Shwe Yee Yee Htut
"1984"
-George Orwell
George Orwellရဲ့ ပြောင်မြောက်ထူးခြားလောက်အောင် စိတ်ညစ်စရာ၊ မွန်းကြပ်စရာကောင်းလှတဲ့ ကမ္ဘာကြီးတခု၊ ဝတ္ထုတပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ။ အဲ့ဒါကတော့ ကမ္ဘာ့အကောင်းဆုံး စာပေလက်ရာတွေထဲက တခုလို့ အမြဲသတ်မှတ်ခံရတဲ့ "1984"။
"1984" ဝတ္ထုကို 1949မှာ စတင်ထုတ်ဝေခဲ့ပြီး "Dystopian"ဝတ္ထုအမျိုးအစားဖြစ်ပါတယ်။ Dystopian ဆိုတာကတော့ အာဏာရှင်စနစ်ဆိုးရဲ့ ဖိနှိပ်မှုအောက်က ဆိုးယုတ်မှု၊ မတရားမှု၊ ကြောက်ရွံ့တုန်လှုပ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ စိတ်ကူးယဉ်ကမ္ဘာ၊ လူမှုအဖွဲ့အစည်းအကြောင်းကို ရေးဖွဲ့ထားတဲ့ စာပေအမျိုးအစားဖြစ်ပြီး အော်ဝဲလ်ရဲ့ 1984ဟာ ဒီဝတ္ထုအမျိုးအစားထဲမှာဆိုလျှင် ထိပ်ဆုံးက နေရာယူတတ်ပါတယ်။
ဝတ္ထုဟာ "အစ်ကိုကြီး"ဆိုသူ ဦးဆောင်တဲ့ "အိုရှင်းနီးယား" တပါတီအာဏာရှင်နိင်ငံကို အခြေတည်ထားတယ်။ ပါတီဟာ နိုင်ငံသားတွေအပေါ် အဆုံးစွန်သောအာဏာနဲ့ လွှမ်းမိုးထားပြီး အတိတ်၊ဘာသာစကားနဲ့ ပါတီဝင်တွေရဲ့ စိတ်အတွင်းပိုင်းအထိကိုပါ ထိန်းချုပ်ခြင်းဖြင့် ပါတီအဓွန့်ရှည်မှုကို ဆက်လက်တည်တံ့စေတယ်။
ပါတီအတွင်း အာဏာဖီဆန်မှု၊ ဆန့်ကျင်လှုပ်ရှားမှု၊သူပုန်ထမှု၊ ပုန်ကန်မှုမျိုးတွေကို ရှောင်လွှဲဖို့ အလွန်အင်မတန် တင်းကြပ်တဲ့ စည်းမျဉ်း၊ဥပဒေတွေ၊ အုပ်ချုပ်လည်ပတ်ပုံ ယန္တရားတွေနဲ့အတူ "အတွေးပုလိပ်"၊ "တယ်လီစက်"၊ "အသံဖမ်းစက်" ဆိုတာတွေကို နေရာတိုင်းတပ်ဆင်ထားပြီး ကိုယ်အမူအရာ၊ စိတ်အပြောင်းအလဲတွေကို စေ့စေ့စပ်စပ် အချိန်မလပ်စောင့်ကြည့်နေကြတယ်။ တခုခုကျူးလွန်မိရင် သူတို့အပြော "အငွေ့ပျံ" ပျောက်ပျက်သွားပြီး ဘယ်တုန်းကမှ ဖြစ်တည်မှုမရှိခဲ့သူတယောက် ဖြစ်သွားပါလိမ့်မယ်။
ပါတီဝင်တွေကို ပင်ကိုသဘာဝအသိဖြစ်သည်အထိ ကျင့်သားရနေအောင် လေ့ကျင့်ခိုင်းထားတဲ့ အစွန်းရောက် အကျင့်တမျိုးရှိတယ်။ အဲ့ဒါကတော့ "နှစ်ထပ်ကွမ်းအတွေး"။ "နှစ်ထပ်ကွမ်းအတွေး"ဆိုတာကို နားလည်သလောက် ရှင်းပြရရင် အစွန်းနှစ်ဖက်က အတွေးအခေါ်နှစ်ခုစလုံးကို လက်ခံယုံကြည်ထားတဲ့ သဘောမျိုးပါ။ မိမိရဲ့ကိုယ်ပိုင်အတွေးအခေါ်နဲ့ အမှန်တရားကို ဖိနှိပ်၊ ပါတီရဲ့ ပြောင်းလဲနေတဲ့ ထုတ်ပြန်ချက်တွေနဲ့ အခြေအနေ၊ အချိန်အခါတွေကိုလိုက်ပြီး တခြားတဖက်အစွန်းကို လက်ခံနိုင်ခြင်းဟာ "နှစ်ထပ်ကွမ်းအတွေး"ကို ကျင့်သုံးနိုင်တာပဲ။
ဒီ"နှစ်ထပ်ကွမ်းအတွေး"ရဲ့ အကျိုးဆက်အရ ပါတီဝင်တွေဟာ ကိုယ်ပိုင်စဉ်းစားဉာဏ် ယုတ်လျော့လာပြီး၊ ပါတီကသူတို့ရဲ့ စိတ်အစဉ်အပေါ် အတင်းအကြပ်ထိန်းချုပ်မှု ပြုလုပ်ရတာကို ပိုလွယ်ကူလာစေတဲ့အတွက် အမှန်တရားဆိုတာဟာ ပါတီရဲ့ပါးစပ်က ပြောသမျှအရာတွေပဲ ဖြစ်တော့တယ်။
(ဥပမာပြောရရင် "အိုရှင်းနီးယား"နိုင်ငံဟာ အခုပဲ "ယူရေးရှား"နိုင်ငံနဲ့ စစ်ဖြစ်နေတယ်ဆိုရင် အရင်ကလည်း ဒီနိုင်ငံနဲ့ပဲ စစ်ဖြစ်ခဲ့တယ်ဆိုတာကို ယုံနေရမှာဖြစ်တယ်။ ဒါပေမယ့်ခဏချက်ချင်းပဲ ပါတီက "အိုရှင်းနီးယား"ဟာ "အိစတာရှား"နိုင်ငံနဲ့ စစ်ဖြစ်နေတယ်လို့ ပြန်ကြေငြာလိုက်တာနဲ့ "ယူရေးရှား"နိုင်ငံနဲ့ စစ်အကြောင်းကို မေ့လိုက်ပြီး "အိစတာရှား"နဲ့ အရင်ကတည်းက စစ်ဖြစ်ခဲ့တယ်လို့ ယုံကြည်ရမှာဖြစ်တယ်။)
ပါတီရဲ့ ဆောင်ပုဒ်မှာလည်း ဒီသဘောကို တွေ့နိုင်ပါတယ်။
"စစ်သည် ငြိမ်းချမ်းရေး။
လွတ်လပ်ရေးသည် ကျွန်စနစ်.
မသိခြင်းသည် အင်အား။"
"စစ်သည်ငြိမ်းချမ်းရေး"
အမြဲတမ်းစစ်ဖြစ်နေခြင်းအားဖြင့် ပါတီဟာ ပြည်သူတွေရဲ့ အာရုံစူးစိုက်မှုကို ချို့တဲ့ယိုယွင်းပြီး အဖိနှိပ်ခံဘဝကြီးဆီကနေ စစ်အပေါ်ပြောင်းထားနိုင်တယ်။ ပါတီရဲ့ အဖိနှိပ်ခံရခြင်းသည်လည်း စစ်ဖြစ်နေခြင်းဆိုတဲ့ အကြောင်းပြချက်နဲ့ ဖြေသာသွားတယ်။ ပြည်သူတွေကိုလည်း ဒီမပြီးဆုံးနိုင်တဲ့ စစ်ပွဲတွေဟာ တချိန်ငြိမ်းချမ်းရေးအတွက်ဆိုပြီး လှည့်စားထားနိုင်ပြီး အမုန်းတရားတွေ၊ အကြမ်းဖက်စစ်မက်တွေကိုသုံးပြီး ငြိမ်းချမ်းရေးပန်းတိုင်ဆီ မျှားခေါ်တယ်။ ပြည်သူတွေဟာ ပါတီရဲ့လုပ်ရပ်တွေအပေါ် မေးခွန်းထုတ်ချိန်၊ အထွန့်တက်ချိန်မရဘဲ အင်အားကြီးပါတီအပေါ် မှီတည်နေရတယ်။ ဒါကြောင့် ပါတီအတွက်တော့ စစ်ဖြစ်နေတာဟာ ငြိမ်းချမ်းနေတာပဲ။
"လွတ်လပ်ရေးသည်ကျွန်စနစ်"
ပါတီကချမှတ်ထားတဲ့ ငြိမ်းချမ်းရေးဆိုတာဟာလည်း
တကိုယ်ရည်ဆန္ဒတွေနဲ့ အတွေးတွေကို ဖယ်ထုတ်နိုင်ပြီး ပါတီကချမှတ်သမျှကို ဘာမေးခွန်းမှမထုတ်ဘဲ သစ္စာခံ၊လိုက်နာနိုင်ခြင်းကို ခေါ်တယ်။ ပါတီကသာ သူတို့အတွက် မှန်ကန်တဲ့ ရွေးချယ်မှုတွေနဲ့ ဆုံးဖြတ်ချက်တွေ ပြုလုပ်ပေးနိုင်တာလို့ အယုံသွင်းတယ်။ ဒီလိုသာမဟုတ်ရင် ပြည်သူတွေဟာ မှားယွင်းတဲ့ရွေးချယ်မှုတွေ၊ ပြဿနာတွေရဲ့ ကျွန်ဖြစ်ကြရလိမ့်မယ်။ ပါတီအပေါ်ကို မှီတည်ထားမှသာလျှင် လုံခြုံဘေးကင်းပြီး လွတ်မြောက်မှုကို ရရှိနိုင်လိမ့်မယ်။
"မသိခြင်းသည်အင်အား"
အာဏာရှင်တွေဟာ ပြည်သူတွေကို တုံးအစေချင်ကြတယ်။ ငြိမ်ခံစေချင်ကြတယ်။ အဲ့ဒီလိုဖြစ်ဖို့အတွက်လည်း သတင်းအချက်အလက် စီးဆင်းမှုကို ပိတ်ပင်ခြင်း၊ ဆင်ဆာဖြတ်ခြင်း၊ ဖျောက်ဖျက်ခြင်း၊ မဟုတ်မမှန်ဝါဒဖြန့်ခြင်းတွေနဲ့ ပြည်သူတွေရဲ့ အသိဉာဏ်တွေကို ပုံသွင်းကန့်သတ်ထားကြတယ်။ ပြည်သူတွေရဲ့ မသိခြင်းဟာ သူတို့အတွက် အင်အားပဲ။ ပြည်သူတွေဟာလည်း ပါတီရဲ့အမိန့်ကလွဲပြီး တခြားဘာမှကို မသိတော့ခြင်းကြောင့် ပုန်ကန်ခြင်း၊ဖီဆန်ခြင်းဆိုတဲ့အရာတွေဆီကနေ ကင်းလွတ်ပြီးသား ဖြစ်ပါတယ်။
"အစ်ကိုကြီး"ပါတီက စိတ်တွေကို ထိန်းချုပ်နိုင်ရုံသာမကဘဲ အတိတ်ကိုပါ ထိန်းချုပ်နိုင်သေးတယ်။ အဲ့ဒါတွေကိုလုပ်ဆောင်ဖို့အတွက် "မှတ်ဉာဏ်တွင်း"ဆိုတာတွေရှိတယ်။ ပါတီရဲ့ ဝါဒဖြန့်မှု၊ အစ်ကိုကြီးက ဟောပြောခဲ့တဲ့ မိန့်ကြားမှုတွေနဲ့ ခန့်မှန်းမှုတွေကို ကိုက်ညီစေဖို့အတွက် သတင်းအဟောင်းတွေကို ဖျက်ဆီးစေပြီး အသစ်ပြန်လည် တည်းဖြတ်ပေးရတယ်။ မှားယွင်းခဲ့တဲ့ သတင်းအဟောင်းတွေကတော့ "မှတ်ဉာဏ်တွင်း"တွေထဲ ရောက်သွားပြီး မီးလောင်ပြာကျ ပျောက်ကွယ်သွားကြမယ်။ ဒီလိုလုပ်ခြင်းအားဖြင့် အနာဂတ်တချိန်ရောက်တဲ့အခါ ပါတီရဲ့သမိုင်းကြောင်းကို ဂုဏ်တင်စေနိုင်ပါလိမ့်မယ်။
လူတွေရဲ့ "မနောကံရာဇဝတ်မှု"၊ တွေးခေါ် နိုင်စွမ်းကို ပိတ်ပင်ဖို့အတွက် ဘာသာစကားကိုလည်း ပါတီက ချေဖျက်နေပြီး "အင်ဆော့"ဆိုတဲ့ ခေတ်သစ်ဘာသာစကားကို အစားထိုးလာတယ်။ သူတို့ရဲ့ရည်ရွယ်ချက်က ဘာသာစကားကို အသားတွေ ထွင်ပြီး အရိုးချည်းကျန်အောင် လုပ်ရတာပဲ။ "ကောင်းတယ်"ဆိုတဲ့ ဆန့်ကျင်ဖက်ဝေါဟာရဖြစ်တဲ့ "ဆိုးတယ်"အစား "မကောင်းဘူး"ဆိုပြီး ချုံ့ပစ်လိုက်တယ်။ "ကောင်းတယ်"ဆိုတဲ့ ဝေါဟာရထက် ပိုအားကောင်းတဲ့ "ထူးကဲတယ်"၊ "ပြောင်မြောက်တယ်"ဆိုတဲ့ ဝေါဟာရတွေအစား "ထပ်ပေါင်းကောင်းတယ်"၊ ဒီထက်ပိုချင်ရင်တော့ "နှစ်ထပ်ကွမ်းထပ်ပေါင်းကောင်းတယ်"။ ဝေါဟာရတွေနည်းလာလေလေ၊ ဦးနှောက်အသိနည်းလာလေလေ၊ ကိုယ့်ရဲ့တသီးပုဂ္ဂလအတွေးတွေနဲ့ ဆန္ဒတွေကို ဖော်ပြနိုင်ဖို့ ဘောင်နယ်နိမိတ်ကျဉ်းလာလေ ဖြစ်တာကြောင့် ပါတီဝင်တွေဟာ စိတ်ထဲကနေတောင် ရာဇဝတ်မှုကို ကျူးလွန်ဖို့ မဖြစ်နိုင်တော့ဘူး။
ပါတီဟာ အာဏာမြဲဖို့ ဒီလိုအစီအစဉ်တွေကို အကျအနချထားတယ်။ ဒါတင်မကသေးဘူး။ ပါတီဝင်တွေရဲ့ ချစ်ခြင်းတရားတွေနဲ့ လိင်ဆန္ဒတွေကိုပါ ခြယ်လှယ်တယ်။ မိသားစုကြား၊ လင်မယားကြား ချစ်ခြင်းဆိုတာကို မရှိစေဘူး။ လက်ထပ်ပြီးသားလူချင်း ကာမရမ္မက်နိုးထလာအောင် လုပ်ဆောင်ရင် အဲ့ဒါဟာပြစ်မှု။ ပါတီကိုသာ ချစ်ကြည်ညိုရမယ်၊ ပါတီအပေါ်သာ သစ္စာစောင့်သိရမယ်၊ ပါတီအပေါ် သစ္စာဖောက်ရင် "မနောကံပြစ်မှု"ကျူးလွန်ရင် မိသားစုဝင်အချင်းချင်း ညှာတာမှုမထားဘဲ အကြောင်းကြားဖို့အထိ ပါတီက ကလေးဘဝတည်းကစလို့ လေ့ကျင့်သင်ကြားပေးထားတယ်။
အော်ဝဲလ်ဟာ သူ့ရဲ့dystopian လောကကြီးကို သူပုန်စိတ်ရှိနေတဲ့ "ဝင်စတန်"ဆိုတဲ့ ပါတီဝင်တဦးရဲ့ အမြင်တွေ၊အတွေးတွေကနေတဆင့် ပုံဖော်ထားပါတယ်။ ဝင်စတန်ဟာ "အစ်ကိုကြီး"ကို မုန်းတယ်၊ ပါတီရဲ့ လုပ်ရပ်တွေကို ဝေဖန်တယ်၊ ပါတီကချမှတ်ထားတဲ့ စည်းကမ်းတွေကို အစဉ်တစိုက် ချိုးဖောက်တယ်။ ဝင်စတန်ဟာ ပါတီရဲ့ပျက်သုဉ်းခြင်းကို မျှော်လင့်နေသူဖြစ်ပြီး တသီးပုဂ္ဂလ လွတ်လပ်မှုကို တောင့်တသူဖြစ်တယ်။ ဝင်စတန် လွတ်လပ်မှုအပေါ် ခံယူချက်က ရိုးရှင်းတယ်။
"လွတ်လပ်ရေးဆိုသည်မှာ နှစ်နှင့်နှစ်ပေါင်း-လေးဟု လွတ်လပ်စွာပြောဆိုရေးဖြစ်သည်။"
1984ဝတ္ထုဟာ စာဖတ်သူတွေအဖို့ မသေခင် ဖတ်သွားသင့်တဲ့စာအုပ်တွေထဲ အပါအဝင်ဖြစ်ပါတယ်။ အော်ဝဲလ်ရဲ့ ကမ္ဘာသစ်တခုကို ရုပ်လုံးကြွလာအောင် အချိတ်အဆက်မိမိ ဖန်တီးနိုင်စွမ်း၊ခန့်မှန်းလို့မရလောက်အောင် ဇာတ်လမ်းအစီအစဉ် ချထားနိုင်စွမ်း၊ နိုင်ငံရေးအသိအမြင် ကြွယ်ဝမှု၊ တပါတီအာဏာရှင်စနစ်ရဲ့ ဆိုးကျိုးတွေနဲ့ တသီးပုဂ္ဂလ လွတ်လပ်ရေးရဲ့ အရေးကြီးပုံတွေကို ကွက်ကွက်ကွင်းကွင်း ပုံဖော်နိုင်မှုတွေကြောင့် ဒီဝတ္ထုဟာ အချိန်ကာလတွေကို ကျော်လွန်ပြီး ဘယ်အချိန်ဖတ်ဖတ် အမြဲသစ်လွင်ကောင်းမွန်နေမယ့် ဝတ္ထုတအုပ်ဖြစ်နေမှာပါ။
@Bookreview
Keep Reading