Shwe Yee Yee Htut
ရှင်ဘုရင်ဆိုတာ
ဆန္ဒရှိရာကို ပြောနိုင်တဲ့နေရာလို့
ကျွန်တော်ထင်ခဲ့တယ်
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပါ ခင်ဖုန်းသက်ဝေ
အဖိုးတန်ကြယ်လေးတလုံး
ကျွန်တော်ထွန်းထားရစ်ပါတယ်
မျက်စောင်းတွေနဲ့ ပလ္လင်တော်
မပျော်ပဲ ရယ်ပြနေရတဲ့တိမ်တအုပ်
ဗျိုင်းတအုပ် မြူတအုပ်
ဆေးပြယ်စ သင်္ဘောကြီးတွေက
မြစ်လည်မှာတရွေ့ရွေ့
ပြန်တွေ့ကြဖို့ အစီအစဉ်သည်
ရှိ၏ မရှိ၏
ဘာမှမရခဲ့ပါဘူး
ဘာမှမရခဲ့လို့သာ ကဗျာဆရာဖြစ်နေတာလေ
တစ်ခုခုရလိုက်ဖူးရင်
တခြားလူဖြစ်သွားတော့မှာပေါ့ ခင်ဖုန်းသက်ဝေရဲ့
အဲဒီလိုနဲ့ပဲ
ကိုယ့်ပန်းပွင့်ကို ရွက်လိုတိုက်
ဗေဒါပင်လေး မိုက်မိုက်မဲမဲ ထွက်ခွာသွားပါပြီ
ဓားဘယ်နှစ်စင်း
အဲဒီလမ်းမှာခင်းထားပါသလဲ
မြစ်ကလက်မခံတော့ရင် ကမ်းမှာတင်မယ်
ဘယ်ကမ်းမှ လက်မခံတော့ရင်ရောတဲ့
တောင်ပင်လယ်ကိုမျှော်လို့
ပန်းသုံးပွင့်သာလှူပေးကွယ်
သလဲသီးတွေဝယ်ရင်းနဲ့မှ
ဗိုလ်အောင်ကျော်လမ်းက ခိုတွေ
သိပ်နွဲ့တတ်ကြတာသိတယ်
မုန်းစရာကြီးနော် ခင်ဖုန်းသက်ဝေ
ဒီအကြောင်း
ထရန့် နဲ့ မစ္စတာရှီကို မစ်စ်ကောပို့မယ်
အချစ်ထက် ဒေါ်လာဈေးတွေကျော်လာကြောင်း
မနှစ်က တမာပင်ရိပ်ကိုပဲ မဟုတ်လား
အညာသားလေးရောင်းတဲ့ ရခိုင်မုန့်တီတဲ့
ရယ်ရတယ်နော် ခင်ဖုန်းသက်ဝေ
ကျွန်တော်ကလည်း ကျွန်တော်ပါပဲ
တိမ်မြင်မြင် တောင်မြင်မြင်
ခင်ဖုန်းသက်ဝေကိုပဲ တိုင်ပင်ချင်နေမိတယ်
ကမ်းနားလမ်းကိုပြန်တာပဲ ကောင်းမှာပါ
လှိုင်းစကား လေစကားမှာ
ကျွန်တော်လွမ်းကြောင်း ကြားပါရဲ့လား ခင်ဖုန်းသက်ဝေ
“စံရိပ်ငြိမ်အဆောင်” နဲ့ “သစ္စာတည်”
အဲဒီခင်ဝမ်းသီချင်းတွေ ဖွင့်တတ်တဲ့
လက်ဖက်ရည်ဆိုင်လေးကို
မရောက်ဖြစ်တော့တာ ကြာပြီ
ခုနောက်ပိုင်း
စီးကရက်တံဆိပ်အသစ်တွေ သောက်ဖြစ်တယ်
ပြတင်းခန်းဆီး အနီရင့်ရင့်လဲတယ်
ရှောင်ပင်းရဲ့ “I'm sam” ကို ပြန်ကြည့်နေတယ်
“တိမ်ဦးလေပြေမောင့်ကိုစေ” သီချင်းကို
နယူးဗားရှင်းလုပ်ကြည့်တယ်
'မျှော်လင့်ချက်သံသရာမှာလေ' ဆိုတဲ့တကြောင်းမှာ
ကီးတခြမ်းတင်နေတယ်
ဇင်ယော်တွေ တွေ့တော့တွေ့ပါရဲ့
ကျွန်တော် မဖြူစင်ချင်တော့ဘူး ခင်ဖုန်းသက်ဝေ
မီးရောင်လေးပေါ့ ...အဝေးမှာ
တယောက်ယောက်ကို လောင်နေတာဖြစ်မယ်
လသာလိုက်တာလို့
တယောက်ထဲ ပြောနေရတဲ့ဒုက္ခကိုတော့
မုန်းလှတယ်
ကျွန်တော်လန့်နိုးလာတော့
သံချောင်းခေါက်သံ ဆယ့်တချက် ကြားရတယ်
လေးနာရီကို ဘယ်သူထိုးသွားခဲ့ပါလိမ့်ကွယ်
ပြန်အိပ်လို့ မဖြစ်တော့ဘူးလေ
MPT မက်ဆေ့တွေဝင်လာတယ်
ကျွန်တော်တို့နှစ်ယောက်လုံး မုန်းတာတွေက
ခုထိဆက်ဖြစ်နေကြတာခက်တယ်
သံသရာနဲ့ ကျွန်တော်နဲ့
နှစ်ပေါက်တပေါက်ရိုက်ထားတာပြောပြရဦးမယ်
မပြတ်ပါရစေနဲ့ မပြတ်ပါရစေနဲ့လို့ပေါ့
ကြားရဲ့လား ခင်ဖုန်းသက်ဝေ
သနပ်ခါးပန်းလေးတခက်
ခိုင်ထူးရဲ့ “ဝေးကွာခြင်းက တို့အတွင်းမှာ”
“ငှက်လေးတွေကို မမောင်းလိုက်နဲ့နော်” လို့
ရွတ်ပြခဲ့ဘူးတဲ့ မိကောက်ရဲ့ သေတမ်းစာကဗျာတစ်ပိုဒ်
ဘာမှပြန်အမ်းစရာမလိုပါဘူး
လိပ်ပြာရင်ထိုးလေး တခုတောင်ပြန်မအမ်းပါနဲ့
ဆံညှပ်လေးတချောင်းတောင်မှ
ပြန်မအမ်းခဲ့ပါနဲ့
အနံ့စူးစူး လက်သည်းဖျက်ဆေးတစ်ပုလင်း
လော်ရယ် နှုတ်ခမ်းနီအရာထင်ကျန်ရစ်တဲ့
သစ်ခွတံဆိပ် တစ်ရှူးလေးက တစ်ရွက်
ဘာမှပြန်မအမ်းလိုက်ပါနဲ့ ခင်ဖုန်းသက်ဝေ
တန်ရာတန်ကြေးသာ ပေးချေခဲ့တာပါ
စကားထှာလေး ဝှက်ကြည့်မယ်နော် ခင်ဖုန်းသက်ဝေ
ရေကန်အလယ်မှာ ကြာပန်းနှစ်ပွင့်
မိန်းမလှလေးက
လေးယောက် ဖြစ်နေသတဲ့
ဘယ်လိုပန်ကြမှာလဲကွယ်
ပန်းပေးပြီလား ခင်ဖုန်းသက်ဝေ
ပေးတဲ့ပန်းကိုပေါင်းလိုက်တော့
သုံးပွင့်ပြည့်သွားတာပေါ့နော်
ခင်ဖုန်းသက်ဝေက ပန်းပန်စရာမှ မလိုတာကွယ်
“လျှပ်ပန်းလျှပ်မိုး လွမ်းညွှန့်ပျိုးသည်
တိမ်ခိုးခြွေလွင့်စောတော့၏” လို့
နတ်သျှင်နောင်လိုလည်း
ဘာဖြစ်တယ် ညာဖြစ်တယ်
ပလီစိချောက်ချက်နဲ့ နေတိုင် လတိုင်
ကျွန်တော်မပြောတတ်ဘူး ခင်ဖုန်းသက်ဝေ
ကျောခိုင်းလို့မှ ခြေဆယ်လှမ်းမပြည့်ခင်
အရင်နေရာက နည်းနည်းနာလာတယ်
“ရော့နှစ်ပက်
ခင်ဖုန်းသက်ဝေ တခွက်ရောပေးပါ ညီလေး
မှိုကန်စွန်းကို ခင်ဖုန်းသက်ဝေစိတ်ကောက်သလို
ဘောက်ဆပ်ဘောက်ဆပ်လေးကြော်ပေးကွာ
ခရုဆီလျှော့ဟေ့
ခင်ဖုန်းသက်ဝေက မချွဲတတ်ဘူး
မင့် ဟင်းရည်ကလည်းကွာ
ခင်ဖုန်းသက်ဝေမျက်စောင်းလို မချိုပါ့လား
နံနံပင်အုပ်ကွညီလေးရဲ့ ကြည်သွန်ဖြူလေးပါထည့်
သွားတက်လေးလေ ဖွေးကနဲပေါ့
စီးကရက်တပွဲချ
ဘုရင်မနှပ်ဆေး နှစ်ရာဖိုး
ခင်ဖုန်းသက်ဝေများများပေါက်ပေးပါကွာ
အော်...
အရှေ့ကောင်းကင်မှာမိုးတွေညို့ပြီလား
တဆောင်းသစ်ပါတော့မယ် ခင်ဖုန်းသက်ဝေ
တက်တက်ကြွကြွငှက်လေးတွေတောင်
ခုတလော ဆောင်းခိုကြတော့မယ်
အဲဒီ့သေနတ်က ကျည်ဆံမှာ
ကျွန်တော့လိပ်စာ ပါတယ်မဟုတ်လား
သေသေသပ်သပ်ဖိတ်စာမှာ
ပုန်းညက်ပင်ခြေရင်း
အိမ်နံပါတ်က 'ပွတ်သျှကင်' ကွယ်လွန်တဲ့ခုနှစ်
ကဗျာ နှင့် သဲသဲလှုပ်ချစ်တတ်သူများရိပ်သာ
သောကမြို့တော်
မှတ်မိပါတယ်နှော် ခင်ဖုန်းသက်ဝေ
တမြေ့မြေ့ကျွမ်းလောင်ခြင်းမှတ်တိုင်မှာ ဆင်းဖို့
အားလုံးကို ပြောပေးကွယ်
တချက်ထဲနဲ့
သေအောင်ပစ်စေချင်ပါတယ်
ကျွန်တော်ရပ်လိုက်ပါတော့မယ်
ငှက်လေးတကောင်ဖြစ်ပါရစေလို့
ကျွန်တော်ဆုတောင်းပြီးတဲ့အခါ
အားလုံးရပ်လိုက်ပါတော့မယ်
ရက်စက် ယုယစွာ တချက်ထဲပစ်ပါ
ခင်ဖုန်းသက်ဝေရေ...
နတ်ပြည် ဘယ်နှစ်ထပ်မှာတွေ့တွေ့
ကျွန်တော်တို့ မမေ့ကြကြေးလေနော်
ရန်ကုန်ဆိပ်ကိုလည်း သတိရပါ
သီတာဦးကိုလည်း သတိရပါ
ကန်တင်းက မမကြီးဆိုင်ကိုလည်း သတိရပါ
'သိမ်တော်ကြီး' နဲ့ 'ငဝန်ဆိပ်ကမ်း'
'သပြေတန်း' နဲ့ 'ယူကလစ်ပင်'
'ရွှေမြင်းတင်'မှာ တောင်းတဲ့ဆုမှန်သမျှ
ဂွတ်နိုက်ပါ ခင်ဖုန်းသက်ဝေ
ကောင်းသောမနက်ခင်းပါဆိုတာကိုတော့
မနက်ဖြန်မနက်မှာ
မျက်နှာစိမ်း ခိုပြာလေးတကောင်
လာပြောပါလိမ့်မယ်
သူ့ကိုမောင်းမထုတ်လိုက်နဲ့နော် ခင်ဖုန်းသက်ဝေ
ကောင်းရာမွန်ရာ ရောက်ပါစေ
ကျန်းမာပါစေ...
ချမ်းမြေ့ပါစေ...
ကျွန်တော်ကတော့ ငရဲမှာ။ ။
-သန်းတင့်
#poetrycorner
Keep Reading