ရဲဘုန်းသွင်
မင်းကံစီ၏ လောကီပညာများ
" မောင်မင်း၊ ကျုပ်အတွက် အိမ်တဆောင် ဆောက်ပေးနိုင်မလား "
မင်းသားက မိမိကို အိမ်ဆောက်ပေးရန် ကမ်းလှမ်းသည့်အတွက် မမွေ့ကလောသည် အလွန်ဝမ်းသာသွားသည်။
" မေးတတ်ရန်ကော အရှင့်သားရယ်။ အရှင့်သားအမိန့်တော်ရှိက အိမ်တဆောင်တင်မဟုတ်၊ နန်းတော်တစ်ခုပါ ဆောက်ပေးနိုင်ပါတယ်ဘုရား "
မမွေ့ကလောအဖြေကို သဘောကျ၍ မင်းသားရော၊ မင်းကန်စီတို့ပါ ဟက်ဟက်ပက်ပက် ရယ်မောကြလေသည်။
" တယ်လည်း စကားကြွယ်ပါ့လား။ မင်းဒီနေ့ကစပြီး သမိန်ပဂိုးဆိုတဲ့ ဘွဲ့ကိုခံပြီး ငါ့အတွက် မဂ်လာအိမ်တော်ကို စိတ်ကြိုက် ဆောက်ပေတော့ "
" မင်းသားအမှုတော်ကို ဦးဆွေးစံမြည့် ထမ်းရွက်ပါ့မယ် ဘုရား "
မင်းသားရော၊ မပိုင်ဆရာတော်ပါ ကျေနပ်သွားကြသည်။
" မဂ်လာအိမ်တော်ကို အဘယ်အချိန်အခါမှာ စတင်ဆောက်လုပ်သင့်ပါ့သလဲဘုရား "
မင်းသားအမေးကြောင့် ဆရာတော်သည် အတန်ကြာအောင် လက်ချောင်းများချိုးကာ နှုတ်မှလည်း တစုံတရာရွက်ဆိုလျက် တွက်ချက်နေသည်။
" လာမယ့် ဝါဆိုလဆုတ် (၆ )ရက် သောကြာနေ့ နေမွန်းတည့်ချိန်က ကြာသာပတေးဂြိုလ်ခံ၊ မြေကို ဂဠုန်မင်းခံလို့ မြေခံလည်းကောင်းတယ် နက္ခတ်အခါလည်းကောင်းတယ်။ မင်းသားရဲ့ မွေးနံရက်လည်း ဖြစ်လို့ မွေးနံကိုဆောင် အောင်ပါလိမ့်မယ်။ ဒီအချိန်အိမ်တော် ပန္နက်တင်ရင် မင်းသား မုချအောင်မြင်မယ် "
" မှန်ပါ့ဘုရား "
မင်းသားလည်း အိမ်ဆောက်ရန် မြေနေရာနှင့်အခါကို ရပြီဖြစ်၍ မင်းသားနှင့် မင်းကန်စီတို့ ဆရာတော်အား ဦးချကာ ပြန်ခဲ့တော့သည်။
ဆရာတော်ထံမှ မင်းသား၏ မူလစံအိမ်တော်သို့ ရောက်အောင် ပြန်ရသောလမ်းမှာ မလွဲမသွေ ဈေးကိုဖြတ်ရသည်။ ဈေးအတွင်းရောက်လျှင်လည်း မင်းသားသည် သီချင်းလက်ာဆို၍ ဆီရောင်းနေသော ဆီသည်မလေးကို အငမ်းမရ ကြည့်တတ်သည်။ ၎င်းကို မင်းကံစီလည်း သိလေသည်။ သို့သော် မင်းသားအား မည်သို့မျှမပြောခဲ့။
အိမ်တော်သို့ ပြန်ရောက်သောအခါ မသွတ်တွမ်သည် မိမိစုဆောင်းခဲ့သော လူ ၅၀၀ နှင့်စောင့်ကြိုနေလေသည်။ မင်းသားဆင်ပေါ်မှ ဆင်းလာသောအခါ အားလုံးဦးညွတ်ကြသည်။
" မသွတ်တွမ်၊ မောင်မင်းလူတွေ များလှချည်လား "
" မှန်ပါ့ဘုရား။ မင်းသားထံ အမှုထမ်းလိုသူ များလွန်း၍ ရွေးချယ် ခေါ်ခဲ့ရကြောင်းပါဘုရား "
" အိမ်း....မင်းနဲ့ မင့်လူတွေ မြစ်ဆိပ်မှာ အသွားအလာပြုကြတဲ့ လှေ သဘော်တွေကို ကြီးကြပ်ကြ "
" အမိန့်တော် အတိုင်းပါဘုရား "
"ဘောမွန် ငါ့အရီးတော် မဟာဒေဝီရဲ့အိမ်တော်၊ ကျက်သရေတိုက်ကနေ ရွှေချည်ထိုး ပိုးပုဆိုးငါးရာထုတ်ပြီး သင်းတို့ကို ဝေပေးလိုက်ကြပါကွယ်။ "
" အမိန့်တော်အတိုင်းပါဘုရား "
ဘောမွန်လည်း မသွတ်တွမ်နှင့်သူ့လူများကို မဟာဒေဝီအိမ်တော်သို့ခေါ်သွားပြီး ကျက်သရေတိုက်ကို ဖွင့်ကာ ရွှေချည်ထိုးပိုးပုဆိုးများကို တယောက်တထည်စီ ဝေပေးလိုက်လေသည်။ လူ ၅၀ဝ တို့မှာလည်း အမှုထမ်းရန် ရောက်ရုံရှိသေးသည် မင်းသားမှ ရွှေချည်ထိုးပုဆိုးများ ချီးမြှင့်သည့်အတွက် အလွန်ဝမ်းသာနေကြသည်။ ပုဆိုးများရပြီးသောအခါ အားလုံး မြစ်ဆိပ်သို့ သွားကြလေတော့သည်။ မင်းသားဒဂုန်၌ရှိစဥ် အနီးအပါးရှိ လူရွယ်ယောကျားတို့မှာ မင်းသားဂုဏ်သတင်းကြောင့် အမှုထမ်းရန်အတွက် မကြာခဏရောက်လာကြသည်။ ကျွန်ယုံ ၃၀ ဖြင့်ထွက်ခဲ့သော မင်းသားမှာလည်း ဒဂုံမှပင် လူသူအင်အားတော်တော်လေး စုစောင်းမိနေပြီဖြစ်သည်။
~~~~~~~~~~~~~~~~~~~~~~
မဂ်လာအိမ်တော်ဆောက်ရန် မြေနေရာတွင် မြေသန့် ပန္နက်ချမဂ်လာအတွက် ယာယီမဏ္ဍပ်တစ်ခု ထိုးထားပြီး သံဃာစင်ပေါ်တွက် မပိုင်ဆရာတော်နှင့် သက်ကြီးဝါကြီး ဆရာတော်ကြိး ၁၀ ပါးတို့က မဂ်လသုတ်၊ မေတ္တာသုတ်များ ရွတ်ဖတ်သရဇ္ဈာယ်နေကြသည်။ မဏ္ဍပ်အတွင်းတွင် အသင့်ပြင်ထားသော အုန်းငှက်ပျော ကန်တော့ပွဲများ ကွမ်း၊ ဆေး၊ လဘက်တို့ ပြင်ထားပြီး ဆီမီးခွက်များ နံသာတိုင်များပါ ထွန်းထားလေသည်။ တဖက်တွင် အိမ်တော်ဆောက်ရန်အတွက် တိုင်များ၊ သစ်များ၊ ပျဥ်များကို အသင့်ပြင်ပြီး ပုံထားသည်။
ဆရာတော်များသည် ပရိတ်တော်များရွတ်ပြီးသောအခါ မြေသန့်ရန်အတွက် ပေထုပ်များကို အသီးသီးကိုင်ကာ " နမော တဿ " အစချီပြီးနောက် " သုဏာတု မေ ဘန္တေ သံဃော၊ သံဃော " အစချီသော အန္တရာယ်ကင်း၊ မြေသန့် ကမ္မဝါစာကို ရွတ်ဖတ်ကြသည်။ မင်းသားနှင့်အတူ မင်းကန်စီ၊ မသိုက်၊ ဘောမွန်နှင့် နောက်ပါ ကျွန်များ၊ မမွေ့ကလောအမှူးပြုသော လက်သမားများ အားလုံး လုက်အုပ်ချီ၍ တရားနာနေကြသည်။
ဆရာတော်များ ရွတ်ဖတ်ပြီးသောအခါ မင်းကန်စီသည် မြေစောင့်နတ်ဖြစ်သော ဝသုန္နရေနတ်သမီးအား ပူဇော်ရန် အသင့်ပြင်လာသော ကန်တော့ပွဲတစ်ခုတွင် ဆီမီးခွက်ထွန်းလျက် သတ်သတ်လွတ်ဟင်း၊ ထမင်းဖြူနှင့် သစ်သီးအစုံအလင်တို့ကို ဖက်ရွက်ခင်းကာ လင်းပန်းတချပ်ပေါ်တင်၍ မြေ၌ချ၏။
" ဥုံ ဘုမ္မိရာဇာ၊ မြေသင်္ချာကို၊ အစိုးရသည့်နဂါး သနင်း၊ မြေနတ်မင်း၊ ကောင်းခြင်းတိုင်မြဲ၊ ပန္နက်သဲက၊
စသည်ရုံပေါင်း၊ ခြပုန်းတောင်ပို့၊ဤသို့တစ်ကြောင်း၊ ရှေးသူဟောင်းတို့၊မကောင်းချွတ်လွဲ၊ မြေထဲလားမြုပ်၊
အရုပ်ဆင်းချ၊ ဆိုရေးစသား၊ဒေါသကင်းရေး၊ ကောင်းရာဆေးလော့၊ သူ့သွေးသွန်ရာ၊ ဆရာပြုဟောင်း၊
မကောင်းတစ္ဆေ၊ နေ့တွင်သည်ကား၊ဝေးဝေးရှား၊ ဘုရားရုပ်တု၊ ဆင်းတုမလွတ်၊ ဓာတ် တော် မွေတော်၊ ရှိငြားသော်လည်း၊ကော်ရော်ရိုညွတ် နတ်တကာတို့၊ မပါစေကြောင်း။ ရေကြောင်းဆေး မည်။ အလျှံတည်၊ အရောင်ညီးညီး၊ လင်ပန်းကြီး နှင့်၊ ပွဲကြိုနတ်ယကာ၊ ကိုင်စွဲကာဖြင့်၊အင်းကားလက်ျာ၊ ဆေးကားလက်ဝဲ၊ ကိုင်စွဲအနေ မြေတွင်ချ၊ ပသမလွတ်၊ ယွင်းချွတ်သော်လည်း၊ နတ်ရှင့်ပွဲတော်၊ စားတော်ခေါ်လော့၊ "
ဟု နှုတ်မှရွတ်ဆိုကာ တင်မြောက်ပသ သည်။ ပြီးနောက် မင်းကံစီသည်
"ဧဝံ အစိန္တိယာ ဗုဒ္ဓါ။ ဗုဒ္ဓဂုဏာ အစိန္တိယာ။ အစိန္တိယေ ပသန္နနံ၊ ဝိပါကော ဟောတု၊ မမ အစိန္တိယော "
ဟူသော အန္တရယ်ကင်း ပန္နတင်ဂါထာကို အသံကျယ်ကျယ်ဖြင့် သုံးကြိမ် ရွတ်လျက် ငွေဖလားအတွင်းမှ ဆန်ပေါက်ပေါက်များဖြင့် အိမ်တော်ဆောက်မည့်မြေနေရာအနံ့ ကျဲပက်လေသည်။ မင်းသားနှင့် နောက်ပါကျွန်များမှာ မင်းကန်စီလုပ်ကိုင်သမျှကြည့်ရှု့နေကြသည်။ မင်းကန်စီမှာ အရွယ်ငယ်သော်လည်း ပုဏ္ဏားအိုတဦးပမာ လောကီကိစ္စများကို ပိုင်ပိုင်နိုင်နိုင်ပြုနေသည်။
" မင်းသားက လောကီဆရာကောင်း၊ တကယ့်ပညာရှိကို ရထားတာဘဲ "
" မှန်ပါ့ဘုရား "
မပိုင်ဆရာတော်မှ မင်းကန်စီလုပ်ကိုင်ပုံတို့ကို ကြည့်ကာ ချီးမွမ်းနေတော့သည်။ ပြီးလျှင် မင်းကန်စီ၏ စီစဥ်မှုအရ မင်းသားဗညားနွဲ့မှာ စိန်လက်စွပ်ကိုဝတ်၊ ဒန်းညွှန့်ကိုင်ကာ မင်းသားကိုယ်တိုင် အိမ်တော်ဆောက်ရန်မြေနေရာနှင့် တိုင်များ သစ်များအား အန္တရယ်ကင်း ပရိတ်ရေကို သပြေခက်ဖြင့် ပက်ဖျန်းသည်။ ထိုနောက်တွင် မဂ်လာအချိန်အခါ ကျပြီဖြစ်၍ ပန္နတင်ရိုက်ရန် ပြင်ကြလေသည်။
မင်းကံစီ၏ စီစဥ်မှုဖြင့် အိမ်တော်ဆောက်မည့်မင်းသားမှာ သောကြာသားဖြစ်သောကြောင့် အင်္ဂါသားဖြစ်သော မင်းကံစီက ကြိုးရင်းကိုင်ပြီး ဗုဒ္ဓဟူးသားဖြစ်သော မသိုက်က ကြိုးဖျားကိုကိုင်သည်။ ပန္နက်တံသည် သိဟိုဠ်သားပန္နက်တံဖြစ်ပြီး ကြာသာပတေးသားဖြစ်သော မပိုင်ဆရာတော်က ထန်းသားတုတ်ဖြင့် ပန္နက်ရိုက်ပေးသည်။ ပန္နက်ရိုက်၍ ပြီးသောအခါ နဂါးခေါင်းအလှည့်ကိုတွက်၍ ဝါဆိုလတွင် မြောက်သို့လှည့်သဖြင့် အနောက်ဘက်ပန္နတိုင် ဝမ်းမှစ၍ ဖောက်ကာ ပထမဦးစွာ တူးရသည်။ တိုင်တွင်းတူးမည့်မြေကို ဦးစွာ တူရွင်းဖြင့် တကော် ကော်စေသည်။ မင်းကန်စီမှာ ထိုမြေတကော်ကိုကြည့်သည်။
"မင်းသား၊ ဒီမြေဟာ အဆင်းနီတဲ့မြေ၊ မြေဘုရင် ဖြစ်ပါတယ်ဘုရား၊ အိမ်တော်ဆောက်ပါက အများကြည်ညိုလေးစားမည့် နိမိတ်ပါဘုရား "
မင်းသားလည်း ခေါင်းငြိမ့်သည်။ မင်းကန်စီသည် ထိုမြေစာတကော်ကို ချိန်ခွင်တွင်ထည့်၍ ချိန်ကြည့်ပြန်သည်။
" မြေက ဆယ့်နှစ်ကျပ်သားရှိပါတယ်ဘုရား။ သိဒ္ဓိအပေါင်း ပြည့်စုံတဲ့မြေ ဖြစ်ပါတယ်ဘုရား။ မပိုင်ဆရာတော် ရွေးသောမြေနေရာ ကောင်းလွန်းလှပါတယ် "
မင်းသားလည်း မင်းကံစီ၏ နိမိတ်ယူပုံတို့ကို ကြည့်ကာသဘောကျနေသည်။ ထို့နောက် ပန္နက်ရိုက်ပြီးသောနေရာများတွင် တွင်းများတူးပြီးသောအခါ အရှေ့မြောက်တိုင်(စုံပင်လယ်တိုင်) ၊ အရှေ့တောင်တိုင်၊(ဦးယူ/ဦးယဥ်တိုင်) အနောက်မြောက်တိုင်(သပြေတိုင်) အနောက်တောင်တိုင် (ဂုမ္ဘီတိုင်) စသော တိုင်လေးတိုင် တို့တွင် အသင့်စီရင်ထားသော အင်းများကို တွင်းများအတွင်းထည့်ကာ ထိုတိုင်လေးတိုင်ကို " သိ၊ န၊ ဗိ၊ ဘု " ဟူသော အက္ခရာကို ထုံးဖြင့် မင်းကန်စီကိုယ်တိုင်ရေးလေသည်။ အနက်မှာကား အန္တရာယ်ကင်းစေရန် ရည်ရွယ်၍ သိမှာ သိကြား၊ နမှာ နဂါး၊ ဗိမှာ ဗိဿနိုး၊ ဘုမှာ ဘုရား ဟူသော အနက်ကို ဆောင်သည်။
ထို့နောက်မင်းကန်စီ၏ အစီအစဥ်ဖြင့်ပင် မင်းသားကိုယ်တိုင် ကျငန်းဖိုတိုင်ထူမည့် ကျင်းထဲသို့ ပတ္တမြားစိမ်းရေလောင်းသည်။ ကျငန်းမတိုင်ထူမည့် ကျင်းထဲသို့ ခဲရေ လောင်းသည်။ ဦးယူတိုင် စိုက်မည့်ကျင်းထဲသို့ ကြေးနီမြုပ်သည်။ စုံပင်လယ်တိုင်စိုက်မည့် ကျင်းထဲသို့ ဆန်တချို့ ထည့်၍ မြုပ်သည်။ ကုမ္ဘီတိုင်စိုက်မည့် ကျင်းထဲသို့ ကြေးဖြူထည့်၍ မြုပ်သည်။ သပြေတိုင်စိုက်ည့် ကျင်းအတွင်း ခဲမဖြူ မြှပ်သည်။ ဤသို့အားလုံး စီရင်ပြီးသောအခါ လက်သမားကြီး မမွေ့ကလောတို့သည် အတိမ်းအစောင်းမရှိစေဘဲ ဦးယူတိုင်မှစ၍ တကြိမ်ထဲနှင့် အပြီးထူကာ အိမ်တော်ကို စတင်ဆောက်လုပ်ကြသည်။
မင်းသားတို့လည်း ပန္နက်ချမဂ်လာပြုပြီးသည်ဖြစ်၍ စံအိမ်သို့ပြန်ကြရန် ပြင်သည်တွင် ဘောသံဂေးတစ်ယောက် ကျွန်တစ်ယောက်နှင့် ရောက်လာပြန်သည်။ မင်းသားအား ရှိခိုးပြီး ရွှေနှစ်ပိသာကိုဆက်ပြန်သည်။
" မောင်မင်း ဘဇာကိုလို့လို့ ရွှေဆက်ရပြန်သလဲ "
" အရှင့်သားဘုရား၊ ယခင်ဆက်သောရွှေမှာ ဝန်မြို့ကို ပုန်စားရန်ပါဘုရား။ ယခုဆက်သောရွှေသည် မုတ္တမကို စားလို၍ပါဘုရား။ ဤနှစ်မျိုးစလုံးကို ကျွန်ုပ်စားလိုပါတယ် ဘုရား "
မင်းသားလည်း ဘောသံဂေးကို သဘောကျ၍ ကျီစယ်လေသည်။
" မင်း တယ်လည်း လောဘကြီးသကိုး။ ဟံသာဝတီကို အလိုတော်ပြည့်ရင် မင်းစားချင်တဲ့ ဒုန်းဝန်းကိုစားရမယ်။ မုတ္တမလပ်ရင်လည်း မုတ္တမကို စားရစေမယ် "
မင်းသားစကားကိုကြားသောအခါ ဘောသံကေးမှာလည်း ထ၍ ကမတတ်ပင် အလွန်ပျော်ရွှင်သွားလေသည်။
" မြတ်စွာဘုရား၊ မင်းဧကရာဇ်တို့ စကားသည် ဧကဝစနံသာဖြစ်သည်။ ဒွေးဝစနံမဖြစ်၊ မင်းသားစကားကို ကျွန်ုပ်ဦးထိပ်ပန်ပါ၏။ မင်းသားက ဝန်မြို့ (ဒုန်းဝန်း)ကို ပေးလျှင် ဒုန်းဝန်းကိုစားမည်။ မုတ္တမလပ်၍ မုတ္တမကို မပေးလျှင် ဝန်မြို့မှနေ၍ ကျွန်ုပ်ပုန်စားယးမည်။ မှူးမတ်များမှတ်ပါကုန် "
ဘောသံကေး လျှောက်တင်သည့်စကားကြောင့် မင်းသားမှာ ဟက်ဟက်ပက်ပက် ရယ်မောတော့သည်။
"ဟား...ဟား....ဟား.....ဘောသံကေးရယ်၊ မင်းပုန်စားချင်ရင် ငါ့ကိုအရင် ဘုရင်ဖြစ်အောင် လုပ်ပေးပါဦး "
" အရှင့်သား ဘုရင်ဖြစ်အောင် ကျွန်ုပ်ယခုပင် ပဏ္ဍာဆက်၍ သစ္စာခံလေပြီ။ မင်းဖြစ်မည်မှာ မုချပင် "
မင်းသားရော၊ မင်းကန်စီ၊ ဘောသံဂေးတို့အားလုံးရယ်မောပျော်ရွှင်ကြတော့သည်။ မပိုင်ဆရာတော်မှာ ပန္နက်ချမဂ်လာပြုပြီးကထဲက ကျောင်းသို့ ပြန်ကြွသွားလေသည်။
မွန်းလွဲချိန်မှစ၍ ပန္နက်တင်မဂ်လာပြုခဲ့ရာ ညနေစောင်းသို့ပင် ရောက်ပြီဖြစ်၍ မင်းသားတို့ ပြန်ခဲ့တော့သည်။ အပြန်လမ်းမှာ ဒဂုန်မြို့၏ ဈေးအတွင်းမှ ဖြတ်ပြန်ရသည်။ ထိုသို့ဖြတ်ပြန်တိုင်းလည်း မင်းသားမှာ ဆီသည်မ မွေ့နိမိတ်ကို အစိမ်းစားမတတ်ပင် ကြည့်တတ်သည်။ ၎င်းကို မင်းကံစီရော၊ ဘောမွန်တို့ပါသိသည်။ မင်းကံစီစေသဖြင့် ဘောမွန်စုံစမ်းကြည့်ရာ ဆီသည်မတွင် မချွပ်စွပ်ဟူသော လင်ယောကျားလည်းရှိကြောင်း မင်းကံစီသိသည်။
~~~~~~~~~~~~~~~~~~~
အိမ်တော်သို့ ပြန်ရောက်ကြသောအခါ ဒလသို့လွတ်လိုက်သော ကျွန်များလည်း ပြန်ရောက်နေကြပြီ။ ၎င်းတို့ထံတွင် ဒလစား မညီကံကောင်းပြန်လိုက်သော ပေတရွက်ပါလာလေသည်။ မင်းကန်စီလည်း ကျွန်များထံမှ ပေရွက်ကို ယူ၍ ဖတ်ကြည့်ကာ သဘောကျသွားလေသည်။
" နောင်တော်၊ နောင်တော် ဒလစားက ဘယ်သို့ အကြောင်းပြန်သလဲ "
မင်းသားဗညားနွဲ့မေးသဖြင့် မင်းကံစီလည်း မိမိဖတ်နေသော ပေရွက်ကို မင်းသားထံပေးလိုက်သည်။ မင်းသားလည်း ပေရွက်ကိုယူ၍ စိတ်ဝင်တစားဖတ်ကြည့်သည်။
" အရှင့်နောင်တော် ဒလစားက အရှင့်သားအလိုအတိုင်းပြည့်ရပါမည်။ စိုးရိမ်ရန် အကြောင်းမရှိ။ အရေးတော်ပုံ အောင်ရမည်ကြောင်းပါတဲ့ဘုရား "
" အိမ်း...ကောင်းလေစွ။ ကျုပ်တို့ ပဲခူးကိုတိုက်ရမယ်ဆိုရင်တောင် နောင်တော်ထံက စစ်ကူတောင်းရလိမ့်မယ်။ "
မင်းသား၏စကားကို မင်းကံစီလည်း ခေါင်းငြိမ့်၍ ထောက်ခံသည်။ မင်းသားကို ကြည့်ရသည်မှာ တစုံတခုကို တွေးနေဟန်ရှိသည်။ မင်းကန်စီမှာတော့ လမ်းတွင်တွေ့သော ဆီသည်မ အကြောင်းမင်းသားတွေးနေသည်ဟု တထစ်ချ မှတ်ယူနေသည်။
" မင်းသား၊ ကျုပ်တခု ခွင့်တောင်းစရာရှိပါတယ်ဘုရား "
ဆီသည်မအကြောင်းတွေးမိနေရာမှ မင်းကံစီ၏ အသံကြားသဖြင့် မင်းသားသည် သတိပြန်ဝင်တော့သည်။
" ကျွန်ုပ်နှင့်အတူ ပြည်ထဲရေးကို စီရင်နေသော နောင်တော်က ကျုပ်ထံ ခွင့်ပန်ရန် လိုရန်ကော။ နောင်တော် လိုရာကိုသာ ဆောင်ပါလေ "
" မဟုတ်ပါဘုရား။ မင်းသားမှာ ကျွန်ုပ်၏ အရှင်သခင်ဖြစ်၍ ခွင့်တောင်းရန်လိုပါတယ်။ ကျွန်ုပ် ဗလာရရွာမှထွက်လာသည်မှာ သုံးမိုးပြည့်ပါတော့မည်ဘုရား။ သို့ကြောင့် ဒဂုံရောက်ခိုက် ကျွန်ုပ်ဇာတိရွာသို့ ခဏပြန်၍ ကျွန်ုပ်အမိနှင့် တွေလိုကြောင်း ခွင့်တောင်းတာပါ ဘုရား "
" ခွင့်တောင်းဖို့ရန် မလိုပါ နောင်တော်။ နောက်တော် ပြန်နိုင်ပါတယ်။ နောင်တော်မိခင်အတွက် ရွှေငွေတချို့နှင့် ပိတ်ကောင်းတချို့ ယူသွားပါ။ လမ်းခရီးတွင် စောင့်ရှောက်ရန် ကျွန်များလည်း ခေါ်သွားပါ။ "
မင်းကန်စီမှာလည်း မင်းသားက ရွာပြန်ရန်ခွင့်ပေး၍ ဝမ်းသားသွားသည်။ နောက်တနေ့တွင် မိမိအား ဗလာရရွာမှ မင်းသားထံခေါ်လာခဲ့သော မသိုက်ကို ခေါ်၍ ရွာပြန်ရန် စီစဥ်တော့သည်။
အပိုင်း ၃၇ ဆက်ရန်
#ရဲဘုန်းသွင်
Telegram မှာလည်း စာဖတ်လို့ ရပါပြီဗျ။
https://t.me/yebhonethwin
#ဗညားနွဲ့ #မပိုင်ဆရာတော်
#မင်းကံစီ
#အပိုင်း၃၆
#မင်းကံစီ၏လောကီပညာများ
#ဟံသာဝတီနေထွက်ချိန်
#TheSunriseofHANTHARWADY
Keep Reading