မြ (စံကားဝါမြေ)
သဘာဝဘေးအန္တရာယ်ဆိုသည်မှာ လူတို့၏ အားထုတ်မှုကြောင့် မဟုတ်ဘဲ သဘာဝတရားကြောင့် ဖြစ်ပွားသော ဘေးအန္တရာယ်များကို ဆိုလိုပါသည်။ ဥပမာ- မုန်တိုင်းတိုက်ခြင်း၊ ငလျင်လှုပ်ခြင်း၊ မြေပြိုခြင်းနှင့် ဆူနာမီလှိုင်းများဖြစ်ပေါ်ခြင်းတို့ ဖြစ်ပါသည်။
ယခုလက်ရှိ မြန်မာနိုင်ငံတွင် (၂၀၁၉)ခုနှစ်မှစ၍ ကပ်ဘေးများ ဆိုက်လာကာ ယခုအချိန်တွင် မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူများသည် "ရေကြီးခြင်း" ဟူသော သဘာဝဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရပြန်ပါသည်။
မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် ရေကြီးရေလျှံမှုကြောင့် အသက်အိုးအိမ်၊ စည်းစိမ်ပစ္စည်းများ ဆုံးရှုံးကြရပြီး အရေးပေါ် ကယ်ဆယ်ရေးစခန်းများတွင် စခန်းချ နေထိုင်နေကြပါပြီ။
သို့သော် ယခုလက်ရှိအချိန်ထိ ရေမကြီးသေးသော မြို့တစ်မြို့ကတော့ ရှေးယခင်က "မိုးခေါ်ရေရှား ဒေသ" ဟု ခေါ်ဆိုကြသော "အညာဒေသ ကျောက်ပန်းတောင်းမြို့" ပဲ ဖြစ်ပါသည်။ ကျောက်ပန်းတောင်းမြို့သည် မိုးခေါ်ရေရှားဒေသဖြစ်သည့်အလျှောက် ယခု နေရာအနှံ့တွင် မိုးသည်းထန်စွာ ရွာသွန်းနေသော်လည်း ကျွန်မ၏မြို့လေးသည် တဖွဲဖွဲ၊ တစိမ့်စိမ့်သာ ရွာသွန်းလျက်ရှိသောကြောင့် မြေကြီးများသည် ရေကို စုပ်ယူနိုင်စွမ်း ရှိသေးသည့်အတွက် ရေကြီးမှု မဖြစ်ပွားသေးခြင်း ဖြစ်ပါသည်။
ကျွန်မ၏မြို့သည် ရှေးယခင်မှ ယခုအချိန်ထိ ပုပ္ပါးတောင်ပေါ်မှ အောက်သို့ စီးကျလာသော တောင်ကျချောင်းရေကိုသာ အမီပြုသုံးစွဲနေခဲ့ရသော မြို့တစ်မြို့ပါ။ ယခုအခါ မိုးအဆက်မပြတ် ရွာသွန်းသည့်အတွက် ကျောက်စည်များ၊ ဥက္ကာန်များ၊ ရေကာတာများ ပြည့်ရုံမျှသာ ရှိပါသည်။
ယခုကဲ့သို့ မိုးရွာသွန်းပြီး ရေများပြည့်လျှံနေသောအခါ ကျွန်မ၏ ဆရာမတစ်ဦး ပြောခဲ့ဖူးသော စကားလေးတစ်ချို့အား သတိရမိပါ၏။ ဆရာမပြောခဲ့ဖူးသော စကားလေးသည် "ကျွန်မ ကျောင်းဆရာမအလုပ်ကို စတင်အမွေရခဲ့တဲ့ မြို့လေးကတော့ အညာဒေသက "ခုနစ် (ခွန်)" ကို (ခွင်) လို့ သုံးနှုန်းသော မိုးခေါင်ရေရှား ဒေသလေးပေါ့ရှင်" ဟူ၍ ဆရာမ၏ စကားလေးအား ပြန်လည်ကြားယောင်မိပါသည်။
ကျွန်မ၏အိမ်သည် ရေပေးသော စက်တွင်းနှင့် တစ်လမ်းသာ ခြားပါသည်။ ကျွန်မတို့ ငယ်စဉ်အခါက ရေစည်များတွန်းပြီး ရေသယ်ကြရပါသည်။ ရေစည်များကို အလှည့်ကျ တန်းစီရာတွင် နောက်နေ့ ရေရဖို့အတွက် ယနေ့ညနေကတည်းကပင် ရေစည်များ တန်းစီထားရပြီး နောက်နေ့ မနက်ကြီး (၄)နာရီအချိန်တွင် စတင်ပြီး ရေရှိရန် တန်းစီကြရပါသည်။ ရေတန်းစီကြသော ရေစည်တန်းကြီးသည် တစ်လမ်းလုံးအပြည့် (၂)မိုင်လောက်ထိကို ရှည်လျားလှပါသည်။ ကျွန်မတို့ ရေတစ်စည်ရပြီး နောက်တစ်စည် ရရှိရန် ကြာချိန်သည် အချိန်(၃)နာရီမျှ ကြာမြင့်ပါသည်။ အချိန်ကြာသောကြောင့် မစောင့်နိုင်လျှင် မိမိ၏ ရေစည်လှည်းသည် နောက်တွင် ကျန်ခဲ့ပြီး ကြားဖြတ်ဝင်သွားကြပါလိမ့်မည်။ ထို့ကြောင့် အချိန်မည်မျှပင် ကြာစေကာမူ ကျွန်မတို့ မညည်းမညူဘဲ စောင့်ဆိုင်းခဲ့ကြရပါသည်။
လွန်ခဲ့သော (၂)လခန့်က ကချင်ပြည်နယ်တွင် ရေကြီးမှုများ ဖြစ်ပေါ်ခဲ့ရာ ကျွန်မ၏ ဆရာ/မများအတွက် အတော်လေးကို စိတ်ပူခဲ့ရပြီး ကျွန်မတတ်နိုင်သရွေ့လည်း ဒါနပြုနိုင်ခဲ့ပါသည်။
ယခုအချိန်တွင် အမြို့မြို့၊ အနယ်နယ်ရှိ ပြည်သူများအတွက် ကျွန်မတို့သည် တစ်ထောင့်တစ်နေရာမှ "အုတ်တစ်ချပ်၊ သဲတစ်ပွင့်" ပမာ ကူညီပါဝင် အားဖြည့်ပြီး ဆုတောင်းမေတ္တာများ ပို့သပေးကြရမည်မှာ ကျွန်မတို့ ဘေးအန္တရာယ်မသင့်သေးသော ပြည်သူများ၏တာဝန်သာလျှင် မလွဲဧကန် ဖြစ်ပေတော့သည်။
ထို့ကြောင့် ယခုအခါ မြန်မာနိုင်ငံအတွင်း ရေဘေးသင့်နေကြသော ပြည်သူများအားလုံးအတွက်လည်း သဘာဝဘေးအန္တရာယ်ထဲတွင် တစ်ခုအပါအဝင်ဖြစ်သော ရေကြီးမှုမှ လွတ်မြောက်နိုင်ရန် ကျွန်မတို့ စုပေါင်းပြီး ဆုတောင်းမေတ္တာပို့သကြရပါမည်။ မြန်မာနိုင်ငံသူ/သားများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးနိုင်ပါစေဟု ဆုတောင်းမေတ္တာပို့သလျက် ယခုဆောင်းပါးလေးအား နိဂုံးချုပ်အပ်ပါသည်။
စာဖတ်သူများအားလုံးကို ချစ်ခင်လေးစား ကျေးဇူးတင်လျက်.....
✍️ မြ (စံကားဝါမြေ)
#SarPhat
#Mya_Kyaukpadaung
16.9.2024(Monday)
Keep Reading