Reviews by Benevolent
ဒီစာအုပ် မူရင်းစာရေးဆရာ 'ဂျိမ်းဂျွိုက်စ်' က ၂၀ရာစုရဲ့ အကြီးကျယ်ဆုံး စာရေးဆရာတစ်ဦးလို့ အများကသတ်မှတ်ကြတယ်။ စာအုပ်ထဲပါတဲ့ ဒဗ္ဗလင်မြို့ဆိုတာ အိုင်ယာလန်ရဲ့မြို့တော်သာဖြစ်တယ်။ သူ့မွေးရပ်မြို့ကို ပုံဖော်ထားတဲ့ စာအုပ်လို့ ဆိုရမယ်။ တော်တော်များများက အဆိုးမြင်မှုနဲ့ ရေးထားတာဆိုပေမဲ့လည်း ကိုယ့်မွေးရပ်ကိုဘယ်လောက်ပဲ အားမလိုအားမရဖြစ်ဖြစ်၊ အစွဲလေးနဲ့ သတိတရ ရေးထားတယ်။ စိုထိုင်းထိုင်းနဲ့ အားမတန်မှုတွေ၊ လွတ်မြောက်လိုမှုတွေ ပြည့်နေတဲ့ နေရာတစ်ခုလို့ ပုံဖော်ထားတယ်။ ညစ်ပတ်ဟောင်းနွမ်းပြီး မိုးစိုစိုနဲ့ ဗွက်တွေထ၊ လမ်းမီးမှိန်မှိန်အောက်က မြို့တစ်မြို့ရဲ့ပုံစံကို ဖော်ပြထားတယ်။
ဇာတ်ကြောင်းကို အရသာခံချင်သူတွေနဲ့တော့ အဆင်ပြေမှာမဟုတ်ဘူး။ ဂျွိုက်စ် အရေးအသားကို ဖတ်ရတာ မချောဘူး၊ စာထောင့်တယ်၊ ပို့စ်မော်ဒန် အစောပိုင်း အရေးအသားတွေလို့ ဆိုထားကြတယ်။ဂျွိုက်စ်ရဲ့ဟန်တစ်ခုသာဖြစ်တယ်။ဥပမာ လူတစ်ဦးအကြောင်းရေးရင်း လူမျိုးတစ်ခုလုံးကို ခြုံငုံပြတာမျိုး၊ အခြေအနေတစ်ရပ်ကို ပြတာမျိုးလည်း တွေ့ရတယ်။တချို့၀တ္ထုတွေက ဇာတ်လမ်းထွေပြားတယ်။ တချို့ဆို ဇာတ်လမ်းပါတယ်လို့တောင် မဆိုနိုင်ဘူး။
ဆရာ မြင့်သန်းဘာသာပြန်တဲ့ 'ဒဗ္ဗလင်မြို့ကလူများ' စာအုပ်က စာပေစိတ်၀င်စားသူတို့အတွက် လက်မလွတ်သင့်တဲ့စာအုပ်တစ်အုပ်လို့ ယူဆမိပါတယ်။ မြန်မာမှုပြုလိုက်မယ်ဆိုရင် ဂျွိုက်စ်ရဲ့ အရေးအသားမှာ ခိုအောင်းနေတဲ့ အနှစ်သာရ ပျောက်ပျက်သွားပြီး မူရင်းရေးသူကို သစ္စာဖောက်ရာကျသွားမယ်။ အဲဒါကြောင့် စာချောဖို့ထက် စာရဲ့အနှစ်ကို သိနိုင်ဖို့ ရည်ရွယ်ပြီး ဘာသာပြန်တယ်လို့ ဆိုထားတယ်။'ဂျိမ်းဂျွိုက်စ်'လို ပုဂ္ဂိုလ်အရေးအသားနဲ့ ထိတွေ့ချင်သူတွေအတွက်တော့ကောင်းကောင်းကြီး ခူးခပ်ပေးထားတဲ့ ထမင်းဝိုင်းတစ်ဝိုင်းပါပဲ။
ဝတ္ထုတိုစု အမျိုးအစား ပုံစံရေးထားတယ်။ ၀တ္ထုတိုတော်တော်များများ အင်္ဂလိပ်ကိုလိုနီဖြစ်နေရတဲ့ အိုင်ယာလန်ရဲ့ အခြေအနေကို သွယ်ဝိုက်ဖော်ပြထားတယ်။တစ်နည်းပြောရရင် ဒဗ္ဗလင်မြို့ရဲ့ အနိဌာရုံတွေ၊အိုင်းရစ်လူမျိုးတွေရဲ့ အမျိုးသားရေးစိတ်ဓာတ်ကို နိမိတ်ပုံတွေကတဆင့် မြင်ရမယ်။ စွန့်စားခန်းနဲ့ စိတ်လှုပ်ရှားစရာမရှိတဲ့ နေ့စဉ်ဘ၀တွေကိုလည်း တွေ့ရတယ်။ကတ်သလစ်နဲ့ ပရိုတက်စတင့်တွေကြားက ဘာသာရေးပွတ်တိုက်မှုကိုလည်း မြင်ရ၊ တွေ့ရနိုင်တယ်။
"ညီအစ်မ" ဝတ္ထုတိုတွင်တွင် လူငယ်ဘဝ ဖွံဖြိုးမှုကို ဘာသာရေးအခြေခံပြု၊ ယဉ်ကျေးမှုပုံစံ လျော့ပါးသွားစေကြောင်း ဖော်ပြထားတယ်။
"မျှော်လင့်မထားတဲ့ အတွေ့အကြုံ" ဝတ္ထုတိုတွင် မြို့ပြလူများက စိတ်ဆန္ဒတို့ ထက်သန်မှု၊ စွန့်စားလိုမှုတို့အတွက် အားမပေး၊ မထောက်ခံကြောင်းကို ရည်ညွှန်းတယ် ။ဆိပ်ကမ်းကနေ နိုင်ငံရပ်ခြားကိုခွာနေတဲ့ သင်္ဘောတွေကို ကြည့်နေတဲ့ လူငယ်တစ်ယောက်ရဲ့ လွတ်မြောက်လိုမှုကို မြင်ရတယ်။ ရိုမန်သမိုင်းကို သင်နေရတဲ့ စာသင်ခန်းတွေကနေ အမေရိကရဲ့ ကြမ်းတမ်းတဲ့ အနောက်ဘက်လွင်ပြင်တွေဆီ စွန့်စားချင်နေဆဲ လူငယ်တစ်ယောက်အဖြစ်ကိုသာ ပြထားတယ်။
"အာရဘီ" တွင် တတ်ကြွ၊ နိုးထမှု အားကောင်းသော လူငယ်တစ်ဦးကို ဘာသာရေး၊ နိုင်ငံရေး နှင့် စီးပွားရေးများက အကြိမ်ကြိမ် ခြောက်လှန့်နေခဲ့ကြောင်း ကို အလင်းပြထားတယ်။ ကောင်လေးတစ်ယောက် အိမ်နီးချင်း မိန်းကလေးအပေါ် ခံစားမှု၊ ကလေးအမြင် လိုလားမှု၊ ဆန္ဒ တွေက မဖြစ်နိုင်ကြောင်းကို ဖတ်ရမယ်။ လူငယ်တွေဟာဆိုရင် အလိုမကျမှုတွေနဲ့ ကြီးပြင်းနေကြရတယ်။ သူတို့နေထိုင်နေရတဲ့ ပတ်၀န်းကျင်တွင် အခွင့်အလမ်းမရှိဘူး။ လှောင်ပိတ်မှုပဲ ရှိတယ်။
"တိမ်စိုင်ခဲကလေး တစ်ခု" တွင် မိသားစုက သိမှု၊ ဆက်ဆံမှုတွင် ချစ်ခြင်း ကို မတွေ့ရ၊ အမေများကို သတိထားကြည့်စေလိုရန်သာ ရုပ်ပုံလွှာများပါဝင်တယ်လို့ ဆိုရမယ်။
'ဒဗ္ဗလင်မြို့က လူများ' ၀တ္ထုတိုတွေထဲက ဇာတ်ကောင်တွေက အောင်မြင်ပျော်ရွှင်နေသူရယ်လို့ မပါသလောက်သတ်မှတ်လို့ရတယ်။ ခံစားချက်၊ အတွေးအခေါ် တို့က ယိုယွင်းပျက်စီးနေကြတယ်။ ဒဗ္ဗလင်ဟာ စာရိတ္တချွတ်ခြုံကျနေတာမျိုးမဟုတ်ဘဲ ကောင်းတာလေးတွေရှိနေသေးကြောင်း တစ်ခါတစ်ခါပြပါသေးတယ်။လန်ဒန်တို့၊ ပဲရစ်တို့နဲ့ နှိုင်းယှဉ်ရင်တော့ စာရိတ္တအားဖြင့် သာသေးကြောင်း စာရေးသူက အားတင်းပြီး ရင်ဖွင့်ထားတယ်။
စာအုပ်ထဲ ဝတ္ထုတိုတစ်ဆယ့်ငါးပုဒ် လုံးတွင် ဇာတ်ကောင်ဘဝတွေက ဒုက္ခိတ အဖြစ် ရောက်နေကြခြင်း အကြောင်း၊လူတွေက အမျိုးမျိုးရှိပေမဲ့ တူညီတာတစ်ချက်က တက်ကြွမှုကင်းနေတာပဲ။
Please YouTube 🔻
https://youtube.com/@reviewsbybenevolent?si=-k5L_kb5C9VZLk21
Please Telegram 🔻
https://t.me/reviewsbybenevolent
စာဖတ်ခြင်းက အတွေးကို ပြောင်းလဲစေတယ်။📖
Benevolent Guy
Keep Reading