Kyi Nue (ကြည်နူး)
ကျွန်မတို့နည်းပညာမြင့်မားလာတဲ့ခေတ်မှာ ခလုတ်တစ်ချက်နှိပ့်ရုံနဲ့အရာရာပြီး မြှောက်နေတာကြောင့် လူတွေဟာကိုယ်လက်လှုပ်ရှားမှု နည်းပါးလာကြပါတယ်။ ဒါပေမယ့် တစ်ချိန်ထဲမှာပဲထိုနည်းပညာ website ထဲမှာကြော်ငြာကြတဲ့ Gym သင်တန်းတွေကိုမြင်တွေ့ပြီးကျန်းမာရေးလိုက်စားလာကြပါသည်။
" ကျန်းမာခြင်းသည် လာဘ်တစ်ပါး" ဆို တဲ့ဆိုရိုးစကားအတိုင်း ကျန်းမာခြင်းဟာဘဝအတွက်အလွန်အရေးပါပါတယ်။ သို့ပေမယ့် “ပျော်ရွှင်စေရန် ကျန်းမာရေး သည် အဓိက " အဆိုကိုမူကျွန်မမထောက်ခံပါ။
ဘာကြောင့်လဲဆိုတော့ “ပျော်ရွှင်မှု" ဆိုတဲ့ ဝေါဟာရရဲ့အနက်အဓိပ္ပာယ်ကို " ကျန်းမာခြင်း " တစ်ခုတည်းနှင့် တိုင်းတာလို့မရတာကြောင့်ဖြစ်တယ်။ ကျွန်မတို့ရဲ့ ပျော်ရွှင်မှုက ကျန်းမာခြင်းထက်များစွာလေးနက်ပါတယ်။
ကျွန်မတို့ရဲ့ နေစဉ်ဘဝမှာကျန်းမာနေရုံနဲ့မပျော်ရွင်နိုင်ပါ။ကျန်းမာသန်စွမ်းနေချိန် မိမိအနားမှာရှိနေတဲ့လူဆယ်ဦးထက်၊မကျန်းမာတဲ့အချိန် အနားမှာဖေးမစောင့်ရှောက်ပေးတဲ့လူတစ်ဦးကသာကျွန်မတို့ရဲ့ပျော်ရွှင်မှုအစစ်ကိုပေးစွမ်းနိုင်ပါတယ်။အတုအယောင်များလှတဲ့လောကကြီးမှာ စစ်မှန်တဲ့ပျော်ရွှင်မှုကလည်းရှားပါးပါတယ်။ကျွန်မတို့က လူသားတွေဖြစ်တဲ့အလျောက် ကိုယ်ပိုင်ပတ်၀န်းကျင်အသိုက်အ၀န်းလေးကိုလိုအပ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့လူတစ်ယောက်က သူ့ပတ်၀န်းကျင်အသိုက်အ၀န်းလေးကို စောင့်ရှောက်နိုင်တာကြောင့် ပျော်ရွှင်ရတယ်ဆိုတာဟာမှန်ကောင်းမှန်နိုင်လိမ့်မယ်။ဒါပေမယ့်ဘယ်အရာမှမတည်မြဲတဲ့လောကကြီးမှာကျန်းမာခြင်းကလည်းမတည်မြဲနိုင်ဆိုတာလက်ခံတယ်ဟုတ် 🙌🏻
မိတ်ဆွေနေမကောင်းတဲ့အချိန်အနားမှာဆေးလိမ်းပေးတဲ့လက်တစ်စုံ၊အရိပ်တကြည်ကြည်နဲ့ပြည့်နှက်နေတဲ့မျက်၀န်းတစ်စုံ၊နဖူးပေါ်ကိုမကြာခဏစမ်းပေးတက်တဲ့လက်ဖမိုးအေးအေးလေး နဲ့ နွေးထွေးတဲ့မေတ္တာများစွာပါ၀င်တဲ့အငွေ့တထောင်းထောင်းဆန်ပြုတ်ပူပူလေး စတာတွေကိုမငြီးမငြူစိတ်ပူပြီးလိုလိုလားလားဆောင်ရွက်ပေးတဲ့လူတစ်ဦးတစ်ယောက်ကြောင့်ရရှိလာတဲ့၀မ်းသာပီတိနဲ့ပျော်ရွှင်မှုတွေကအတုအနှိုင်းမရှိလှပလွန်းပါတယ်။
လူတိုင်းက မပြည့်စုံကြပါ။လိုအပ်ချက်တွေ၊ မျော်လင့်ချက်တွေနဲ့ ရှင်သန်ကြရတာကြည့်ပဲ။ မျှော်လင့်ချက်မဲ့သွားတဲ့ လူအဖို့တော့ ကျန်းမာရေးက ထင်သလောက်အရေးမပါပါဘူး။ ကျွန်မတို့က ကျန်းမာလို့ပျော်ရွှင်နေတာမဟုတ်ပဲ ပျော်ရွှင်လို့သာကျန်းမာနေကြခြင်းဖြစ်တယ်။ မကျန်းမာတဲ့သူတွေမှာလည်း ပျော်ရွှင်ခွင့်ရှိပါတယ်။ဥပမာ ကင်ဆာရောဂါသည်တစ်ယောက်အနေနဲ့သူ့ရဲ့ရောဂါအခြေအနေကိုလက်သင့်ခံပြီးကျန်ရှိတဲ့ဘ၀ကို ပျော်ရွှင်စွာနိဂုံးချုပ်နိုင်သလို၊ ရောဂါအခြေအနေကြောင့်ခရီးမသွားနိုင်တဲ့သူဟာလည်း မိမိရဲ့လက်တစ်ဖဝါးစာအိမ်လေးကိုအလှပဆုံးဖြစ်အောင်ထိန်းသိမ်းရင်းပျော်ရွှင်နိုင်ပါတယ်။ ပျော်ရွှင်မှုကလူတိုင်းနဲ့ထိုက်တန်ပါတယ်။အိုခြင်း၊နာခြင်း၊ သေခြင်းကိုလူတိုင်း ရှောင်လွှဲလို့မရသလို မတော်တဆထိခိုက်ကျိုးပဲ့မှုတွေကိုလဲရှောင်လွှဲလို့မရပါဘူး။
ကျန်းမာခြင်းကကောင်းတဲ့အရာဖြစ်ပါတယ်။လူ့ဘ၀အတွက်လည်းအရေးကြီးတဲ့အရာတစ်ခုဆိုတာမမှားပါဘူး။သို့ပေမယ့် ပျော်ရွှင်စေဖို့ကျန်းမာရေးကအဓိကမကျပါ။ကျွန်မတို့ပတ်၀န်းကျင်မှာမကျန်းမာပေမယ့် ပျော်ရွှင်နေကြတဲ့သူတွေရှိပြီး ကျန်းမာနေပေမယ့်လည်း မပျော်ရွှင်နိုင်တဲ့သူများစွာကိုလက်တွေ့တွေ့မြင်ရပါတယ်။ဒါကြောင့် "ပျော်ရွှင်စေရန် ကျန်းမာခြင်းသည်အဓိက" ဆိုတဲ့အဆိုကို ကန့်ကွက်ရင်းဆောင်းပါးလေးကိုအဆုံးသတ်လိုက်ပါတယ်။
☘️အားလုံးပဲအန္တာရယ်ကင်း၊ဘေးရှင်းကြပါစေ☘️
Keep Reading