Tapathi (တပသီ)
ရခဲလှသည့်လောကကြီး၌ ကံမကောင်း အကြောင်းမလှစွာဖြင့် ဘေးဆိုး ကပ်ဆိုးများ အမှတ်မထင် ကြုံတွေ့ရတတ်၏ ။ အမိမြေ မြန်မာနိုင်ငံကြီးသည် ကာလကြာရှည်စွာဖြင့် ကပ်ဆိုက်ကာ ဒုက္ခပေါင်းစုံ ကြုံတွေ့နေကြရသည်မှာ ကြေကွဲရင်နှစ်ဖွယ်ရာပင် ။
ကပ်ကြီးသုံးပါးဟူသည်
၁။ ဒုဗ္ဘိက္ခန္တရကပ်။
လောဘတရားကြောင့်
အစာရေစာ ငတ်မွတ်ခေါင်းပါးရခြင်းဘေး။
မီးဘေးဒဏ်တွေသင့်ရခြင်း။
၂။ သတ္တန္တရကပ်။
ဒေါသတရားကြောင့်
လက်နက်ဘေးတွေသင့်ရခြင်း။
ရေဘေးဒဏ်တွေခံရခြင်း။
၃။ ရောဂန္တရကပ်။
မောဟတရားကြောင့်
အနာရောဂါထူပြောရခြင်းဘေး။
လေဘေးဒဏ်တွေခံရခြင်း။
ထိုသို့ ကပ်ဆိုက်ခြင်းကြောင့် အသက်ပေါင်းများစွာ နှင့်တကွ စည်းစိမ်အိုးအိမ် စသည့် ပေးဆပ်ခဲ့ရမှုများအတွက် ပြန်လည်ထူထောင်ရန်မှာ ခေတ်ဆိုးကြီးတွင် မလွယ်ကူလှပါ ။ ဤသို့ ဆုံးရှုံးမှုများအတွက် ဆုတောင်းလှူဒါန်းရန်မှလွဲ၍ မည်သူမျှ တားဆီးမပိတ်ပင်နိုင်ပေ ။ လူတို့၏ အကျင့်စာရိတ္တ ပျက်ပြားမှုသည် သဘာဝတရားကြီးဧ။် ဖောက်ပြန်မှု အပေါ်၌ များစွာ အကျိုးသက်ရောက်နေသည် ။ ခေတ်ကြီး၏ တိုးတက်မြန်ဆန်နေသည့်အလျောက် လူသားတို့သည်လည်း လောဘ ၊ ဒေါသ ၊ မောဟ စတဲ့ လိုချင်တပ်မက်မှုများ နှင့် သူ့ထက်ငါ အပြိုင်အဆိုင် သာလွန်ချင်တဲ့ မနာလိုစိတ်များ ဖြစ်ပေါ်ကာ မလိုအပ်ဘဲ ပူပန်သောကရောက်နေကြရရှာသည် ။ ထို့ကြောင့် လူ့သက်တမ်းသည်လည်း တဖြည်းဖြည်း တိုတောင်းလာသလို လောကကြီးသည်လည်း ဘေးဒုက္ခပေါင်းစုံဖြင့် ပျက်ပြားလာတော့သည် ။
အသက်ရှည်ကျန်းမာကြသော ရှေးခေတ်၏ လူသားတို့သည် ထိုကဲ့သို့ မဟုတ် ။ လိုချင်တပ်မက်မှုနှင့် ပြိုင်ဆိုင်မှုတို့ အလွန်နည်းကြ၏။ ခေတ်၏ တိုးတက်မှုနည်းသေးသည့်အလျောက် နေထိုင်မှုဘဝသည်လည်း လွယ်ကူရိုးရှင်းကာ ဘေးရန်ကင်းလှသည် ။ ယခုခေတ်ကဲ့သို့ မျိုးစုံသော လိုချင်တပ်မက်ဖွယ်ရာ ပစ္စည်းများ ၊ ဘေးအန္တရယ်ဖြစ်စေသည့် အစားအသောက်များမှာ ရှားပါးလှသလို ငါးပါးသီလကိုလည်း အသက်ထက်မြဲခဲ့ကြသည် ။ တစ်ဦးအပေါ်တစ်ဦးလည်း ဆွေးမျိုးရင်းချာကဲ့သို့ ယုံကြည်စောင့်ရှောက်ကြသည် ။ ထိုဓလေ့များကို ယခုခေတ်တွင် တောရွာများ၌သာ မြင်တွေ့ရပြီး မြို့ကြီးများတွင် မိမိတို့နေအိမ်မှ လွဲ၍ မည်သို့သော နေရာမျှ စိတ်ချလုံခြုံရန် မဖြစ်နိုင်တော့ပေ ။ အကျင့်ပျက်ပြားကာ သူတစ်ပါးပစ္စည်းကို ခိုးယူလုယက်မှုများ ၊ ကိုယ်ချင်းစာတရားကင်းမဲ့ကြသည့် လောဘသားတို့ကြောင့် စိုးရိမ်ကြောင့်ကြရသည့် ခေတ်ပျက်ကြီး ဖြစ်နေတော့သည် ။ခေတ်ပျက်ကြီးတွင် မိသားစုတိုင်းသည် လွယ်ကူအဆင်ပြေရန်မှာ ခက်ခဲလှ၍ လူအချင်းချင်းမေတ္တာစိတ်ထားရန်ထက် မိမိတို့စားဝတ်နေရေးအတွက် ဒုက္ခပေါင်းစုံကို ဖြေရှင်းနေရပြန်သည် ။ သို့ဖြစ်၍ မလုပ်သင့်သော အလုပ်များ မပြောသင့်သော စကားများကို ပြုမူပြောဆိုကာ စိတ်တို့သည်လည်း ညစ်ညမ်းကြကုန်၏ ။
မိမိတို့၏ မြင့်မြတ်စင်ကြယ်မှုသည် စိတ်၌သာ ဦးတည်နေ၏ ။ စိတ်သည် ထားတတ်လျှင် မြတ်၍ မထားတတ်ပါက ညစ်ညမ်းဆိုးရွားစွာ ကိစ္စတိုင်းအတွက် ထိခိုက်စေနိုင်ပါသည် ။ စိတ်ထားတတ်လျှင် ငါးပါးသီလမြဲပေမည် ။ သီလဆောက်တည်နိုင်ခြင်းသည် အငြိမ်းချမ်းဆုံး နှင့် တပ်မက်မှုလျော့နည်းကာ အေးချမ်းမှုကို ပေးစွမ်းနိုင်၏ ။ အယူအဆကွဲပြားမှုများနှင့် ကိုးကွယ်ရာသာဘာရေးတို့ ကွဲလွဲနေသော်လည်း တူညီခြင်းအရာတစ်ခုသည် ' ကောင်းတာ လုပ်လျှင် ကောင်းတယ် ဖြစ်မည် ၊ မကောင်းတာလုပ်လျှင် မကောင်းတာဖြစ်မည် ' ဟူ၍ ဖြစ်သည် ။ ထို့ကြောင့် စိတ်စင်ကြယ် နေခြင်းသည် သီလစောင့်ထိန်းပြီးဖြစ်သလို ကိုယ်တိုင်းလည်း စိတ်ငြိမ်အေးချမ်း၏ ။ သူတစ်ပါးတို့အပေါ်၌ မကောင်းသောစိတ်များ ထားခြင်းသည် မိမိကိုယ်တိုင် ဦးစွာပထမ ပူလောင်ရ၍ မိမိက မကောင်းသောစိတ်ထားမိသူသည် သီလသမာဓိနှင့် ပြည့်စုံသူဖြစ်နေလျှင် ထို မကောင်းသောအရာများသည် မိမိကို တန်ပြန်ထိခိုက်တတ်၏ ။
ဗုဒ္ဓဘုရားရှင်သည် " ငါဘုရားအား အားကိုးပြီး ကိုးကွယ်ခြင်းထက် ချမှတ်ထားခဲ့သော လမ်းစဉ်တို့ကိုသာ လိုက်နာကျင့်သုံးခြင်းက ပိုမိုမှန်ကန်သည် " ဟု မိန့်ကြားခဲ့လေသည် ။ သို့ဖြစ်၍ ဘုရားကယ်ရန် စောင့်ဆိုင်းနေမည့်အစား မိမိတို့ ပြုမူလုပ်ကိုင်နေသော နည်းနာကိစ္စတို့သည် မှန်ကန်မှု ရှိ မရှိ ပြန်လည်ဆန်းစစ်ကြည့်သင့်ပါသည် ။ စကြာဝဠာကြီးနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုရင် ပုထုဇဉ်ဟူသည် သေးငယ်လှစွာသော အမှုန်အမွှားလေး ပမာပင်ဖြစ်သည်ကို မာန်မာန အတ္တများ လွှမ်းခြုံလျက် ဂုဏ်စည်းစိမ်းတို့ကို မက်မောကာ 'ငါ' ဟူသော အစွဲဖြင့် ပူလောင်မွမ်းကြပ်နေကြသော ပုထုဇဥ်လူသားတို့အား လူဖြစ်ရှုံးသည်ဟု ပြောဆိုရပေမည် ။ ဒါ့အပြင် ရာထူးအာဏာတို့ကို မက်မောစိတ်ကြောင့် ကိုယ်ချင်းစာတရားကင်းမဲ့ကာ စိတ်ထားတို့သည်လည်း ကောင်းမွန်ရန် မဖြစ်နိုင်တော့ပေ ။
တပ်မက်ခြင်း ‘ရာဂ’၊ အမျက်ထွက်ခြင်း ‘ေဒါသ’၊ တွေဝေခြင်း ‘ေမာဟ’ စသည်တို့ကို လျော့နည်းေအာင် ဆောင်ရွက်၍ အကောင်းစိတ်ထားကာ မေတ္တာပွားနေခြင်းသည် အေးချမ်းရာ လောကနိဗ္ဗာန်ပင် ။ မမြဲခြင်းတရားကို လက်တွေ့ခံစားနေကြရသော ပုထုဇဉ်တို့သည် ခေတ်ပျက်ကြီးတွင် ပိုမိုမြန်ဆန်လွန်းလှသည် ။ နေ့မြင်ညပျောက် ကြောက်စရာလောကကြီးတွင် မေတ္တာစိတ်ထား၍ နောင်တကင်းကာ ကျော်ဖြတ်နေနိုင်ရမည့်အစား မလိုမုန်းတီး စိတ်ထားတို့ အဘယ်ကြောင့် ထားအံ့နည်း ။
ကပ်ကြီးသုံးပါးအား တားဆီးရန် မဖြစ်နိုင်သော်လည်း လောကနိယာမ များနှင့် လူ့ကျင့်ဝတ်များကိုသာ လိုက်နာကျင့်သုံးမည်ဆိုလျှင် လောကကြီးသည်လည်း သာယာကျန်းမာကာ ဘေးဥပါဒ်အန္တရယ်များမှလည်း ကင်းလွှတ်ပေလိမ့်မည်။ မိမိက စ တစ်ဦးတစ်ယောက်ချင်းဆီက လိုက်နာကျင့်သုံးကာ ပြုမူနေထိုင်မည်ဆိုလျှင် ကပ်ဘေးများသည် ဖြစ်ပေါ်လာနိုင်လိမ့်မည် မဟုတ်ပါ ။
ဘေးဆိုး ၊ ကပ်ဆိုးများမှ အသက်တစ်ချောင်းမကျန် လွတ်မြောက်စေရန်နှင့် အမိနိုင်ငံကြီးအား ကျန်းမာတိုးတက်ေစရန် ဆန္ဒပြု ဆုတောင်းလိုက်ပါရေစရှင် ။
Keep Reading