင် (Dr.Reagan) က ဉာဏ်ရည်မြင့်မားတဲ့ စကားဝိုင်းတစ်ခု လူနာတစ်ယောက်နဲ့ နေ့ည မရွေးပြောဖြစ်တယ်။ သူကတော့ စိတ္တဇဆေးရုံ လူနာဆောင်အမှတ်ခြောက်က အလွန်စိတ်ဝင်စားစရာ ကောင်းတဲ့အိုင်ဗင်ဂရိုမော့ဗ်( Ivan Gromov) ဆိုတဲ့ လူနာသာဖြစ်တယ်။ဆရာဝန် ရာဂင်ဟာ လူယဉ်ကျေးပညာတတ်တစ်ယောက်၊ မှားယွင်းချွတ်ချော်မှု ၊အဆိုးတွေကို သူမြင်တယ်၊ မိမိထိခိုက်ခံစားခြင်းမဖြစ်အောင် တစ်ပိုင်းမှန် တစ်ပိုင်းမှား တွေးခေါ်မြော်မြင်ရေးနဲ့ ကာကွယ်ထားတယ်။ တကယ့်ဒုက္ခခံစားနေသူတွေကို သူ့ အတွေးအခေါ်ယန္တရားဖြင့် အဘိဓမ္မာတရားဟောဆရာသဖွယ် ပြောဆိုတတ်တယ်။အနှစ် နှစ်ဆယ်လုံးလုံး တာဝန်ထမ်းဆောင်ခဲ့ပြီး နောက် ပင်စင်လည်းမရ၊ နစ်နာကြေးတစ်စုံတစ်ရာလည်းမရခဲ့ဘဲ ဒေါက်တာ ခိုဘိုတော့ဗ် ကိုသာ လုပ်ပိုင်ခွင့်အကုန်လွဲပေးလိုက်ရတယ်၊အဲ့အရာက သူကို ဝမ်းနည်းစေခဲ့တယ်။ဥပေက္ခာဝါဒီသမားတစ်ယောက်လို့ခံယူထားပေမယ့် ကိုယ်တိုင်နာကျင်ခြင်း ဝေဒနာကြုံရတဲ့အခါ...အခန်းစောင့် နီကီတာ လက်သီးချက်များကို ကိုယ်တိုင် ခံလာရချိန် ဥပေက္ခာတရားကို နှလုံးမသွင်းနိုင်တော့ပါ။
"ငါနှင့်မဆိုင် ၊ ငါအလုပ်မဟုတ်၊ ငါမတတ်နိုင် " ဆိုတာ အမြဲတမ်းမမှန်နေသလို ဥပေက္ခာဝါဒအမြင်ဖြင့် တာဝန်ရှောင်ခြင်းနဲ့သာတူတယ်။ကိုယ်ကိုယ်တိုင်မကြုံသေးဖူးသေးတဲ့အရာကိုတစ်သက်လုံးကိုင်စွဲလာတဲ့ လောကအမြင်ဖြင့် ပါးစပ်ထွက်လာတဲ့ နားလည်ပါတယ်၊ကိုယ်ချင်းစာပါတယ် ဆိုပြီး အပြည့်ဝမခံစားတတ်ကြတာ လူ့သဘာဝပါပဲ။တကယ်တော့ နေသာသလို နေလိုက်ခြင်းတွေက အလုပ်ဖြစ်သေးလားဆိုတာ စာအုပ်ထဲ ဖွင့်ဟကြည့်ပေးပါ။
Please Telegram 🔻
https://t.me/reviewsbybenevolent
Please YouTube 🔻
https://youtube.com/@reviewsbybenevolent?si=mvvS6O5nDVl-ygFi
စာဖတ်ခြင်းကို အချိန်ပေး ပျော်မွေ့နိုင်ကြပါစေ။📖
Benevolent Guy
Sep-24
Keep Reading