Leo Nann
နှုတ်ခမ်းပါးကို
သွေးထွက်ပြီး
တဆတ်ဆတ်တုန်နေသည်အထိ
ဖိကိုက်ထားမိတယ်။
ခံပြင်းလွန်းလို့......
နာကျင်ရခြင်းတွေ...
ခံစားချက်မပါတဲ့ ဝင်သက်ထွက်သက်တွေ....
အော်ဟစ်ငိုကြွေးပစ်လိုက်လို့ မဖြစ်တဲ့နေ့ရက်တွေ.......
မပြည့်နိုင်တော့တဲ့တောင်းဆုတွေ......
လွင့်မြောနေတဲ့ အိပ်မက်တွေ.......
မစခင်က ဇာတ်သိမ်းသွားတဲ့ အခွင့်အရေးတွေ......
ငါပိုင်ဆိုင်တာဒါအကုန်ပဲတဲ့။
ဒီခေတ်မှာ လူဖြစ်လာရတာ လူဖြစ်ကျိုးမနပ်ခဲ့ဘူး။
ပျော်ရွှင်စရာတွေ အများကြီးမရှိခဲ့ဘူး။
ဘယ်ဘဝက ဝဋ်ဖြစ်လေသည်လည်းမသိ။
ဒုက္ခပင်လယ်ဝေခဲ့ရတယ်။
အိပ်မက်တွေရိုက်ချိုးခံရတယ်။
သိမ်ငယ်ခြင်းတွေကို လက်ဆောင်ရခဲ့တယ်။
တောက်ပလာမဲ့ အနာဂတ်လေးကြိုးပဲ့ခဲ့ရတယ်။
မျက်ရည်နှောတဲ့ စိတ်ကူးလေးတွေသာ
အဖော်အဖြစ်ကျန်ရစ်ခဲ့တယ်။
ခေတ်ကြီးက အပြုံးတွေကို ခွာယူသွားတယ်။
အမျိုးစုံ ကြိုးခုန်ပြီး
ဖိနှိပ်လာတဲ့ လောကကြီးမှာ
ငါဟာ အဘယ်သူလဲ။
ငါဟာ လောကအလယ်က လူငယ်တစ်ယောက်သာမဟုတ်ပါလား။
အရွယ်နဲ့မမျှတဲ့ နာကျင်မှုကြီးတွေကို
လောကဓံက ပေးခဲ့ပြီးပြီ။
အဆိုးတွေကို ကြုံရလွန်းလို့ ထုံသွားခဲ့ပြီ။
အသက်မသေသရွေ့
သစ်တက်ပေါက်ပေါက်တဲ့
သစ်ငုတ်လို
တတ်နိုင်သမျှတော့ ကြိုးစားနေရဦးမယ်။
ပြိုလဲနေရတဲ့အချိန်တွေဟာ အမြဲမဖြစ်စေရဘူး။
ပြန်ထဖို့၊ကောင်းတယ်ဆိုတာထက်ပိုကောင်းဖို့
အချိန်ယူတယ်ဆိုတာမျိုးဖြစ်ရမှာပေါ့။
ကျထားတဲ့မျက်ရည်တွေကို
အလကားမဖြစ်စေရဘူး။
မထိုးခင်တစ်လှမ်းဆုတ်တဲ့
အနေနဲ့ ခွန်အားတွေအဖြစ်ပြောင်းပစ်ရမှာပေါ့။
တို့လူငယ်တွေဟာ
အနာဂတ်ပျောက်သူကပျောက်၊
တိမ်တွေပေါ် အိမ်ဆောက်သူကဆောက်နဲ့
သိပ်မဟန်တော့ဘူး။
မေးခွင့်သာရခဲ့ရင် "လောကကြီးရေ
ကျွန်တော်တို့ ဘာအပြစ်ရှိလို့လဲ"ဆိုပြီး
မေးဖြစ်ခဲ့ဦးမှာပါ။
ကံကိုပဲ အပြစ်တင်တော့
လူညံ့ဖြစ်သတဲ့။
ဒီတော့လည်း
ကိုယ့်လမ်းကိုလျှောက်၊
ကိုယ့်လမ်းကိုယ်ဖောက်ပြီး
နောက်မဆုတ်တမ်း ရုန်းရုံပဲလေ။
လူငယ်လေးတစ်ယောက်
အရှုံးပေးခါနီး လမ်းခုလတ်မှာ
အလင်းရောင်သဲ့သဲ့ကလေးတွေ့မိတတ်ပါရဲ့။
အဲ့ဒီအလင်းရောင်လေး နာမည်က
မျှော်လင့်ချက်တဲ့။
အသက်ရှင်သရွေ့၊မျှော်လင့်ချက်ရှိနေသရွေ့
အရှုံးမပေးသရွေ့ မရှုံးသေးဘူးတဲ့လေ။
မွေးတုန်းကလည်း
တစ်ယောက်တည်း၊သေတဲ့အခါလည်း
တစ်ယောက်ထဲပဲ ဖြစ်မှာမို့
တစ်ယောက်ထဲဖြစ်နေတော့လည်း
အားငယ်စရာမရှိပါဘူး။
နားလည်နေပြီလေ။
"အသက်ရှင်သန်ရခြင်းရဲ့အဓိပ္ပာယ်"ကို။
အရှံူးပေးလိုက်လို့
မဖြစ်သေးဘူး။
လူဖြစ်ကျိုးနပ်အောင်
လုပ်ရဦးမယ်။
သဘာဝတရားကြီးရဲ့အလှကို ခံစားကြည့်ရဦးမယ်။လောကကြီးကို
ခြေဆန့်ကြည့်ရဦးမယ်။
လူတွေရဲ့အပြုံးကို မြင်ယောင်ကြည့်ရဦးမယ်။
လှပတဲ့ အိက်မက်ကလေးတွေထပ်မက်ရဦးမယ်။
ရည်မှန်းပန်းတိုင်လေးတွေ ပြန်ထူရဦးမယ်။
သိမ်ငယ်ခြင်းအိုင်ထဲမှာ အမြဲနစ်မြုပ်နေလို့
မဖြစ်ဘူး။ယုံကြည်ချက် လက်နက်ကိုလည်း
ကိုင်ဆောင်ထားဖို့လိုတယ်။
တစ်ခါတစ်ရံ စိတ်ဓာတ်ကျတာ
လက်ခံလို့ရပေမဲ့ အမြဲစိတ်ဓာတ်ကျနေတာက
လူညံ့အလုပ်ပဲဖြစ်တယ်။
အတွေးနယ်ကျွံနေခဲ့တာ
အတော်ကြာပြီပဲ။လေလွင့်နေတာလည်း
ရပ်သင့်ပြီ။
စိတ်အခြေကို တင်းထားပြီး
ငါတို့လူငယ်တွေဟာလည်း ဇရှိကြောင်း
ကမ္ဘာကြီးကို ပြရဦးမယ်။
အမိမြေနေပြန်ကောင်းချိန်မှာ
လင်းလက်တဲ့ ကြယ်ကလေးဖြစ်အောင်
အခုကတည်းက ကြိုးစားဦးမှပါလေ။
-------------------------------------------------
အဆုံးထိဖတ်ပေးခဲ့ကြတဲ့ စာဖတ်သူတစ်ဦးတစ်ယောက်ချင်းစီတိုင်းကို
ကျေးဇူးအထူးတင်ပါတယ်ရှင့်။
အားလုံးကို အစဥ်လေးစားလျက်....
Leo
Keep Reading