သုမိုး
အချိန်က ည၈နာရီခန့်။
ကျွန်တော်သည် လုပ်စရာရှိသည်များကိုလုပ်ပြီး ခါးကြောဆန့်ကာ စိတ်ပြေလက်ပျောက် အိမ်အောက်သို့ ဆင်းလာခဲ့၏။ စောသေးသည်မို့ အဖေရော၊အမေရော မအိပ်သေး။
မပြီးသေးသောပျဉ်ထောင်အိမ်လေးဖြစ်သောကြောင့် အိမ်အောက်တွင် အခင်းမရှိ။ကွပ်ပျစ်တစ်ခုလုပ်ထားသည်။ ထိုကွပ်ပျစ်ပေါ်တွင် အဖေနှင့် အမေတို့ အိပ်ကြသည်။ကျွန်တော်နှင့် ညီအစ်ကိုများက အိမ်ပေါ်တွင် အိပ်ကြ၏။
အိမ်အောက်ရောက်တော့ အဖေ့အနားတွင် ဝင်ထိုင်ကာ လက်ဖက်ရည်ဆိုင်ထိုင်လျှင် တော်ရုံမထတတ်သောအဖေနှင့် ငြင်းချင်လာသည်။ထို့ကြောင့် အစပျိုးလိုက်တော့၏။
"အဖေတို့ ဘာလို့ချမ်းသာအောင်မလုပ်။ချမ်းသာရင် အေးဆေးနေရမယ်မလား။ခုလို အလုပ်တွေလုပ်စရာမလိုပြီ။"
"မက်က ချမ်းသာချင်တိုင်း ချမ်းသာတယ်လို့ ထင်နေတာလား။ဒါဆို လူတိုင်းချမ်းသာကုန်မှာပေါ့။ဘာလို့ ဆင်းရဲနေကြအုံးမှာ။"
"အဖေတို့မကြိုးစားလို့ပေါ့။ကြိုးစားရင် ဘုရားတောင်ဖြစ်သေးတာ။ ဘာလို့ မချမ်းသာရမှာ။ချမ်းသာအောင် ကြိုးစားပေါ့။"
"ကြိုးစားတိုင်း ချမ်းသာတယ်လို့ထင်နေတာလား။အလုပ်တွေ ဆက်တိုက်လုပ်တိုင်း ချမ်းသာမယ်လို့ ထင်နေတာလား။ကံမရှိ ဉာဏ်ရှိတိုင်းမွဲတဲ့။ချမ်းသာဖို့ ကံမရှိရင် ဘယ်တော့မှမချမ်းသာဘူး။တောင်ပေါ်က သန်းထွန်းကို သိတယ်မလား။သူ့မှာဆို သန်းဟိုတို့မလုပ်နိုင်လို့ စက်လှေတစ်စင်းလုံးအလကားပေးလိုက်တာ။ ပိုက်ကအစ အပြည့်အစုံ။ ကိုယ့်စရိတ်နဲ့ ကိုယ်ဆင်းရုံ။ ဒါတောင် အမြတ်မရတဲ့အပြင် ရှိတာလေးပါပါသွားတာ။ငါတို့မှာတောင် အစကလှေငယ်တစ်စင်းရှိသေးတယ်။လုပ်ကိုင်စားသောက်မယ်ကြံတယ်၊ လုံးပါးပါးသွားတော့မလို့။ကံမရှိရင် ဘာလုပ်လုပ်မဆင်မပြေဘူး။"
"ဟော...ကံရှိတဲ့သူကျ ကိုယ်ကဘာမှမလုပ်တာတောင် အလိုလိုနေရင်း ထောက်ပံ့မယ့်သူကပေါ်လာတာ။ဟို သန်းစိုးတို့မြင်တယ်မလား။သန်းစိုးတို့ လူပျိုတုန်းက ဘာအလုပ်လုပ်လို့။ဖဲငယ်ရိုက်လိုက်၊ ကြက်ငယ်တိုက်လိုက်နဲ့။ဘားမလုပ်။ဟော...ချမ်းသာမယ့်အချိန်ကျတော့ အလိုလိုနေရင်းသူဌေးသမီးနဲ့ညားပြီး သူဌေးအသိုင်းအဝိုင်းထဲရောက်သွားပြီ။အဲတာပဲကြည့်။"
"ဒါဆို အဖေက ချမ်းသာဖို့ကံမရှိရင် ဘယ်လောက် ကြိုးစားကြိုးစား မချမ်းသာဘူး။ကံရှိရင် ဘားမလုပ်ဘဲလည်း ချမ်းသာမယ်ပေါ့။အဲလိုလား။ ဒါဆို ဘာလို့ကြိုးစားနေအုံးမှာ။ဒီတိုင်းပဲ အိပ်လိုက် စားလိုက်နေမှာပေါ့။"
"ငါပြောချင်တာက ကံအတိုင်းဖြစ်မယ်ဆိုပြီး ဒီတိုင်း အိပ်နေဖို့ပြောတာမဟုတ်ဘူး။ အရင်ဘဝက ဒါနမျိုးစေ့ရှိတဲ့သူကို ပံ့ပိုးပေးတဲ့သူ အမြဲရှိနေတယ်လို့ပြောတာ။ သူကလာပံ့ပိုးပေးပေမယ့် ကိုယ်က ထမလုပ်ရင် ကံရှိလည်း မွဲမှာပဲလေ။အလိုက်အထိုက်တော့ ကြိုးစားရမှာပေါ့။"
"ဒါဆို အဖေပြောချင်တာက အရမ်းကြီး လိုက်ကြိုးစားစရာမလိုဘူးပေါ့။ ပုံမှန်လေးကြိုးစားသွားရင် ရပြီပေါ့။ အဲလိုလား။"
"တကယ့် ဂွပဲကွာ။ပြောမယ် သေချာနားထောင်။လူမှန်ရင်တော့ ရုန်းရမှာပဲ။သူဌေးလည်း အတူတူပဲ။ သူနည်းနည်းပဲကြိုးစားရင် နည်းနည်းပဲချမ်းသာမယ်။ပိုကြိုးစားရင်တော့ ပိုချမ်းသာမှာပေါ့။ငါတို့လည်း ဒီတိုင်းပဲ။နည်းနည်းပဲလုပ်ရင် စားလောက်ရုံရမယ်။ အခန့်မသင့်ရင်ငတ်မယ်။အရမ်းကြိုးစားပြီး လိုက်လုပ်ထားရင်တော့ စုမိဆောင်းမိဖြစ်ပြီး ချောင်ချောင်လည်လည်ဖြစ်လာမှာပေါ့ကွာ။ဒါပဲရှိတယ်။"
"အဲ... အဲဒီမှာ အထောက်အကူပြုတာက ပညာ။အသိပညာကတော့ မက်ဘဝကို ဖြောင့်တန်းနေအောင် လုပ်ပေးလိမ့်မယ်။အတတ်ပညာကတော့ သင်လေ ကောင်းလေပဲ။ များများတတ်လေ ဘဝမှာ များများ အဆင်ပြေလေပဲ။ မင်းကို ငါ အရင်တုန်းက ဖြစ်ခဲ့တဲ့ ဇာတ်ကြောင်းလေးတစ်ခု ပြောပြမယ်။"
အပိုင်း(၂)ဆက်ရန်.......။
သုမိုး🐻
Keep Reading