Shwe Yee Yee Htut
ဆရာပါပီယွန်ကို ကျွန်တော် စသိခဲ့ရတာက “ပယ်ရီပယ်ရီချစ်ကန်း” စာအုပ်လေးမှာပါ။ အဲတုန်းက ဝယ်ပဲဝယ်ထားပြီး တမျက်နှာမှ မဖတ်ဖြစ်လိုက်ရပါဘူး။ အမှန်အတိုင်းပြောရရင် အခုထိ ကျွန်တော် ဆရာရဲ့ စာအုပ်ဖတ်မိတာ ၂အုပ် ပဲ ရှိသေးတယ်။
ဆရာညီပုလေးပြောသလိုပြောရရင် ဆရာက ပညာစုံတယ်၊ ဘဝစုံတယ် ။ ဒီတော့ ဆရာ့စာတွေ က သူကျင်လည်ကြုံတွေ့ခဲ့ရတဲ့ ဘဝအကြောင်း ၊ ပတ်သက်ခဲ့ဖူးတဲ့လူတွေရဲ့အကြောင်း၊ ကျွန်တော်တို့ ဖြတ်သန်းနေရတဲ့ လူ့လောကကြီးအကြောင်းကို ထင်ဟပ်နေတယ်လို့ဆိုချင်ပါတယ်။ အခုလည်း “ဂွတ်ဘိုင်ဘလတ်ဒီးမေရီ”တဲ့။ နာမည်စ ကြားကတည်းက တော်တော်စိတ်ဝင်စားနေခဲ့မိတာ အမှန်။ တစ်ယောက်ကကျွန်တော်ကို ပြောတယ်။ “ဘလတ်ဒီးမေရီ”ဆိုတော့ သရဲအကြောင်း စာအုပ်ထင်နေတာတဲ့။
ပထမဆုံး ဆရာအောင်ခင်မြင့်ရဲ့ အမှာစာ စဖတ်လိုက်တယ်။ အိမ်နဲ့ဝေးတဲ့ ရေခြား မြေခြား သူများတိုင်းပြည်မှာ အလုပ်လုပ်ကြတဲ့ရွေ့ပြောင်းလုပ်သားတွေအကြောင်းတဲ့။ စပြီးစိတ်ဝင်စားသွားပြီ။ ကိုယ်တိုင်းပြည်မှာပဲ ဆားနဲ့စားရစားရ နေပါ့လား၊ ဘာကိစ္စ သူများတိုင်းပြည်ကိုသွားပြီ အနေဆင်းရဲ၊ အစားဆင်းရဲနေနေကြရတာလဲလို့ ပြောသူတွေပြောကြပါလိမ့်မယ်။ အဲလိုပြောနိုင်တဲ့သူတွေ အားလုံးရော တကယ် ဆားနဲ့ပဲ စားနေကြတာ ဟုတ်လို့လားဗျာ။ စာမျက်နှာ ၅၇ မှာ ဆရာပါပီ က ပြောထားတယ် “လူက ဆင်းရဲလွန်းတဲ့အခါ သေခြင်းတရား ကိုတောင် ပျက်ရဲပြုရဲတာပဲ” တဲ့။ ကိုယ့်အတွက် ၊ ကိုယ့်ဘဝအတွက် ၊ ကိုယ်ထောက်ကန်ထားရတဲ့ ကိုယ့်မိသားစုအတွက် ပိုကောင်းလာပါစေတော့ဆိုတဲ့ မျှော်လင့်ချက်ကို ရင်ဘတ်မှာ အကြေအလည် ဆုပ်ကိုင်ပြီး စွန့်ခဲ့ကြရတာပါ။
WP လို့ခေါ်တဲ့ Work Permit လေးကိုင်ပြီး အလုပ်လုပ်ဖို့ ရန်ကုန်ကနေ စင်ကာပူဆိုတဲ့ မြို့တော် ကြီးကို ရောက်လာခဲ့တဲ့ အသက် (၂၀) ကျော်အရွယ် တိုင်းရင်းသားကောင်လေးတစ်ယောက်။ လုပ်ရတာက အလုပ်ကြမ်း၊ ရတဲ့ ပိုက်ဆံနဲ့ လုပ်ရတဲ့အလုပ်နဲ့က ဘယ်လိုမှမတန်။ ဒီကြားထဲ တစ်ချိန်လုံး ဆဲဆိုကြိမ်းမောင်းနေတတ်သော လူမဆန်သည့် အလုပ်ရှင်တရုတ်တွေ။ ခေါင်းပုံဖြတ်တယ်၊ ဂုတ်သွေး စုပ်တယ်ဆိုတာတွေက အဲဒီမှာ လယ်ပြင် ဆင်သွားသလိုမျိုး လုံးဝ ထင်းထင်းကြီးပေါ့။
နောက်ပိုင်း တဖြည်းဖြည်းနဲ့ နီယွန်မီးတိုင်တွေရဲ့ အလင်းရောင်အောက်မှာ “ကျွန်တော် အိမ်ပြန် ချင်ပြီအဖွားရယ်” လို့ တိုင်တည်ပြီး တရားမဝင် Over-stayed(ဝလုံး) ဘဝရောက်နေရတဲ့ အဲဒီ ကောင်လေးဟာ တိတ်တဆိတ် ငိုကြွေးနေတတ်ခဲ့ရှာပြီ။ နောက် ထိုကောင်လေးလို အလုပ်လာလုပ်သူတို့ရဲ့ မဆုံးနိုင်လှတဲ့ ဒုက္ခတွေ။ ပြည်ကြီးတရုတ် ၊ ဘင်္ဂလားကုလား ၊ ဗမာ အစုံပါပဲ ။ လူအုပ်လိုက်ကြီး ရေလွှတ်ပေးတဲ့ ပိုက်လိုင်းကြီးတွေထဲကနေ အချိတ်အဆက်နဲ့ တစ်နိုင်ငံနဲ့တစ်နိုင်ငံအကြားကို အသက်လုပြီး အပြေးအလွှား ကူးကြသန်းကြရတာတွေ၊ လူ့အောက်ကျတဲ့အလုပ်တွေလာလုပ်တဲ့သူတွေဆိုပြီး ဆယ်ပြားမတန်အောင်ကြည့်တဲ့ အကြည့် တွေကြားမှာ သိမ်ငယ်စိတ်နဲ့နေကြရတာတွေ ၊ တကယ့် ပြင်းထန်လွန်းတဲ့ လူမျိုးရေးခွဲခြားမှုကြီး ဖြစ်ပျက်နေတော့တာပေါ့။
အဲဒီမှာ ဖတ်နေရင်းနဲ့ ဘာသွားတွေ့လဲဆိုတော့ ဒုက္ခရောက်နေသူအချင်းချင်းကူညီတတ်တဲ့ လူသားဆန်သော၊ အမိမြန်မာနိုင်ငံသားပီသသော စိတ်ထားပိုင်ရှင်လေးတွေ သွားတွေ့ရတယ်။ “ဟေ့ကောင် မင်း ဗမာမဟုတ်လား၊ မောင်လေး ဗမာမဟုတ်လား”ဆိုတဲ့ အသံပိုင်ရှင်လေးတွေပေါ့။
နောက် လူမျိုးမတူ ၊ ဘာသာမတူပေမဲ့ အခက်အခဲတွေ ၊ အသက်လုရတဲ့ အခြေအနေတွေကို အတူတူကျော်ဖြတ်ရင်း ရင်ဘတ်ချင်း နီးခဲ့ကြတဲ့ ဇာတ်ဆောင်ကောင်လေးနဲ့ တရုတ်မလေး မေရီလင်း တို့လို ချစ်သူရည်းစားစုံတွဲတွေ။ ဆရာရေးထားသလို ပြန်ပြောရရင် “ရိုမီယိုနဲ့ ဂျူးလိယက်လို မိုက်ရူးရဲ စိတ်ကူးယဉ်ဇာတ်လမ်းထက်ပိုပြီး အဓိပ္ပါယ်ရှိတဲ့ အချစ်တွေအပြည့်နဲ့ပေါ့။” သူတို့ကြားက အချိန်မရွေးထပေါက်ကွဲနိုင်တဲ့ ဗုံးစနက်တံတစ်ခုလို ဘယ်အချိန်မှာ ရဲက လာ ဖမ်းလို့ ၊ ဘယ်အချိန်မှာများ လူမသိသူမသိ ပျောက်ဆုံးသွားမှာလဲ ဆိုတဲ့ ကြောက်လန့်မှုတွေတော့ ပါသေးတာပေါ့ ။
“ဖတ်လို့ကောင်းလား”လို့မေးလာခဲ့ရင် ဒီလိုပြန်ဖြေချင်တယ်။အဆုံးထိဖတ်ပြီးတော့ ကျွန်တော်လေ ဆရာပါပီရဲ့ အမှာစာလေးကိုပြန်တွေးတယ်။ မေရီလင်းကို လွမ်းလာတယ်။ ဆရာ့စာအုပ်လေးထဲက အသားဖြူဖြူ တရုတ်နဲ့တူတဲ့ ဗမာကောင်လေး တစ်ယောက်နဲ့အတူ ကျွန်တော် ထပ်ပြီး လိုက်ငိုမိတော့တယ်။ တစ်ဆယ့်ရှစ်နှစ်လုံးလုံး ရင်ဘတ်ထဲမှာ အံကြိတ်ပြီး အော်ဟစ်နေခဲ့တယ်။ “မေရီလင်းရေ………………ငါပြန်မလာနိုင်ခဲ့ဘူးကွာ……….”တဲ့ ??
Keep Reading