Kyaw Soe Win
အချိန် နဲ့ ရှင်သန်ခြင်း
သတိထားမိသူ တိတိကျကျသိသူ ရှိနိုင်ပေမယ့် ကမ္ဘာမြေက နေ့ရက်တစ်ရက်မှာ ဘာကြောင့် ၂၄ နာရီရှိနေတာလဲ ၊ အဲဒီ ၂၄ နာရီဆိုတဲ့ သတ်မှတ်ချက်ကို ဘယ်သူမှ မေးခွန်းမထုတ်ဘဲ လူအားလုံးက ဘာကြောင့် ညီညီညာညာ လိုက်နာနေကြတာလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းနေပါတယ်။ ပြီးတော့ ဘာကြောင့် တစ်နေ့တာ ကာလတစ်ခုကို ၂၄ ပုံ ပုံရတာလဲ ။ နာရီ ၂၀ ဘာလို့ဖြစ်မနေတာလဲ ။ နာရီ ၃၀ ရောဖြစ်လို့မရဘူးလား ။ [ တစ်ရက်တာ ကာလကို ၂၄ နာရီပိုင်းခြားသတ်မှတ်ရတဲ့ အကြောင်းရင်း ကျွန်တော်မသိ ။ ]
နောက်ထပ် တစ်ခုက အဖွဲ့အစည်းဖြစ်ဖြစ် ၊ သက်မဲ့ပစ္စည်း ပိုင်ဆိုင်မှုကိုပဲဖြစ်ဖြစ် ဒီနေ့ဒီရက်မှာ အာဏာသက်ရောက်မှု သက်တမ်းကုန်ပြီဆိုရင် အဲဒါကိုလည်း လူတွေအားလုံးက လက်ခံလိုက်နာကြတယ် ။ တစ်နေ့ တစ်ရက်မှ မစွန်းရဘူး ၊ မစွန်းကြဘူး။ စဉ်းစားကြည့်ရင် အံ့ဩစရာကောင်းတယ် ။ အချိန်သတ်မှတ်ချက်ရဲ့ လူတွေအပေါ် ဩဇာညောင်းးနေပုံတွေပါ ။
ဒီအတွေးကို ငွေဆောင်အစွန်းက ကျေးရွာသားတချို့ အဖွဲ့လိုက် ပင်လယ်ထဲရေပိုက်ဆွဲနေကြတာကိုမြင်ပြီးအတွေးပေါ်ခဲ့တာပါ။ လပြည့်နားနီး ရေထရက်မို့လားမသိ ၊ နဂါးရုံဘုရားအောက်က ကျောက်ဆောင်စပ်စပ် ရှိတဲ့ ကမ်းခြေမှာ ကျား - မ - ကလေး အကုန်လိုလို ပါဝင်ပြီး ငါးပိုက်ဆွဲနေကြတာတွေ့တယ် ။ ညနေနေဝင်ခါနီးပါ။ ဒါဟာ သူတို့ရဲ့ အသက်မွေးမှု ဖြစ်ပါလိမ့်မယ်။ လူတွေဆိုတာ ကိုယ့်အသက်မွေးမှုကို မလွဲမသွေ လုပ်ကိုင်ကြရတာကိုး ။ ကိုယ့်ရဲ့ကျရာနေရာမှာ ရှိတဲ့ အားခွန်ဗလ နဲ့ နေ့စဉ်အသက်မွေးကြရတာမဟုတ်ပါလား ။
ဒီတော့ အသက်မွေးရတဲ့ ( တရားမျှတမှုရှိသော ) အလုပ်အကိုင်ကိစ္စဆိုတာတွေကို အသေအချာ လုပ်ကိုလုပ်ရလိမ့်မယ်လို့ လက်ခံယုံကြည်တယ်။
အသက်မွေး အလုပ်က ငါးဖမ်း - သားသတ် အလုပ်ဖြစ်နေခြင်း ၊ ဖျော်ဖြေရေး တီးမှုတ်ကခုန် လုပ်နေရခြင်းစတာတွေ ဖြစ်တဲ့တိုင် ( တရားမျှတစွာ နေထိုင် လှုပ်ကိုင် နေတာဖြစ်ခဲ့ရင် ) သီလရှုထောင့် ကျင့်ဝတ်ရှုထောင့်များက ဝေဖန် ဟန့်တားတာတွေကမသင့်ဘူးလို့ သဘောပေါက်ရမှာဖြစ်ပါတယ်။
* * * * *
အချုပ်သဘောအားဖြင့် အချိန်ရဲ့ သတ် မှတ်ချက် ဘောင်ထဲမှာသာ ရှင်သန်နေကြရတယ် ။ အချိန်ရဲ့ဩဇာကို ဘယ်သူမှ မယှဉ်ပြိုင်နိုင်ဘူး ။ လူတွေမှာ ဉာဏ်ပညာကြီးတယ် - ခွန်အားကြီးတယ် - အနုပညာကြီးတယ် - ကောက်ကွေ့ ပရိယာယ်ကြွယ်တယ် - စီးပွားဥစ္စာ ချမ်းသာကြတယ် . . . . . . ဆိုတဲ့တိုင်အောင် ဘာအဓိပ္ပာယ်ကြောင့် လူသားကြားမှာ တည်ရှိလာမှန်းမသိတဲ့ အချိန်ဆိုသောအရာရဲ့ အကန့်အသတ်အတွင်းမှာသာ လုပ်နေကြတာပါလားလို့ အတွေးပေါ်နေပါတယ် ။ အချိန်အကြောင်းမိတ်ဆွေများသိရှိဆင်ခြင်မိသမျှ ကိုလည်း မျှဝေ စေချင်ပါကြောင်း။
Keep Reading