Shwe Yee Yee Htut
ဆရာမ နုနုရည် အင်းဝရဲ့ .. ခေါင်းမော့လိုက်တော့ မင်း .. ခေါင်းငုံ့လိုက်တော့ သူ … ဆိုတဲ့ ဝတ္ထုလေးက သိပ်ထူးခြားပါတယ်။
ဇာတ်လမ်းစပြီ ဆိုကတည်းက ဘွဲ့နှင်းသဘင်ခန်းမ ထဲက ဘွဲ့ယူနေတဲ့ ဇာတ်ဆောင်တွေနဲ့ စ ထားတယ်။ တက္ကသိုလ်မြေမှာ အဆင်ပြေပြေ ပျော်ပါးစားသောက် ခဲ့တဲ့ အပိုင်းတွေကို ချန်ထားပြီး .. ဘွဲ့ရ ပညာတတ် လူငယ်မောင်မယ်တွေရဲ့ ဘဝနဲ့ စ ထားတာပေါ့။ တခြား စာရေးဆရာ/ဆရာမ တွေလို.. ဇိမ်ခံကားပေါ်က ပေါ့ပေါ့ပါးပါးဘဝတွေ မဟုတ်ဘဲ .. ဇိမ်ခံကားပြတင်းပေါက်ကို ဖွင့်ကြည့်မှ မြင်ရမဲ့ ဘဝတွေကို ရေးထားတာလေးဟာ .. သိပ်ကို လက်တွေ့ဆန်လွန်းပါတယ်။ ဇာတ်ဆောင်မင်းသားရဲ့ နာမည်ကိုပဲ ကြည့် … ထွန်းဇော်ထိုက် .. တဲ့။ ကဗျာမဆန် ဝတ္ထုမဆန်တဲ့ .. သာမန် နာမည်ရိုးရိုးလေးပါ .. ။ ဓာတုဗေဒ .. နဲ့ ဘွဲ့ရပြီး .. မိမိပညာ၊ ဝါသနာ နဲ့ ကိုက်ညီတဲ့ အလုပ်တစ်ခုကို .. အသည်းအသန် ရှာနေတဲ့ သူပေါ့။ ဘွဲ့ယူတဲ့နေ့မှာမှ တိုက်တိုက်ဆိုင်ဆိုင် သူ တွယ်ငြိမိတဲ့သူလေးကတော့ .. ဆရာဝန်ဖြစ်ချင်ပေမဲ့ ဓာတုဗေဒဘွဲ့နဲ့ပဲ ဖြေသိမ့်ရင်း ဝါသနာမပါဘဲ စာသင်နေရတဲ့ ကျောင်းဆရာမလေး တစ်ယောက်။ အစ်မကြီးတော့ အမိအရာ ဆိုသလို .. မိခင်မရှိတော့တဲ့ မောင်၊ညီမလေး တွေအတွက် စာသင်နေရတဲ့ ဆရာမလေး ပေါ့.. ။တိတိကျကျပြောရရင်တော့ .. နှာခေါင်းပေါ်မှာ မှဲ့နက်ကလေးနဲ့ “ညို” ဆိုတဲ့ .. ညိုမြင့်မေ.. ။
ဝတ္ထုထဲက စာရေးသူရဲ့ .. အရေးအသားတွေမှာ ပျော်စရာတွေ ရှိမနေပါဘူး ။ ဘဝနဲ့ ဆန္ဒ တစ်ထပ်တည်း မကျနိုင်တာတွေ ဖတ်ရမယ်။ ဘွဲ့လက်မှတ်ကိုင်ပြီး အလုပ်တစ်ခုကို ခက်ခက်ခဲခဲ ရှာဖွေနေရတဲ့ ဘွဲ့ရအလုပ်လက်မဲ့တွေ အကြောင်း ဖတ်ရမယ်။ မြန်မာ့ပညာရေးက ပေးတဲ့ ဘွဲ့လက်မှတ်ဟာ .. အသက်မွေးဝမ်းကြောင်းဖို့အတွက် မလုံမလောက် ဖြစ်နေတာတွေ ကို စာရေးသူက တစေ့တစောင်း မီးမောင်းထိုးပြသွားတာပါပဲ။ ဘွဲ့ရပညာတတ်သမီးရည်းစားနှစ်ယောက် ..အချင်းချင်း စိတ်ကောက်လို့ .. ချော့တာတောင် .. ” အလုပ် လိုချင်တဲ့သူ ပြုံးထားနော်” ဆိုတဲ့ စကားလေးနဲ့ ချော့တာလေးဟာ .. စာဖတ်သူကို ပြုံးနေရင်း ကြေကွဲမိစေပါလိမ့်မယ်..။
ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့်မှာမှ ထုတ်ဝေရတဲ့ စာရေးသူရဲ့ ရည်ရွယ်ချက်ကို စာဖတ်နေရင်း တစွန်းတစ သိမြင်လာရပါလိမ့်မယ်။ ဇာတ်အိမ်ကို ၁၉၈၀/၉၀ ဝန်းကျင် နှစ်ကာလတွေနဲ့ တည်ထားပါတယ်။ အဲ့ဒီခေတ် အဲ့ဒီအခါက ဘွဲ့ရကျောင်းသားတွေ ဘွဲ့လက်မှတ်ကိုင်ပြီး .. ဒုက္ခပင်လယ်ဝေနေတာတွေကို ကွက်ကွက်ကွင်းကွင်း ချပြထားပါတယ်။ ဘွဲ့လက်မှတ်ကလေး အသာ သိမ်းပြီး ပြည်ပမှာ အလုပ် သွားလုပ်နေရတဲ့အဖြစ်တွေကို ဇာတ်အိမ်ထဲမှာပဲ ရေးပြထားပါတယ်။
ဒီနေ့ခေတ် ဘွဲ့ရ တွေနဲ့ .. ဘာတွေ ကွာခြားသွားသလဲ ? အရာရာ အတူတူပဲလား?? ဒီကနေ့ခေတ် ဘွဲ့လက်မှတ်တွေရော ဝမ်းရေးအတွက် အသင့်ဖြစ်နေရဲ့လား?? ဆိုတာကို စာဖတ်သူက ဆက်ပြီး မေးခွန်းထုတ်ရမှာပေါ့။ နှစ် ၃၀/၄၀ အတွင်းမှာ အရာရာဘာတစ်ခုမှ မပြောင်းလဲ မတိုးတက်လာဘူး ဆိုရင်တော့ မြန်မာ့ပညာရေးဟာ တစ်ခုခု လွဲနေပြီပေါ့။ ဒီဝတ္ထုကို ဖတ်နေရင်း .. “ဟင်..!! ငါ့အတိုင်းပဲ …! တူလိုက်တာ..!! “ဆိုပြီး တွေးမိနေရင်တော့ .. ဒီတိုက်ဆိုင်မှုဟာ ဝမ်းသာစရာ မဟုတ်ပါဘူး .. ။ လုံးဝ ကြေကွဲရမဲ့ ပြသနာကြီးပါပဲ။
ဇာတ်သိမ်းခန်းမှာတော့ … တတ်မြောက်ထားတဲ့ ပညာနဲ့ မဆိုင်သလို၊ ဝါသနာလည်း မပါတဲ့ အလုပ်တွေကို လုပ်နေရတဲ့ ဇာတ်ဆောင် လူငယ်စုံတွဲလေးဟာ အဓိပတိလမ်းမပေါ် ခေါင်းငိုက်စိုက်ချကာ လမ်းလျှောက်နေချိန် .. ဘွဲ့နှင်းသဘင်ခန်းမကြီးထဲက .. ပါမောက္ခချုပ်ကြီးရဲ့ .. နိဂုံးချုပ်စကားသံ သဲ့သဲ့လေးနဲ့ .. အဆုံးသတ်ထားတာလေးဟာ .. စာဖတ်သူကို တွေးစရာတွေ အများကြီး ချန်ထားပေးခဲ့ပါလိမ့်မယ်။
အနှစ်ချုပ်ရရင်တော့ လက်တွေ့ဆန်တဲ့ ဝတ္ထုပါပဲ။ လက်တွေ့ အပြင်မှာ မြင်နေကြားနေကျ ဘွဲ့ရပြီး .. ငိုင်နေရတဲ့ ဘဝတွေကို ရေးထားတာပေါ့။ Wrong Message အဖြစ် ရသွားနိုင်တဲ့ Side effect တစ်ခုတော့ ရှိတယ်။ “ပညာသင်တာဟာ .. အလကားပါပဲလား!!!” .. “အစကတည်းက ပိုင်ရာဆိုင်ရာတွေနဲ့ ပေါင်းပြီး ငွေရှာမိခဲ့ရင် အကောင်းသား” ဆိုတဲ့ အသိတွေ ဝင်လာနိူင်ပါတယ်.. ။စာရေးသူရဲ့ ရည်ရွယ်ချက်ဟာ .. အတိတ်က အမှားတွေကို သင်ခန်းစာယူပြီး .. ပြောင်းလဲသင့်တာတွေကို ပြောင်းလဲဖို့ ရည်ရွယ်ထားပုံပါပဲ။ ရသစာရေးဆရာမကြီးရေးထားတဲ့ ရသစာပေမို့ ရသ အနေနဲ့ ခံစားပြီးဖတ်ကြည့်လိုက်ပါလို့ … တိုက်တွန်းလိုက်ပါတယ်။
#Bookreview
Keep Reading