Leo Nann
"ဒူ...ဒူ....ဒူ"
ဧကရာဇ် ရေချိုးတက်ပြီးနောက်
ခေါင်းကိုတဘက်ဖြင့်ရေခြောက်အောင်သုတ်နေစဥ် ဖုန်းဝင်လာခဲ့သည်။
"ဟယ်လို"
"ဟျောင့်သားကြီး....မင်းပြန်ရောက်နေပြီကြားလို့။ငါ့တောင်အကြောင်းမကြားဘူးကွာမင်းက"
"အေ့....မင်းအနံ့ရတာ မြန်လှချည်လားကွ"
"ဟိုကောင် မင်းထက်ပြောလို့သိတာ...လေဆိပ်ကိုသူသွားကြိုတာဆို"
"အင်း"
"ငါတို့မတွေ့တာလဲကြာပြီဆိုတော့ မင်းပြန်လာတဲ့အထိန်းအမှတ်နဲ့ တစ်ဝိုင်းကျွေးမယ်ကွာ။မင်းနဲ့အလုပ်ကိစ္စဆွေးနွေးစရာလည်းရှိသေးတယ်။မင်းလာခဲ့၊ငါ locationပို့လိုက်မယ်"
"Okayလေ...ငါထွက်လာခဲ့မယ်"
ဧကရာဇ်ဆိုသည်မှာ သည်လိုလူမျိုးပါ။
သူများက စပြီး ခခယယခေါ်ချင်ခေါ်၊မဟုတ်ရင် အရေးမစိုက်တဲ့ အချေဆန်လူသားတစ်ဦးပဲဖြစ်ပါတယ်။
အလုပ်ကိစ္စမှလွဲ၍ ဘာမှသိပ်စိတ်မဝင်စား။
Londonမှာတစ်ယောက်တည်းခုနှစ်နှစ်ခန့် နေခဲ့၍လားမပြောတတ်၊လူကြားသူကြား
ထွက်ရတာ သိပ်မကြိုက်လှ။ဧကရာဇ်က ဆူညံပူညံသံတွေလည်း သဘောမကျ။
အခုလည်း မိဘတွေနဲ့အတူမနေဘဲ သီးသန့်ဝယ်ထားသောစံအိမ်မှာ တစ်ယောက်ထဲ လာနေလေ၏။မြန်မာပြည်ကို ပြန်ရောက်တာ တစ်ပတ်ပင်ပြည့်ခဲ့ပြီဖြစ်သည်။
သို့သော် အိမ်ထဲမှ အပြင်တစ်ခါမှမထွက်သေး။
နိုင်ငံခြားမှာကတည်းက ကြိုတင်စီစဉ်လာသော
လုပ်ငန်းကိစ္စများဖြင့်သာ တစ်ပတ်လုံး နပန်းလုံးနေခဲ့သည်။မြန်မာနိုင်ငံအခြေစိုက် ကုမ္ပဏီက ဘုတ်အဖွဲ့များနှင့်လည်း တွေ့ဆုံပွဲတက်ရန် ကြိုတင်ပြင်ဆင်နေရသေး၏။ကုမ္ပဏီတွင် ငွေအလွဲ
သုံးစားလုပ်မှုဖြင့် ဘုတ်အဖွဲ့က ဖယ်ရှားလိုက်သောCEO
နေရာတွင် ရှယ်ယာ အများဆုံးဖြစ်သည့် ဧကရာဇ်က လက်လွှဲယူခဲ့ပြီမဟုတ်ပါလော။
သည်နေရာကို လွယ်လွယ်ကူကူရခဲ့သည်တော့မဟုတ်။
နိုင်ငံခြားတွင် စီးပွားရေး ဘွဲ့ရပြီးကတည်းမှ စီးပွားရေးလောကကို ကိုယ်တိုင်ခြေဆန့်ကြည့်ခဲ့သည်။အတိုက်အခံ အပြိုင်တွေကြားမှ ကြိုးစားလာခဲ့ရာ ယခုဆိုလျှင်
CEOတစ်ဦးဖြစ်လာခဲ့လေပြီ။စီးပွားရေးလောကတွင် သျှားဧကရာဇ်ဆိုလျှင် မသိသူမရှိလောက်အောင် နာမည်ကြီးသူလည်း ဖြစ်ခဲ့ပြီဖြစ်၏။ Media ကြား လူလုံးထွက်မပြသော နိုင်ငံခြားကသူဌေးဟုသာ လူသိများ၏။Londonမှာနေ၍
မြန်မာပြည်က လုပ်ငန်းများကို နောက်ကွယ်ကသာ ညွှန်ကြားနေခဲ့ရာ ယခုတစ်ခါမှာတော့ သေချာပြင်ဆင်ထားပြီး လူလုံးထွက်ပြတော့မည်ဖြစ်သည်။
လုပ်ငန်းများတွင်သာ ခေါင်းနှစ်ထားသော ဧကရာဇ်အဖို့ အပြင်မထွက်ဖြစ်သည်မှာ အဆန်းတော့မဟုတ်။
အခုတော့ မတွေ့တာကြာပြီဖြစ်သောကျောင်းနေဖက်သူငယ်ချင်းသူရိန်က ဖုန်းဆက်ပြီး မင်းထက်တို့အုပ်စုနှင့်အတူတွေ့ကြရန်ချိန်းသဖြင့် သူ သွားရန်ပြင်လိုက်သည်။
အဝတ်အစားလဲပြီးနောက် ကားကို ကိုယ်တိုင်မောင်းကာ
ထွက်လာခဲ့လိုက်သည်။ခြံတံခါးမှာ control modeထားရှိသဖြင့် လူကိုယ်တိုင်ဆင်းဖွင့်ရန်မလိုပါ။
ဧကရာဇ်ထွက်သွားချိန် အိမ်တော်ထိန်းကြီးဦးကိုကိုကတော့ ခြံထဲက ခုံတန်းကလေးမှာ စာအုပ်ဖတ်ရင်းကျန်ခဲ့လေတော့သည်။အိမ်ထိန်းကြီးဦးကိုကိုမှာ အသက်၃၉နှစ်ဟုမထင်ရလောက်အောင် ခန့်နေသေးသည်။အိမ်
တော်ထိန်းဖြစ်သည့်အားလျော်စွာစည်းကမ်းကြီး၏။
ဝတ်ပုံစားပုံ၊နေပုံထိုင်ပုံကအစ သေသပ်ပြီး အိန္ဒြေကြီးသည့်အသွင်ရှိသည်။
ဧကရာဇ်၏ အိမ်ထိန်းဖြစ်၍လားပင်မပြောတတ်၊ဧကရာဇ်ကဲ့သို့ပင် စကားနည်း၏။
ဤစံအိမ်ကြီးတွင် မိန်းမသားဟူ၍တစ်ယောက်မှမရှိ။ဧကရာဇ်က မိန်းမတွေကို သိပ်အမြင်မကြည်သဖြင့်
အိမ်ဖော်မိန်းကလေးများပင် မထားချေ။အိမ်မှုကိစ္စတွင်အချက်အပြုတ်ကအစ ပိုင်နိုင်သော အမျိုးသားအိမ်ထိန်းကြီးဦးကိုကို တစ်ဦးတည်းကိုသာ လစာကောင်း
ကောင်းဖြင့် စာချုပ်ချုပ်ထားခြင်းဖြစ်၏။
သူ့အဖို့မိန်းမတွေကို အမြင်မကြည်ခြင်းက
အကြောင်းမဲ့တော့မဟုတ်။
သျှားဧကရာဇ်၏ဘဝမှာ ပထမဆုံးတွဲခဲ့ဖူးသော အချစ်ဦး မိန်းကလေးက ရက်စက်သွားခဲ့သည်။
ဒါ့ကြောင့် သူ၏မိခင်မှလွဲ၍ မိန်းမဆိုလျှင် လှည့်၍ပင်
မကြည့်ချင်လောက်အောင် မုန်းနေတော့သည်။
ပျော်ပျော်နေတတ်သော ဧကရာဇ်က သစ္စာမရှိသောမိန်းမတစ်ယောက်ကြောင့်ယခုလို
အေးစက်စက် ယောက်ျားတစ်ဦးအဖြစ်ပြောင်းလဲလာခဲ့ခြင်းပင်။
------------------------------------------------
သျှင်နန်း ကားပေါ်က ဆင်းလိုက်တယ်ဆိုရင်ပဲ မွှေးပျံ့သောပန်းရနံ့က နှာခေါင်းထဲသို့ ဝင်လာခဲ့သည်။
သူမရောက်နေသော စံအိမ်ကြီးကို ကိုယ်လေးတစ်ပတ်လှည့်ကာ တအံ့တဩကြည့်နေမိတော့၏။
ဝင်းတံခါးမှအိမ်ပေါက်ဝခပ်လှမ်းလှမ်းနားအထိ ပုဏ္ဏရိတ်အနီတို့က တစ်ဖက်တစ်ချက်စီတွင် ရဲနေအောင်ပွင့်နေသည်။
အဖြူရောင်စံအိမ်ကြီး၏နံရံတွင် နွယ်နှင်းဆီတို့က အနွယ်လိုက်ကပ်တွယ်လျက် အဆုပ်အဆုပ်နှင့်ပွင့်နေရာ လေတိုက်တိုင်း နှင်းဆီနံ့ကထုံသင်းလျက်။ အိမ်ရှေ့ခြံတံခါးသို့ မရောက်မီအထိလျှောက်လမ်းအားအုတ်ပြားများခင်းထားပြီး ဘေးဘက်တွင် အကျအန ထိန်းသိမ်းထားသော မြက်ခင်းစိမ်းစိမ်းက အိမ်ဖြူကြီး၏ အလှကိုပို၍ထင်းနေစေ၏။
သျှင်နန်းတစ်ယောက် စံအိမ်ကြီး၏အလှတွင် ခေတ္တမျှ မိန်းမောသွားဟန်တူသည်။
"သမီးလေး သျှင်နန်း...လာလေ"ဆိုသော ဒေါ်မြသီတာ၏
အသံကြားတော့မှ ငေးနေရာက သတိပြန်ဝင်လာပြီး
ပြုံးပြလိုက်မိသည်။
သျှင်နန်းကလေးက ဒေါ်မြသီတာနှင့်အတူ ဦးငယ်၏အိမ်သို့ အလည်လိုက်ခဲ့ခြင်း ဖြစ်သည်။
သျှင်နန်း၏မေမေက ဒေါ်မြသီတာတို့ အိမ်ကို အုန်းနို့ခေါက်ဆွဲသွားပို့ခိုင်းရာက ဦးငယ်၏အိမ်ကို သွားမည့် အန်တီမြက အလည်ခေါ်လာခြင်းဖြစ်သည်။
"သားဧကရာဇ်ရော....မတွေ့ပါလား။ဘယ်သွားလဲ။အပေါ်ထပ်မှာလား။"
"သခင်လေးက လွန်ခဲ့တဲ့နှစ်နာရီလောက်ကတည်းက အပြင်ထွက်သွားတယ်။ကျွန်တော့်ကိုတော့ ဘယ်သွားမယ်လို့ ပြောမသွားပါဘူး...မမကြီး။"
"ဒီကလေးကတော့လေ....ဖုန်းလေးဆက်ပြီးတောင်
ပြောမသွားဘူး။"
"မမကြီးအတွက် ကျွန်တော်ဘာယူလာပေးရဦးမလဲဗျ။
အပူသောက်မလား။အအေးသောက်မလား။"
"ရပါတယ်...တို့အတွက်ကနေပါစေ။သျှင်နန်းလေးအတွက်သာ ကော်ဖီဖျော်ခဲ့ပေးလိုက်ပါ။"
အန်တီမြက ဘေးမှာထိုင်နေသော သျှင်နန်းလေးဘက်သို့
လှည့်ကာ
"သမီးရဲ့ဦးငယ်က အိမ်မှာမရှိဘူးတဲ့ကွယ်။သျှင်နန်းလေးလာလည်မှပဲ သားကမရှိတာနဲ့ကြုံနေတယ်။"
"ရပါတယ်အန်တီမြ။"
"မင်းလုပ်စရာရှိတာသွားလုပ်ပါ။တို့တွေကို သိပ်စိတ်ထဲမထားနဲ့။သားကိုနောက်နာရီဝက်လောက်ထပ်စောင့်နေလိုက်မယ်။"
"ဟုတ်ကဲ့မမကြီး။"
ကော်ဖီခွက်ကို သျှင်နန်းလေးရှေ့ချထားခဲ့ပြီးအိမ်တော်ထိန်းကြီး ဦးကိုကိုတစ်ယောက် ခြံအနောက်ဖက်က ခရေပင်တွေဘက်သို့ ထွက်သွားခဲ့သည်။
"အန်တီမြ..."
သျှင်နန်းတစ်ယောက် ကော်ဖီသောက်နေရင်းက ဒါ်မြသီတာကို
ပြုံးပြုံးကလေးကြည့်ကာ ခေါ်လိုက်ခြင်းပင်။
"ပြောလေသမီး"
"ဟိုလေ...နန်း...ခြံထဲကပန်းတွေသွားကြည့်လို့ရလား။"
"သွားကြည့်ချေပါရှင်။အန်တီမြလည်း စာဖတ်ရင်းပဲစောင့်နေလိုက်မယ်လေ။"
သျှင်နန်း ကော်ဖီကို ကုန်အောင်သောက်လိုက်ပြီးနောက် ခြံထဲကို အပြေးလေးထွက်လာခဲ့သည်။
မွန်းတည့်နေချိန်လောက်ဖြစ်သော်လည်း သစ်ပင်ရိပ်များကြောင့် ခြံကြီးက အေးမြမြရှိလှ၏။ ပုံဏ္ဏရိတ်ပင်များကြားတွင် လိပ်ပြာတို့က ဟိုသည်ကူးခတ်ပျံသန်းနေကြသည်။
ခါးတစ်ဝက်ခန့်ရှိသော ထိုအပင်ကလေးတွေအနားတွင် အနီရောင်ခုံတန်းလျားလေး ရှိနေ၏။
သျှင်နန်းက ပန်းကလေးတွေကြည့်ရင်း ခုံတန်းလေးပေါ်ဝင်ထိုင်လိုက်သည်။
ခြံ၏ အနောက်ဘက် သို့ သွားကြည့်ချင်နေသေးသော်လည်းဦးကိုကိုကထိုဘက်တွင်ရှိနေ၍ သျှင်နန်းမသွားရဲ။ခုံတန်းကလေးပေါ်တွင်ထိုင်ရင်း
အိမ်ဖြူကြီးကိုသာ လှမ်းငေးနေမိတော့၏။လေကလည်းတဖြူးဖြူးကလေးနှင့်မို့ အတော်နေ၍ကောင်းလှသည်သာ။
ထိုစဉ် ခြံထဲသို့ အနက်ရောင်ကားတစ်စီးဝင်လာလေ၏။
"ဟင်...ဦးငယ်များပြန်လာတာလားမသိဘူး......။ဦးငယ်က ဘယ်လိုပုံစံများ ဖြစ်နေလောက်မလဲတာ။နှုတ်ခမ်းမွှေးတွေပေါက်ပြီးရုပ်ဆိုးကြီးများဖြစ်နေမလားတာ...ဟိဟိ။"
သျှင်နန်း သူ့ဘာသာတွေပြီး ပါးစပ်ကို လက်ကလေးနဲ့အုပ်ကာ ရယ်မိသွား၏။ သူ့အရှေ့က ကားဖြတ်သွားတော့မှအိမ်ဘက်သို့ သွားရန်ထလိုက်တော့သည်။
ဆက်ရန်.......
------------------------------------------------
အဆုံးထိဖတ်ပေးခဲ့ကြတဲ့ စာဖတ်သူတစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်ရှင့်။
အားလုံးကိုအစဉ်လေးစားလျက်... Leo
Keep Reading